(က)-ပြစ်ချက်မှတ်တမ်း (မင်နီ/ မင်ပြာ) (၄) ခု အထက်ရှိသည့် ရဲတပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများကို ရာထူးအဆင့် တိုးမြှင့်ရေး စာမေးပွဲ ဖြေဆိုခွင့်ပြုရန် အစီအစဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၁.၁၀.၂၀၁၄)

ဦးခင်မောင်ညို (ပေါက်) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအပါအဝင် နိုင်ငံဝန်ထမ်းများကို အရေးယူခံခြင်းအမျိုးမျိုးထဲတွင် ပြစ်ချက် မှတ်တမ်းအဖြစ် မင်နီ/မင်ပြာများ ရေးသား၍လည်း သတိပေးကာ အပြစ်ပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့ အပြစ်ပေးရာတွင် မင်နီ/မင်ပြာ လေးခုအထက်ပိုသည့် ပြစ်ချက်မှတ်တမ်းဝင်သော ရဲတပ်ဖွဲ့ဝင်နှင့် ဝန်ထမ်း များအား ရာထူးတိုးစားပေးပွဲများကို အကန့် အသတ်မရှိ ဖြေဆိုခွင့်မပြုသည်အထိ အရေးယူဆောင်ရွက်ခဲ့မှု များစွာရှိကြောင်းကိုလည်း လေ့လာ တွေ့ရှိရပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လုပ်မှားကိုင်မှားရှိခဲ့မှုများ အပေါ် ပြစ်ချက်မှတ်တမ်းအဖြစ် မင်နီ/မင်ပြာ လေးခုထက်ပိုသူအား ရားထူးအဆင့်တိုးမြှင့်ရေး စာမေးပွဲများကို အကန့်အသတ်မရှိ ဖြေဆိုခွင့်မပြုခဲ့ သည့်အတွက် ၎င်းတို့အပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်ပြစ်ဒဏ်များမှာ အဆုံးအဆမရှိသလိုဖြစ် နေပြီး ထိုသူများနှင့် ၎င်းတို့အပေါ် မှီခိုနေရသည့်မိသားစုဝင်များပါ လွန်စွာနစ်နာနေကြရသည့်အတွက် အကျင့်စာရိတ္တနှင့်ပတ်သက်သည့် ပြစ်ချက်မှတ်တမ်းများအပ ကျန်လုပ်ငန် တာဝန် ထမ်းဆောင်ရာ၌ လုပ်မှားကိုင်မှားပြစ်ချက်စားရင်းဝင်များကို ပြစ်ချက်မှတ်တမ်းများမှ ပယ်ဖျက်၍ ရာထူးအဆင့်တိုးမြှင့်ခြင်း စားမေးပွဲများကို ဖြေဆိုခွင့်ပြုပေးသင့်ပါကြောင်း၊  ထို့သို့ပြုလုပ်ပေးမည်ဆိုပါက ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများဘဝများတွင် လုပ်ငန်းခွင်ပျော်ရွှင်မှုများကို များစွာရရှိစေပြီး ရာထူးတိုးမြှင့် နိုင်သေး သည်ဟူသော ဘဝမျှော်လင့်ချက်များလည်း ပေါ်ထွန်းလာမည်ဖြစ်သည့်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း  (က) ပြစ်ချက်မှတ်တမ်း မင်နီ/မင်ပြာ လေးခုထက်ပိုသည့် ရဲတပ်ဝင်နှင့် ဝန်ထမ်း များ မည်မျှရှိပါသနည်း။ (ခ)အကျင့်စာရိတ္တနှင့်ပတ်သက်သည့် ပြစ်ချက်မှတ်တမ်း ဟောင်းများမှ အပ ကျန်ပြစ်ချက်မှတ်တမ်း မင်နီ/မင်ပြာ လေးခုထက်ပိုသည့် ပြစ်ချက်မှတ်တမ်းဝင်များအား ပယ်ဖျက် ပေး၍ ရားထူးအဆင့်တိုးမြှင့်ရေး စာမေးပွဲဖြေဆိုခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့် အခါတွင် ဆောင်ရွက်ပေးမည်နည်း။ (ဂ) ပြစ်ချက်မှတ်တမ်းများမှ ပယ်ဖျက်မပေးနိုင်ပါက အဘယ် ကြောင့်ဖြစ်သည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ဝန်ထမ်းရေးရာကိစ္စများနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၉၀ မှာ နိုင်ငံ့ဝန်ထမ်းများခန့်အပ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အငြိမ်းစားယူခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း၊ အမှုထမ်းစည်းကမ်းသတ်မှတ်ခြင်းနှင့် အရေးယူခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟုလည်းကောင်း၊ ပုဒ်မ ၃၄၉ တွင် နိုင်ငံသားများသည် ပြည်သူ့ဝန်ထမ်းတာဝန် ထမ်းဆောင်မှု ဆောင်ရွက်ရာတွင် တူညီသောအခွင့်အလမ်းရရှိစေရမည်ဟု လည်းကောင်း ပြဋ္ဌာန်းထား ရှိထားသည့်အပြင် နိုင်ငံ့ဝန်ထမ်းများခန့်အပ်ခြင်း၊ လစာနှင့်စရိတ်များချီးမြှင့်ခြင်း၊ တာဝန်နှင့် အခွင့် အရေးများသတ်မှတ်ခြင်း၊ ချီးမြှင့်ခြင်း၊ လေ့ကျင့်ပညာပေးခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ စည်းကမ်း ထိန်းသိမ်းရေးပြစ်ဒဏ်ချမှတ်ခြင်းနှင့် အယူခံခြင်း၊ အငြိမ်းစားပေးခြင်း စသော စည်းကမ်းရေးရာကိစ္စ ရပ်တွေကို ဝန်ကြီးဌာနအသီးသီး တစ်ပြေးညီလိုက်နာဆောင်ရွက်နိုင်ရန်အတွက်ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅ နိုင်ငံဝန်ထမ်းဥပဒေကိုလည်း ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ ၇၆ ပုဒ်မခွဲ(က)နှင့်အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှာ အမိန့် ကြော်ငြာစာအမှတ်(၁၂/၂၀၁၄)ဖြင့် ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(င)အရ နိုင်ငံ ဝန်ထမ်းဟူသော စကားရပ်တွင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မပါဝင်ရဟု ဖော်ပြထားရှိပါကြောင်း။  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဝန်ထမ်းရေးရာကိစ္စများ ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲစည်ကမ်းထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေနှင့် ရဲလက်စွဲပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၂ မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ထူးခြားသော လုပ်ငန်း သဘာဝအရ သီးခြားဥပဒေပြဋ္ဌာန်းဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားရှိတဲ့အတွက် ယခုအခါတွင် သီးခြားဥပဒေတစ်ရပ်လည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ပျက်ကွက်မှု၊ စည်းကမ်းဖောက်ဖျက်မှုများနှင့်ပတ်သက်လို့ ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေများအရ လိုက်နာ ဆောင်ရွက်ရပါကြောင်း၊ အဆိုပါဥပဒေများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ကျူးလွန်သောပြစ်မှုများကို အရေးယူရန် စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်းစစ်ဆေးခြင်း၊ သက်သေခံအကျဉ်းချုပ်ရေးမှတ်ယူခြင်းတို့ ဖြင့် ဦးစွာစစ်ဆေးဆောင်ရွက်ရပါကြောင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံး၏ စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံအကျဉ်းချုပ်ရေးမှတ်ယူပြီးနောက် ကျူးလွန် သော ပြစ်မှုအခြေအနေအလိုက် အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်ခြင်းနှင့် ရဲတရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းတို့အရ ပြစ်ဒဏ်များကို ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေတို့အရ အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်ခြင်းအရသော်လည်းကောင်း၊ ရဲတရားရုံးဖြင့် စစ်ဆေး စီရင်ခြင်းအရ သော်လည်းကောင်း၊ ချမှတ်သည့် ပြစ်ဒဏ်များနှင့်ပတ်သက်၍ ပြစ်ချက်အတိမ်အနက် အပေါ်မူတည်ပြီး မင်နီ/မင်ပြာ ပြစ်ချက် များသတ်မှတ်ရန် ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် ၁၀း၀၀ နာရီအချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်နယ်နှင့်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများ၊ ကျောင်းအုပ်ကြီး များ ပါဝင်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိဝန်ထမ်းရေးရာ အကြံပေးအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၄/၉၈)မှာ အတည်ပြုဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်းတွင် ရဲတပ်ဖွဲ့ များ၏ ပြစ်ဒဏ်များကို အနီစက်/အပြာစက်များသတ်မှတ်ပြီး မှတ်တမ်းရေးသွင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

ရာထူးတိုးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်လို့ ၂၀၀၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌဦနချုပ်က ပြင်ဆင်ရေးဆွဲထုတ်ပြန်ခဲ့သော ရဲလက်စွဲ(ပထမတွဲ) အခန်း ၄ ရာထူးခန့်ထားခြင်း အခန်း ကဏ္ဍ၌ ပြဋ္ဌာန် းထားရှိပြီး ရဲတပ်သားအဆင့်မှ ရဲချုပ်အဆင့်အထိ ရားထူးခန့်ထားခြင်းဆိုင်ရာ အရည်အချင်းသတ်မှတ် ချက်များနှင့် ပြစ်ချက်မှတ်တမ်းဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ထည့်သွင်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊ ဒုတိယရဲမှူးအဆင့်မှ ရဲမှူးအဆင့်သို့ ရာထူးတိုးမြှင့်ပေးရေးအတွက်ကို ပြစ်ဒဏ်သတ်မှတ်ချက်မှာ မင်နီ သတ်မှတ်ခြင်းခံရတဲ့ ပြစ်မှုသုံးမှုထက် ကျော်လွန်ခြင်းမရှိသူများဟု ကန့်သတ်ဖော်ပြထားကြောင်း တွေ့ရှိရပြီး ကျန်အဆင့်များကိုတော့ ရာထူးတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ မင်နီပြစ်ချက်ကန့်သတ်ထားခြင်းမရှိကြောင်း တွေ့ရှိရပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ချမှတ်သောပြစ်ဒဏ်များအနက် ခုနစ်မျိုး ကို အနီစက် ပြစ်ဒဏ်အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးများမှ အပြစ်ဖော်ပြ မှတ်တမ်းဝင် သတိပေးခြင်းများကို အပြာစက်ပြစ်ဒဏ်အဖြစ်လည်းကောင်း တစ်ပြေးညီသတ်မှတ် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားချက်ထုတ်ပြန်ပြီးတော့ ဆောင်ရွက်လျက်ရှိ ပါကြောင်း၊  အနီစက်ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားသောပြစ်ဒဏ် ခုနစ်မျိုးကို ဖော်ပြရမည်ဆိုပါက လစာနှုန်းထားအတွင်း လစာလျှော့ချခြင်း၊ ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊ နှစ်တိုးလစာရပ်ဆိုင်းခြင်း၊ ပြင်းထန်စွာပြစ်တင် ရှုံ့ချခြင်း၊ လစာမှပေးလျော်စေခြင်း၊ အငြိမ်းစားလစာအတွက် ရမှုထမ်းသက်လျှော့ချခြင်း၊ ရာထူးအဆင့် လျှော့ချခြင်း တို့ပဲဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်များကို အရေးယူအပြစ်ပေးသော ပြစ်ချက်များအတွက် မင်နီပြစ် ချက်၊ မင်ပြာပြစ်ချက်ဆိုပြီး သတ်မှတ်ရာတွင် အခြားအဆင့်တပ်ဖွဲ့ဝင်များကို သတ်မှတ်ထားခြင်းမရှိဘဲ ဒုတိယရဲအုပ်မှ အထက်အဆင့် တပ်ဖွဲ့ဝင်များကိုသာ သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း၊ ရာထူးအဆင့် တိုးမြှင့်ရေးစာမေးပွဲ ဖြေဆိုခွင့် မပြုသည့် သတ်မှတ်ချက်မှာ မင်နီနှင့် မင်ပြာနှစ်ခုပေါင်း လေးခုနှင့် အထက်ဟု သတ်မှတ်ထားခြင်း မဟုတ်ဘဲ မင်နီပြစ်ချက်ချည်း ငါးခုနှင့်အထက်ကိုသာ သတ်မှတ်ထား ခြင်းဖြစ်ပြီး မင်ပြာပြစ်ချက်များမှာ ရာထူးအဆင့်တိုးမြှင့်ရေးအတွက်ကို စာမေးပွဲဖြေဆိုခွင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရာထူးအဆင်‌့ တိုးမြှင့်ရေး စာမေးပွဲဖြေဆိုခွင့်မရှိသော မင်နီပြစ်ချက် ငါးခုနှင့် အထက်ရှိ ရဲတပ်ဖွဲ့ဝင်များကတော့ ၂၀၁၄ ခု၊ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ရဲမှူး ၇ ဦး၊ ဒုတိယ ရဲမှူး ၂၅ ဦး၊ ရဲအုပ် ၆၇ ဦး၊ ဒုတိယရဲအုပ် ၈၈ ဦး စုစုပေါင်း ၁၈၇ ဦး ရှိပါကြောင်း၊ မင်ပြာငါးခုနှင့်အထက် ရှိ တပ်ဖွဲ့ဝင်များသည် ရဲမှူးကြီး ၁ ဦး၊ ဒုတိယရဲမှူးကြီး ၄ ဦး၊ ရဲမှူး ၄၂ ဦး၊ ဒုတိယ ရဲမှူး ၆၅ ဦး၊ ရဲအုပ် ၃၂ ဦး၊ ဒုတိယရဲအုပ် ၁၄ ဦး စုစုပေါင်း ၁၅၈ ဦးရှိပါကြောင်း၊ မင်နီပြစ်ချက် ငါးခုနှင့်အထက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ရားထူးတိုးမြှင့်ရေး စာမေးပွဲဖြေဆိုခွင့် မပြုရန် သတ်မှတ်ထားသော်လည်း မှုခင်းဖော်ထုတ်မှု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် ရဲလုပ်ငန်း များ ‌ဆောင်ရွက်ချက်ကောင်းမွန်သော တပ်ဖွဲ့ဝင်များကို ဝန်ထမ်းရေးရာအဖွဲ့မှ အစည်းအဝေးဖြင့်ဆုံးဖြတ်ပြီး မင်နီအရေအတွက်ကို ချွင်းချက် ဖြင့်ထားရှိကာ ရာထူးအဆင့်တိုးမြှင့်ရေး၊ ဂုဏ်ပြုချီးမြှင့်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ မင်နီ/မင်ပြာပြစ်ချက်ရှိ ရဲတပ်ဖွဲ့ဝင်များကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ရာထူးတိုးမြှင့်ချီးမြှင့်သော တပ်ဖွဲ့ဝင်များမှာ ဒုတိယရဲမှူး အဆင့်မှ ရဲမှူး အဆင့်သို့ ၂ ဦး၊ ရဲအုပ်အဆင့်မှ ဒုတိယ ရဲမှူး အဆင့်သို့ ၁၉ ဦး၊ ဒုတိယရဲအုပ်အဆင့်မှ ရဲမှူး အဆင့်သို့ ၃၂ ဦး စုစုပေါင်းအရာရှိ ၅၃ ဦးရှိသည့်အပြင် စွမ်းဆောင်ရည် ကောင်းမွန်သော အခြားအဆင့်တပ်ဖွဲ့ဝင် ၁၇၄ ဦးကိုလည်း ပြစ်ချက်မှတ်တမ်းများ ခြွင်းချက်ထားရှိပြီး ရာထူးတိုးမြှင့်ခြင်း များပေးခဲ့သည့်အတွက် ပစ်ချက်မှတ်တပ်ရှိသော တပ်ဖွဲ့ဝင်စုစုပေါင်း ၂၂၇ ဦးကို ရာထူးတိုးမြှင့်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

ဝန်ကြီးဌာနအသီးသီးရှိ နိုင်ငံဝန်ထမ်းများကို အရေးယူအပြစ်ပေးခြင်းနှင့်ပတ်သက်၍ နိုင်ငံ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနများနှင့် အညီ လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ပြစ်ချက် မှတ်တမ်းများကို မင်နီ/မင်ပြာသတ်မှတ်ပြီး ရာထူးအဆင့်တိုးမြှင့်ရေးစာမေးပွဲ ဖြေဆိုခွင့်မပြုသော ကန့်သတ်ချက်၊ ဆောင်ရွက်ချက်မျိုးမရှိသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စည်းကမ်းထိန်း တာဝန်များကို ထမ်းဆောင်ရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုတည်းတွင်သာ ပြစ်ဒဏ် အတိမ်အနက်ပေါ် မူတည်ပြီး မင်နီ/မင်ပြာသတ်မှတ်ချက်များ သတ်မှတ်ထားရှိခြင်းဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရာထူးတိုးမြှင့်ရေးစာမေးပွဲ ဖြေဆိုခွင်‌့မရှိသော မင်နီပြစ်ချက် ငါးခုနှင့် အထက် ရတပ်ဖွဲ့ဝင်များသည် ဒုတိယရဲအုပ်အဆင့် ရဲမှူးအဆင့်အထိ ၁၈၇ ဦးရှိပြီး မင်ပြာ ငါးခုနှင့် အထက်ရှိသည့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၈ ဦးရှိပါကြောင်း၊ ၎င်းအရာရှိများကို မင်နီ/မင်ပြာပြစ်ချက် မှတ်တမ်းများ ပယ်ဖျက်၍ ရာထူးအဆင့်တိုးမြှင့်ရေးစာမေးပွဲဖြေဆိုခွင့်ပြုရန် အစီအစဉ်မရှိပါကြောင်း နှင့် အကျင့်စာရိတ္တနှင့်ပတ်သက်သော ပြစ်ချက်မှတ်တမ်းဟောင်းများမှအပ မင်နီ/မင်ပြာ လေးခု အထက်ပိုသော ပြစ်ချက်မှတ်တမ်းများရှိသော်လည်း မှုခင်းဖော်ထုတ်ခြင်း၊ ပြည်သူ့အကျိုးပြုဆောင်ရွက် ခြင်း၊ ရဲလုပ်ငန်း ကျွမ်းကျင်မှု ရှိခြင်း၊ လုပ်ငန်းတာဝန်ထူးချွန်ခြင်း စသော ထူးချွန်တပ်ဖွဲ့ဝင်များကို ပြစ်ချက် မှတ်တမ်းများ ခြွင်းချက်ထားရှိကာ ရာထူးတိုးမြှင့်ရေး ဝန်ထမ်းရေးရာအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် မိမိတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းမရှိဘဲ တာဝန်ပေါ့ လျော့မှု၊ တာဝန် ပျက်ကွက်မှု၊ ကျူးလွန်တဲ့တပ်ဖွဲ့ဝင်များကိုသာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေ၊ နည်းဥပဒေတို့အရသာ အပြစ်ပေးခြင်းဖြစ်ပါကြောင်းနှင့်  ယင်းသို့အပြစ်ပေးခြင်းခံရတဲ့ အကျိုးသက်ရောက်မှုကို အခြားတပ်ဖွဲ့ဝင်များမှ သင်ခန်းစာယူ၍ တာဝန်ပေါ့လျော့မှု၊ တာဝန် ပျက်ကွက်မှုများမဖြစ်ပွားအောင် ကိုယ်စီထိန်းသိမ်းပြီး မိမိတာဝန်ကိုကျေပွန်အောင် ကြိုးပမ်းထမ်း ဆောင်လိုစိတ်ရှိမှသာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်နှင့် လုပ်ငန်းတာဝန်များကို အောင်မြင် စွာထမ်းဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်ပြီး ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် မင်နီ/မင်ပြာသတ်မှတ်ခက်များကို ပယ်ဖျက်ပေးရန် အစီအစဉ်မရှိပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။