(ဃ)-တောင်သူလယ်သမားများစိုက်ပျိုးရေးစရိတ် အတွက် ထုတ်ချေးသည့် ချေးငွေနှင့် စပ်လျဉ်း၍ လာမည့်နှစ်များတွင် ချေးငွေစနစ်အား ပြောင်းလဲ ကျင့်သုံးမည့်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၂.၁၀.၂၀၁၄)

ဦးသိန်းထွန်း (ကျောင်းကုန်း)နိုင်ငံတော်မှ တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ် ချေးငွေ အဖြစ် ခေတ်အဆက်ဆက်က ထုတ်ပေးလျက်ရှိရာ ယခုအခါမှာ တစ်ဧက ကျပ် တစ်သိန်းနှုန်းအထိ တိုးမြှင့်ချေးပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရာသီအမီ မိုး၊ ဆောင်းချေးခြင်းတို့ကို ၅ ဦးတစ်စု၊ ၁၀ ဦးတစ်စု ဝိုင်းကြီးချုပ်စနစ်ဖြင့် ထုတ်ချေးပြီး အဖွဲ့အလိုက်တာဝန်ခံထုတ်ယူကြရာ ပြန်ဆပ်သည့်ကာလ၌ အဖွဲ့တွင် ၁ ဦး၊၂ ဦး ငွေမပေးဆပ်နိုင်၍ အဖွဲ့လိုက်ငွေထုတ်မရသည့် အနေအထားရှိကြပါကြောင်း၊  အစု အဖွဲ့များတွင်လည်း စိတ်တူ ကိုယ်တူ ဖွဲ့ထားခြင်း မဟုတ်ပဲ သင့်တော်သလို အဆင်ပြေအောင်ဖွဲ့ထားခြင်းဖြစ်ပြီး တာဝန်ယူမှုမရှိကြသည့် အတွက် ငွေကြေးများပြန်လည်ပေးဆပ်ရာတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်စေခဲ့ပါကြောင်၊ ယခုနှစ်ရာသီမှာ နိုင်ငံတော်မှ မေလတွင် တောင်သူများ အားငွေချေးပေးရန်စီစဉ်ခဲ့သော်လည်း ဇွန်လနောက်ဆုံးပတ်မှစတင်ငွေချေးခဲ့ခြင်း၊ စက်တင်ဘာလကုန် အထိ ငွေထုတ်ပေးခြင်း၊မပြီးပြတ်ခြင်းတို့တွေ့ရှိရသည်ဖြစ်ရာ ဤကဲ့သို့ ကြန့်ကြာမှု များကြောင့် တောင်သူလယ်သမားများတွင် နစ်နာမှုများ များစွာရှိနေကြပါကြောင်း၊

ယခုအချိန်မှာ လယ်ယာမြေများ မှတ်ပုံတင်ခြင်းလုပ်ငန်းမှာလည်းပြီးစီးလောက်ပြီဖြစ်၍ သင့်တော်သော အရင်းအနှီးရရှိရေးအတွက် နှစ်ပေါက်၊ နှစ်တိုနှင့် နှစ်ရှည်ချေးငွေများကို သင့်တော် သောနည်းလမ်းဖြင့် ချေးပေးပါက တောင်သူလယ်သမားများအတွက် ပိုမိုအဆင်ပြေစေမှာဖြစ်ပါသောကြောင့် သို့ဖြစ်ပါ၍ နိုင်ငံတော်မှ တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်အတွက် ထုတ်ချေးသည့်ချေးငွေများ ကိုလာမယ့်နှစ်များမှာ ချေးငွေစနစ်အား ပြောင်းလဲကျင့်သုံးမည့်အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ချေးရာတွင် မိမိတို့၏ဆန္ဒ အလျောက် စုဖွဲ့ထားသော အစုအဖွဲ့များဖြင့် ချေးငွေထုတ်ချေးရန်ဖြစ်ပြီး ချေးငွေပြေကျေရန်အတွက် ကိုယ်စီကိုယ်ငှဖြစ်စေ၊ တွဲဖက်၍ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ တာဝန်ယူရမည်ဟု အတိအလင်း ပြဋ္ဌာန်းသတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ အစုအဖွဲ့ဖွဲ့စည်းရန်အတွက် ၎င်းတောင်သူလယ်သမားများ၏ ဆန္ဒနှင့်စိစစ်ထောက်ခံသူ ကျေးရွာ/ရပ်ကွက် ကျေးရွာအုပ်စု ချေးငွေစိစစ်ရေးအဖွဲ့များမှ တင်ပြသည့် အစုအဖွဲ့များကို ဘဏ်မှ အတည်ပြုပေးခြင်း သာဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာ့စီးပွားရေးဘဏ်ထံမှတစ်ဆင့် ငွေချေးယူရပြီး ချေးငွေရရှိသည်နှင့် ရရှိငွေပေါ်မှာမူတည်၍ မြို့နယ်ဘဏ်ခွဲ အလိုက် ရန်ပုံငွေများခွဲဝေပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲများသို့ ငွေထုတ်ကန့်သတ်ချက် အကြောင်းကြားစာပေးပို့ရန်ကိစ္စများ၊ ချေးငွေညွှန်ကြားစာ ဖြန့်ဝေခြင်းများကို အမြန်ဆောင်ရွက်ပါ ကြောင်း၊

ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ၃၀-၅-၂၀၁၄ (သောကြာနေ့) တွင် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေ ရရှိခဲ့ပြီး၂-၆-၂၀၁၄(တနင်္သာနေ့)တွင် မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများကို ရန်ပုံငွေများပေးပို့ခြင်း၊ ငွေထုတ်ကန့်သတ်ချက်အကြောင်းကြားစာများ ပေးပို့ခြင်းစသည်ဖြင့်ဆောင်ရွင်ခဲ့ရာမှာ ဇွန်လ ၄ ရက်နေ့တွင် မြို့နယ်ဘဏ်ခွဲများမှ ငွေစတင်ထုတ်ချေး နိုင်ခဲ့ပါကြောင်း၊ ၅ ရက်အတွင်း စတင်ငွေချေးနိုင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊

ယခင်နှစ်များက ချေးငွေကာလကို ဧပြီလမှ သြဂုတ်လအထိ သတ်မှတ်ခဲ့သော်လည်းပဲ ၂၀၁၃ ခုနှစ်မှစတင်၍ တောင်သူလယ်သမားများက ချေးငွေအချိန်မီပေးဆပ်မှု အခက်အခဲရှိသဖြင့် ကြွေးဟောင်းပေးဆပ်လာချိန်တွင် ကြွေးသစ်ပြန်လည်ထုတ်ချေးပေးနိုင်စေရန်နှင့် စောင့်ဆိုင်းချေးပေး နိုင်ရန်အတွက် ငွေချေးကာလကို စက်တင်ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ချေးငွေပေးဆပ်မှုအခြေအနေကို တင်ပြရ မည်ဆိုပါက ဧရာဝတီတိုင်းဟာ ပေးဆပ်ရန်အချိန်စေ့ ရောက်ပြီး ကြွေးကျန်အနေဖြင့် ၂-၁၀-၂၀၁၄ ရက် နေ့စာရင်းအရ ၂၀၁၂ ခုနှစ်၊ မိုးရာသီနှင့်ဆောင်း ရာသီနှင့် ၂၀၁၃ ခုနှစ်၊ မိုးနှင့်ဆောင်းရာသီ ကြွေးကျန်စုစုပေါင်း  ၇.၃၅၄ ဘီလီယံကျန်ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ မိုးရာသီချေးငွေတွင် လပွတ္တာ၊ မအူပင်၊ ၂၀၁၁ ခုနှစ်၊ ဆောင်းရာသီတွင် ကန်ကြီးထောင့်၊ လပွတ္တာ၊ မအူပင်၊ ဘိုကလေးနှင့် ၂၀၁၂ ခုနှစ်၊ မိုးရာသီရေကြီး နစ်မြှုပ်ချေးငွေမှာ ရေကြည်၊ ကျောင်းကုန်း၊ ပုသိမ် ပေးဆပ်ရန်ကျန်ရှိနေသေးကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်ပိုင်ရင်းနှီးငွေမရှိဘဲ မြန်မာ့စီးပွားရေးဘဏ်မှ နှစ်အလိုက်ချေးငွေရယူပြီး တောင်သူ လယ်သမားများသို့ ထုတ်ချေးပေးရခြင်း၊ နှစ်ချင်းပြန်လည် ပေးဆပ်ရခြင်းတို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်မှ အဆိုပြုထားသော နှစ်ပေါက်၊ နှစ်တို၊ နှစ်ရှည် ချေးငွေများထုတ်ချေးပေး သည့်စနစ်မျိုး ပြောင်းလဲဆောင်ရွက်ရန် လောလောဆယ်အစီအစဉ်မရှိသေးပါကြောင်း၊ ပြည်သူ့ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားသော တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ အခန်း ၅၊ ပုဒ်မ ၁၃ အရ ဦးဆောင်အဖွဲ့သည် နှစ်တို၊ နှစ်ရှည် ချေးငွေများကို ပြည်ထောင်စု ရန်ပုံငွေအတွင်းရရှိအောင် ဘတ်ဂျက်တောင်းခံ၍ ပြည်ထောင်စု လွှတ်တော်၏ခွင့်ပြုချက်ဖြင့် ရယူဆောင်ရွက်ရ မည်ဟု ပြဋ္ဌာန်းထားပါကြောင်းရှင်းလင်း ဖြေကြားပါသည်။

ဦးသိန်းထွန်း(ကျောင်းကုန်း) မှ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ရည်ရွယ်ချက်သည် လိုအပ်သောချေးငွေများကို လွယ်ကူရှင်းလင်းသော နည်းလမ်းဖြင့်ထုတ်ပေးရန်နှင့် နောက် ဦးတည်ချက်တစ်ခုသည် ချေးငွေ လုံလောက်စွာ ရရှိရပြီးတော့ ချေးငွေကိုအချိန်မီရရှိရကာ ကြွေးမြီကင်းရှင်းသော လယ်သမားဘဝ ထူထောင်နိုင်ရန် ရည်ရွယ်ချက်တွေ၊ ဦးတည်ချက်များဖြင့် ဆောင်ရွက် ထားပါကြောင်း၊ ယခု ချေးယူသည့်စနစ်သည်  တောင်သူလယ်သမားအတွက် စိတ်တူကိုယ်တူလုပ်ရသည်မှာ ခဲယဉ်းပါကြောင်းနှင့် စီမံခန့်ခွဲမှုအရသာ  ဖွဲ့စည်းထားရခြင်းဖြစ်သလို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် သက်ဆိုင်ရာ နယ်မြေတာဝန်ခံ၊ မြေစာရင်း၏ ထောက်ခံချက်၊ သက်ဆိုင်ရာစိုက်ပျိုးရေးဌာန၏ ထောက်ခံချက်များ ဆောင်ရွက်ပြီး ငွေချေးယူရသည့် စနစ်ဖြစ်ပါကြောင်း၊

ယခု ထုတ်ချေးသည့်စနစ်က တောင်သူလယ်သမားများအတွက် ကျန်နေသော ကြွေးများကြောင့် ငွေကြေးထုတ်ချေးရာတွင် အခက်အခဲတွေ့ကြုံနေရပါကြောင်း၊ ကျောင်းကုန်းမြို့နယ်အနေနှင့်ဆိုပါက တင်ပြရမည်ဆိုရင် ၂၀၁၃-၂၀၁၄ တွင် ကျေးရွာအုပ်စု ၆၈ အုပ်စုအနက်၂၅ အုပ်စုက ကျန်ပြီး ၃၄၂ ဦးကျန်နေပါကြောင်း၊ ယခု ချေးငွေစနစ်ကို ဆက်သွားမည်ဆိုပါက ကြွေးကျေပြီးသား တောင်သူ လယ်သမားများအတွက် အင်မတန်နစ်နာခြင်းကြောင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ဆောင်ရွက်ရန်  မရှိသေးပါက ချေးငွေစနစ်ကို တောင်သူလယ်သမားများအတွက် မြန်မာ့စိုက်ပျိုးရေးဘဏ်၏ လိုအပ်သောချေးငွေကို လွယ်ကူရှင်းလင်းသောနည်းလမ်းများဖြင့် ထုတ်ပေး နိုင်ရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းအပ်ပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မှ ဦးသိန်းထွန်း(ကျောင်းကုန်း)၏ ဆက်စပ်မေးခွန်းကို သုံးသပ်ပြောကြားရာတွင်

 ယခုကိစ္စသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြေတာ လုံလောက်မည်ဟု မယူဆပါကြောင်း။ ယင်းကိစ္စရပ်များသည် ကျောင်းကုန်းမြို့နယ်တင်သာမက မြန်မာပြည် အနှံ့အပြားတွင် ဖြစ်ပေါ်နေသော ကိစ္စများဖြစ်ခြင်းကြောင့် အလေးအနက်ထား စဉ်းစားရမယ့် ကိစ္စဖြစ်ပါကြောင်း၊  အမှန်တကယ်လိုအပ်မည်ဆိုပါက တောင်သူလယ်သမားများအတွက် အဆိုတစ်ခု လိုကောင်းလိုမယ်လို့ ယူဆပါ ကြောင်း၊ ထိုနည်းတူ တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် တောင်သူလယ်သမားအကျိုးစီးပွာ းမြှင့်တင်ရေးဥပဒေက ပေါ်ပေါက်လာမယ့်နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအပိုင်းကိုလည်း ထိထိရောက် ရောက်မြန်မြန်ဆန်ဆန် လုပ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင် အခြားတောင်သူလယ် သမားများကိုထိခိုက်စေသော ကိစ္စများဖြစ်သည်ဆိုပါက ချေးငွေအပိုင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းအပိုင်း Regulation အပိုင်းတွေလည်းတစ်ခါတည်းပြင်ဆင်သွားရမယ့် အနေအထား ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ကိစ္စပြီးမြောက်အောင်မြင်အောင် လွှတ်တော်တွင် ဖွဲ့စည်းထားသော တောင်သူလယ်သမား အလုပ်သမားမြှင့်တင်ရေးကော်မတီနှင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးရေလုပ်ငန်း တိုးတက်မြင့်မားရေးကော် မတီတို့က သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရမယ့် အနေအထားရှိပါကြောင်း၊

အချုပ်အားဖြင့် ပြောရမည်ဆိုပါက  မေးခွန်းနှင့် လုံလောက်ခြင်းမရှိပါကြောင်း၊  ယခုစနစ်အတိုင်း ဆက်သွားမည်ဆိုပါက လယ်သမား အများစုနစ်နာနေမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်နှင့်  တင်ပြသော လွှတ်တော်ကိုယ်စားလှယ်များတွင် တာဝန်ရှိသည့်အတွက် မှန်ကန်သောတင်ပြချက်နှင့် မှန်ကန်သော လုပ်ဆောင်ချက်များဖြစ်အောင် လွှတ်တော်ကဘဲ ဆက်လက်ပြီး တာဝန်ယူဆောင် ရွက်မည်ဖြစ်ပါကြောင်း မိမိအနေဖြင့် ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကိုယ်စား ယခုကဲ့သို့ ပြန်လည်ဖြေကြားလိုပါကြောင်းဖြင့် သုံးသပ်ပြောကြားခဲ့ပါသည်။