ပင်လုံစာချုပ်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖြစ်သည်လာရေးအတွက် ကနဦးအစဖြစ်သည့်အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပါ အစပျိုးခဲ့သောစာချုပ်ဖြစ်ကြောင်း၊ မြန်မာ့ သမိုင်းတွင် ပင်လုံစာချုပ်သည် အရေးကြီး သော၊ အရေးပါသော မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်နယ်ပြည်မပေါင်းစည်းရေးအတွက် အကောင်အထည်ဖော်ပေးခဲ့သော သမိုင်းဝင်စာချုပ်ဖြစ်ပါကြောင်း၊ ဤမျှအရေးကြီးသော ပင်လုံစာချုပ်ကို မျိုးဆက်သစ်လူငယ်များအတွက် အမှန် သိစေရန်နှင့် တိုင်းရင်းသားအားလုံးတို့သည် အတူတကွ လွတ်လပ်ရေးကို ရယူခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ချစ်ကြည် လေးစားမှု၊ အပြန်အလှန် သက်ဝင်ယုံကြည်မှု ထာဝရရှင်သန်ရန်ကို ရည်ရွယ်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့လွတ်လပ်ရေးကို ဦးတည် ပေးခဲ့သော ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်ကြီးများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်လက်မှတ်ရေးထိုးသူရှိသော ရာထူး၊ တာဝန်အများအပြင် ထိုပုဂ္ဂိုလ်များသည် မည်သည့် တိုင်းရင်းသားများဖြစ်ကြောင်းကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။

ပင်လုံ စာချုပ်ကို တောင်တန်းမြေပြန့်ခွဲခြားမှုမရသော မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်ရေးရရှိ ရေး အတွက် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တိုင်းရင်းသားကိုယ်စားလှယ်ကြီးများသည် တိုင်းရင်းသားလူမျိုးများ အားလုံး သွေးစည်းညီညွတ်ခြင်း အထိမ်းအမှတ်အဖြစ်ဖြင့် ချုပ်ဆိုခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပါကြောင်၊ မြန်မာ့လွတ်လပ်ရေးကို ဦးတည်ပေးခဲ့သော ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေး ထိုးကြသော ခေါင်းဆောင်များ ၂၃ ယောက်ရှိပါကြောင်း၊ ၎င်းတို့မှာ -
(၁) ဗိုလ်ချုပ်အောင်ဆန်း၊
(၂) စဝ်ရွှေထိုက်(ညောင်ရွှေစော်ဘွား)၊
(၃) စဝ်ကွန်ဗန်းစိန်(တောင်ပိုင်စော်ဘွား)၊
(၄) စဝ်ဟုံဖ (ရှမ်းလူမျိုး သိန္နီစော်ဘွား)၊ ဥက္ကဋ္ဌ (တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီး အမှုဆောင်ကော်မတီ)နှင့် အမှုဆောင်အဖွဲ့ဝင် (ရှမ်းပြည်ကောင်စီ)
(၅) စဝ်နွံ (ရှမ်းလူမျိုး လဲချားစော်ဘွား) ၊ အဖွဲ့ဝင် (ရှမ်းပြည် စဝ်ဖလုံများကောင်စီ)
(၆) စဝ်စံထွန်း (ရှမ်းလူမျိုး မိုင်းပွန်စော်ဘွားကြီး)၊ အမှုဆောင်အဖွဲ့ဝင် (ရှမ်းပြည်နယ် စဝ်ဖလုံများကောင်စီ)နှင့် အမှုဆောင်အဖွဲ့ဝင် (ရှမ်းပြည်နယ်ကောင်စီ)၊ အဖွဲ့ဝင် (တောင်တန်းသားများ စည်းလုံးညီညွတ်ရေး အမှုဆောင်ကော်မတီ )
(၇) စဝ်ထွန်းဧ (ဓနုလူမျိုး သာမိုင်းခမ်းစော်ဘွား)၊ အမှုဆောင် အဖွဲ့ဝင် (ရှမ်းပြည် စဝ်ဖလုံများကောင်စီ)နှင့် အမှုဆောင်အဖွဲ့ဝင် (ရှမ်းပြည် ကောင်စီ)
(၈) ဦးဖြူ ပအို့ဝ်လူမျိုး (သထုံဆီဆိုင်စော်ဘွားကိုယ်စားလှယ်)
(၉) ဦးဟောဝါးဒူဝါအမ်ခွန်ဖုန်း (ကချင်လူမျိုး) အမှုဆောင်အဖွဲ့ဝင် (ရှမ်းပြည် ကောင်စီ)
(၁၀) ဦးတင်ဧ အမှုဆောင်အဖွဲ့ဝင် (ရှမ်းပြည် ကောင်စီ)
(၁၁) ဦးကြာပု (ရှမ်းလူမျိုး)၊ အမှုဆောင်အဖွဲ့ဝင် (ရှမ်းပြည် ကောင်စီ)၊ အဖွဲ့ဝင် (တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအမှုဆောင်ကော်မတီ)
(၁၂) စဝ်ယိပ်ဖ (ရှမ်းလူမျိုး)၊ အမှုဆောင်အဖွဲ့ဝင် (ရှမ်းပြည် ကောင်စီ)၊ (သိန္နီလူထုကိုယ်စားလှယ်)
(၁၃) လင်းခေး ဦးထွန်းမြင့် (ရှမ်းလူမျိုး)၊ အမှုဆောင်အဖွဲ့ဝင် (ရှမ်းပြည် ကောင်စီ)၊ အဖွဲ့ဝင် (တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအမှုဆောင်ကော်မတီ)
(၁၄) ဦးခွန်စော (ဓနုလူမျိုး၊ ပင်းတယ)၊ အမှုဆောင်အဖွဲ့ဝင် (ရှမ်းပြည် ကောင်စီ)
(၁၅) ဦးခွန်ထီး (ရှမ်းလူမျိုး)၊ ပင်လုံညီလာခံ (ရှမ်းလူထုကိုယ်စားလှယ်)၊ အမှုဆောင်အဖွဲ့ဝင် (ရှမ်းပြည် ကောင်စီ)
(၁၆) ဆမားဒူးဝါဆင်ဝါးနောင် (ကချင်လူမျိုး) ပင်လုံညီလာခံကိုယ်စားလှယ် (မြစ်ကြီးနားခရိုင်)၊ ဒုတိယဥက္ကဋ္ဌ (တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအမှုဆောင်ကော်မတီ)
(၁၇) ဒူးဝါးဇော်ရစ် (ကချင်လူမျိုး) ပင်လုံညီလာခံကိုယ်စားလှယ် (မြစ်ကြီးနားခရိုင်)၊ အဖွဲ့ဝင် (တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီး အမှုဆောင်ကော်မတီ) အဖွဲ့ဝင်) တာဝန် ယူနေပါတယ်။ (၁၈) ဦးဒိန်ရတန် (ကချင်လူမျိုး) ပင်လုံညီလာခံကိုယ်စားလှယ် (မြစ်ကြီးနားခရိုင်)၊ အဖွဲ့ဝင် (တောင်တန်း သားများ စည်းလုံးညီညွတ်ရေးဦးစီးအမှုဆောင်ကော်မတီ)၊
(၁၉) ဒူဝါဇော်လွန်း (ကချင်လူမျိုး)၊ ပင်လုံညီလာခံကိုယ်စားလှယ် (ဗန်းမော်ခရိုင်)၊ အဖွဲ့ဝင် (တောင်တန်း သားများ စည်းလုံးညီညွတ်ရေးဦးစီးအမှုဆောင်ကော်မတီ)
(၂၀) ဦးလဘန်ဂရောင် (ကချင်လူမျိုး)၊ ပင်လုံညီလာခံကိုယ်စားလှယ် (ဗန်းမော်ခရိုင်)
(၂၁) ဦးလှူရ်မှုန် (ချင်းလူမျိုး၊ လုမ်းဘန်တိုက်သူကြီး)၊ ပင်လုံ ညီလာခံကိုယ်စားလှယ်(ဖလမ်းခရိုင်)၊ အဖွဲ့ဝင် (တောင်တန်း သားများ စည်းလုံးညီညွတ်ရေးဦးစီးအမှုဆောင်ကော်မတီ)
နံပါတ်(၂၂) ဦးထောင်းဇာခုပ် (ချင်းလူမျိုး)၊ ပင်လုံ ညီလာခံကိုယ်စားလှယ်(တီးတိန်ခရိုင်)
(၂၃) ဦးကီယိုမန်း (ချင်းလူမျိုး၊ မိအေနယ်စော်ဘွား)၊ ပင်လုံညီလာခံကိုယ်စားလှယ် (ဟားခါး) အဖွဲ့ဝင် (တောင်တန်း သားများ စည်းလုံးညီညွတ်ရေးဦးစီးအမှုဆောင်ကော်မတီ) ဖြစ်ပါကြောင်း၊
ဦးခွန်မောင်သောင်း(ပင်လောင်း)မှ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းဆွေ၏ ဖြေကြားချက်ကိုနှင့် စပ်လျဉ်း၍ ပြောကြားရာတွင်
ပင်လုံစာချုပ်နဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းဖြေကြားပေးသော ဝန်ကြီးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဝန်ကြီးဖြေဆိုခဲ့ရာတွင် ဦးဖြူသည် ပအိုင်းတိုင်းရင်းသား ဖြစ်သည်ဆိုသည်မှာ ပအိုင်းတော့မဟုတ်ဘူး ပအိုဝ်းတိုင်းရင်းသား ဖြစ်တယ်ဆိုသည့်အကြောင်းကိုတော့ ဒုတိယအချက်အနေဖြင့် ဖြည့်စွက်တင်ပြခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း ၁၉၆၂ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့သော မြန်မာ့စွယ်စုံကျမ်းအတွဲ(၆) စာမျက်နှာ ၄၄၀ ရှိ စာကြောင်း ရေ ၃၈ အမှတ်စဉ် ၁၆ တွင် ဦးဖြူဟာ ကျိုင်းတုံစော်ဘွား၏ ကိုယ်စားလှယ်အဖြစ် လက်မှတ်ရေးထိုး ထားကြောင်း ဖော်ပြထားသည်ကို လေ့လာတွေ့ရှိခဲ့ရ၍ အကယ်၍သာ ဦးဖြူသည် ကျိုင်းတုံစော်ဘွား၏ ကိုယ်စားလှယ် လက်မှတ်ရေးထိုးခဲ့မည်ဆိုပါက ကျိုင်းတုံသည် ရှမ်းပြည် နယ်(အရှေ့ပိုင်း)တွင် တည်ရှိပြီး ဆီဆိုင်၊ သထုံသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကယားနယ်စပ်တွင် တည်ရှိခဲ့ခြင်းကြောင့် အသွင်နှင့်သဏ္ဍာန် အနှစ်သာရပါ ပြောင်းလဲသွားနိုင်သည့် အနေအထားမျိုးဖြစ်ပါကြောင်း၊ မှားနေသောသမိုင်းကို မှန်အောင် လေ့လာတင်ပြဖို့က ကိုယ်စာလှယ်တစ်ဦးအနေနှင့် တာဝန်ရှိသည့်အတွက် နောင်လာနောက်သားများ အမှန်တရားသိရှိနိုင် လွတ်လပ်ရေးကြိုးပမ်းမှုတွင် မိမိတို့ တိုင်းရင်း သားများလည်းပါဝင်ကြောင်း ရဲဝံ့စွာဂုဏ်ယူနိုင် ရန်မေးမြန်းခြင်းဖြစ်ပါကြောင်း၊ စွယ်စုံကျမ်းတွင် မှားယွင်းစွာပုံနှိပ်ထုတ်ဝေမှုကို အမှားပြင်ဆင်ချက်အနေဖြင့် ပြန်လည်ပြင်ဆင်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ပြင်ဆင်မပေးနိုင်ခဲ့ပါက ပြင်ဆင်နိုင်မည့်နည်းလမ်းများကို ရေလာမြောင်းပေး ပြုလုပ်ပေးပါရန်နှင့် ဖြေကြားသင့်သည့် အချိန်များတွင် ပြန်လည်ဖြေကြား ပေးနိုင်ရန် မေးမြန်းခြင်းဖြစ် ပါကြောင်း ပြောကြားပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ အဆိုပါ အမေးအဖြေနှင့် စပ်လျဉ်း၍ သုံးသပ်ပြောကြားရာတွင်
ယခု မေးခွန်းနှင့် စပ်လျဉ်း၍ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းဆွေအနေဖြင့် ဤနေတွင်ဖြေ၍ လွဲမှားမှုတစ်ခုဖြစ်သွားရင် လည်းမကောင်းသည့်အတွက် ဌာနတွင် တိုင်ပင်ညှိနှိုင်းပြီးမှ ဖြေရန်အတွက်ကို မိမိ ပြောကြားလိုပါကြောင်း သုံးသပ်ပြောကြားပါသည်၊
