မိမိအနေဖြင့် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကောက်ယူရရှိထားသော လူဦးရေစာရင်းများနှင့် တိုင်းရင်းသားများ၏ လူဦးရေစာရင်းများကို ထုတ်ပြန်ပေးရန်နှင့် စပ်လျဉ်းမေးမြန်းလိုပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ မြေပြင်ကွင်းဆင်း၍ မြန်မာ တစ်နိုင်ငံလုံးတွင် ရှေ့ပြေးလူဦးရေစာရင်း ကောက်ယူနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ထိုကောက်ယူရရှိသော လူဦးရေစာရင်း များအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူဦးရေးအများဆုံးနှင့် အနည်းဆုံးစာရင်းကို သတင်း စာများတွင် ထိုအချိန်က အချိန်တုန်းက ဖတ်ရှုခဲ့ရပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သိရှိလိုသည်မှာ (က) တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကောက်ယူရရှိသော လူဦးရေစာရင်း၊ (ခ) တိုင်းရင်းသားများ၏ လူဦးရေစာရင်းများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကောက်ယူရရှိသော လူဦးရေစာရင်းနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ရှေ့ပြေးလူဦးရေ စာရင်းကို ၂၀၁၄ ခုနှစ်၊ သြဂတ်လ ၃၀ ရက်နေ့မှာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အထိ လူဦးရေနှင့် အိမ်ထောင်စု စာရင်းများအား ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းစာရင်းတွင် တိုင်းဒေသကြီး /ပြည်နယ်/ခရိုင်၏ မြို့ပြနှင့် ကျေးလက်အလိုက် ကျား၊ မ လူဦးရေနှင့် မြို့နယ်အလိုက် အိမ်ထောင်စုနှင့် အဖွဲ့အစည်းများ၏ ကျား၊ မ လူဦးရေးစာရင်းများ ပါဝင်ပါကြောင်း၊ လူမျိုးစာရင်း ပါဝင်မှု မရှိသေးဘဲ လူဦးရေစာရင်းစာအုပ်တွင် တိုင်း ဒေသကြီး/ ပြည်နယ်အလိုက် လူဦးရေစာရင်း အား ပူးတွဲဖော်ပြထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များထံ သန်းခေါင် စာရင်း ရှေ့ပြေးလူဦးရေစာအုပ်များလည်း ပေးအပ်ထားပြီးဖြစ်သည့်အပြင် ဝန်ကြီးဌာနများ အားလုံးနှင့် ဦးစီးဌာနများအားလုံးတို့လည်း ဖြန့်ဝေပြီးသားဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ရုံးများမှတစ်ဆင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ထံ လည်း ရှေ့ပြေးလူဦးရေစာရင်း စာအုပ်တစ်အုပ်စီကို ဖြန့်ဝေထားပြီးသားဖြစ်ပါကြောင်း၊ ၎င်းအပြင် ယင်းရှေ့ပြေးလူဦးရေစာရင်းစာအုပ် ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ Website ဖြစ်တဲ့ www.dop.gov.mm Website တွင်လည်းတင်ပြထားပြီးဖြစ်ပါကြောင်း၊ ယခုထုတ်ပြန်သော ရှေ့ပြေး လူဦးရေစာရင်းစာအုပ်သည် အပြီးသတ် လူဦးရေစာရင်းမဟုတ်သေးဘဲ သန်းခေါင်စာရင်းလုပ်ငန်းစဉ်အား အစမှအဆုံးအထိ အချိန်ကာလ လေးနှစ်နီးပါးကြာမြင့်စွာ လုပ်ဆောင်ရမည်ဖြစ်ခြင်းကြောင့် လတ်တလော အသုံးပြုနိုင်ရန်အတွက်သာ ထုတ်ပြန်ထားခြင်းဖြစ်ပါကြောင်း၊ ၎င်းရှေ့ပြေး လူဦးရေ စာအုပ်စာရင်းသည်လည်း ၂၀၁၅ ခုနှစ်အတွင်းမှာ ထုတ်ပြန်မည့် ပင်မသန်းခေါင်စာရင်း အစီရင်ခံစာနှင့် ကိန်းဂဏန်း အနည်းငယ်လည်း ကွာဟမှုများ ရှိနိုင်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ဆိုင်ရာ နိုင်ငံတကာ နည်းပညာ အကြံပေးအဖွဲ့ (International Technical Advisory Board)၏ အကြံပြုချက်များအရ နိုင်ငံ တကာတွင် သန်းခေါင်စာရင်း ထုန်ပြန်ရာတွင် ရှေ့ပြေးလူဦးရေသန်းခေါင်စာရင်းနှင့် ပင်မစာရင်းတို့သည် အနည်းငယ်ကွဲလွဲမှု မလွဲမသွေရှိသင့်သည်ကို သိရှိရပါကြောင်း၊ ရှေ့ပြေးလူဦးရေစာရင်းသည် မြေပြင်စာရင်း ကောက်ယူချိန်တွင် စာရင်းကောက်များမှ အိမ်ထောင်စုတစ်ခုချင်းအလိုက် လူဦးရေကို ဖြည့်သွင်းထားပြီး စာရင်းစစ်များမှ ပြန်လည်စိစစ်ထားသည့် ကောက်ကွက်စာရင်းချုပ် ပုံစံ(ခ-၂၂)မှ လူဦးရေများကို ပြုစုထားခြင်းဖြစ်၍ ပင်မအစီရင်ခံစာထွက်ရှိချိန်မှာ အနည်ငယ်ကွာဟမှုရှိနိုင်မည်ဖြစ်ကြောင်း။
ယခုအခါမှာ ကောက်ယူပြီးသော သန်းခေါင်စာရင်းမေးခွန်းပုံစံများကို OMR ခေါ် Optical Mart Recommendation စက်ဖြင့် Scan ဖတ်ခြင်းလုပ်ငန်း၊ လက်ရေးမပီသသည်များကို ကွန်ပျူတာဖြင့်ပြင်ဆင်ခြင်း (Key Correction) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြီးစီးပါက တည်းဖြတ်စစ်ဆေးခြင်းလုပ်ငန်းဖြစ်သည့် (Editing) နှင့် ဇယားများတည်ဆောက်ခြင်း (Tabulation) လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ စာရင်းဇယားပြုစုခြင်းလုပ်ငန်းစဉ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလခန့်တွင် အပြီးဆောင်ရွက်နိုင်ရန် ခန့်မှန်ထားရှိပါကြောင်းနှင့် ဆန်းစစ်လေ့လာခြင်း နှင့် ဇယားများတည်ဆောက်ခြင်း၊ အခြေခံလူဦးရေစာရင်းထုတ်ပြန်ခြင်းကို ၂၀၁၅ ခုနှစ်အတွင်းမှာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ။
တိုင်းရင်းသားများ၏ လူဦးရေစာရင်းနှင့်ပတ်သက်၍ အခြေခံလူဦးရေစာရင်းများကိုသာ ၂၀၁၅ ခုနှစ် အတွင်း ထုတ်ပြန်နိုင်မှာဖြစ်ပြီး လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အလုပ်အကိုင်လုပ်ငန်း စသည်တို့နှင့် ပတ်သက်၍ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါကြောင်း၊ တိုင်းရင်းသားများ၏ လူဦးရေစာရင်းများသည် ပြည်သူများ၏ တောင်းဆိုချက်နှင့်အညီ ထပ်မံပြုစုပြင်ဆင်ရန်အတွက် စာရင်းဇယားများပြုစုခြင်းလုပ်ငန်းမှ ထွက်ရှိ လာသည့်စာရင်းများအရ လူမျိုးစုအမည်၊ သတ်ပုံသတ်ညွှန်းမှားနေခြင်း၊ လူမျိုးစုအမည်အသစ် ထပ်မံ တိုးလာခြင်းနှင့် အချို့ မှာ ပျောက်ကွယ်သွားလာခြင်းများ ရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းသား လူမျိုးစုစာရင်းများလည်း အတိုးအလျှော့ ရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း၏ ဒုတိယလုပ်ငန်းစဉ်အဖြစ် ထွက်ပေါ်လာသည့် တိုင်းရင်းသားလူမျိုး စု၊ မျိုးနွယ်စု အမည်၊ အရေအတွက်အပေါ်မူတည်၍ ပါဝင်ပတ်သက်သော တိုင်းရင်းသားအဖွဲ့အစည်း များဖြင့် ညှိနှိုင်းပြီးမှသာလျှင် ထုတ်ပြန်နိုင်မည်ဖြစ်ပါ၍ ထပ်မံအချိန်ယူရန် လိုအပ်ပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။
