(ခ)-ကိုယ်တိုင် စိုက်ပျိုးမွေးမြူ၍ ရရှိလာသောသနပ် ခါး၊ သစ်မွှေးနှင့် ပျားထွက်ပစ္စည်းများ အတွက် အခွန်အခများ ကောက်ခံခြင်းရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၇.၁၀.၂၀၁၄)

ဦးကျော်ခိုင်ဝင်း (မယ်စဲ့) ဖွဲ့စည်းပုံအခြေခံဥပဒေဇယား ၅ အပိုဒ် ၁၂ (ခ) အရ ထင်းမီးသွေး၊ ကြိမ်၊ ဝါး၊ ငှက်သိုက်၊ ရှားစေး၊ သနပ်ခါး၊ ထင်းရှူးဆီ၊ သစ်မွှေး၊ ပျားထွက်ပစ္စည်းများ စသည့်တို့အပေါ် ကောက်ခံသည့် အခွန်များသည် တိုင်းဒေသကြီးနှင်‌့ ပြည်နယ်တို့က ကောက်ခံခွင့်ရရှိကြပါကြောင်း၊ သို့သော် သနပ်ခါး၊ သစ်မွှေး၊ ပျားထွက်ပစ္စည်းများသည် သဘာဝ သစ်တောများမှ ထုတ်ယူနိုင်မှုအလွန် နည်းလျက်ရှိပြီး သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း၌ အကြီးအကျယ် စိုက်ပျိုးထုတ်လုပ် ရောင်းချနေကြသည်ကိုတွေ့ရှိရပါကြောင်း၊ သစ်မွှေးကိုလည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ကယားပြည်နယ် စသည်ဖြင့် အကြီးအကျယ် စိုက်ပျိုး နေကြသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့်  မိမိကိုယ်တိုင်စိုက်ပျိုးမွေးမြူ၍ ရရှိလာသော သနပ်ခါး၊ သစ်မွှေး၊ ပျားထွက် ပစ္စည်းများသည် သစ်တောအခွန်ကောက်ခံခြင်းရှိ/မရှိနှင့် အခြားအခွန်အခများကောက်ခံခြင်း ရှိ/မရှိကိုသိရှိလိုပါကြောင်း၊ ထို့ပြင် ယခုတစ်နှစ်၊ နှစ်နှစ်အတွင်း သနပ်ခါး၊ သစ်မွှေးနှင့် ပျားထွက်ပစ္စည်းတွေကို နိုင်ငံတော်အတွက် အခွန်အခနှစ်စဉ်မည်မျှခန့်ရရှိနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်
အဖြေ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေ အခန်း (၁)အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက် အပိုဒ်(၂)(င)တွင် သစ်တောထွက် ပစ္စည်းဆိုသည်မှာ သစ်တောနယ်မြေနှင့် အစိုးရက စီမံခန့်ခွဲခွင့် ရှိသောမြေတွင်ပေါက်ရောက်နေသော သို့မဟုတ် တွေ့ရသော သစ်ပင်၊ သစ်ရွက်၊ ပန်း၊ သစ်သီးနှင့် ယင်းတို့မှထွက်သော ပစ္စည်းများကို ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါကြောင်း၊ ထိုနည်းတူ ပုဒ်မခွဲ (စ)တွင် အသေးစားသစ်တော ထွက်ပစ္စည်းဆိုသည်မှာ ဤဥပဒေအရ အသေးစားသစ်တောထွက်ပစ္စည်း အဖြစ် သတ်မှတ်ကြေညာထားသည့် သစ်တောထွက်ပ စ္စည်းကိုဆိုသည်ဟု ဖော်ပြထားရှိသည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း၊  

သစ်တောဥပဒေပုဒ်မ (၂၀)မှာ သစ်တောထွက်ပစ္စည်း ထုတ်ယူခြင်းနှင့် စပ်လျဉ်း၍ အသေးစား သစ်တောထွက် ပစ္စည်းအမျိုးအမည်၊ အခွန်နှုန်းနှင့် အခြားအခကြေးငွေများကို ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုဝန်ကြီး၏ သဘောတူညီချက်ဖြင့် သတ်မှတ်နိုင်သည်ဟု ပြဋ္ဌာန်းရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅) ပုဒ်မ ၂၅၄ (က)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဇယား (၅)ပါ အခွန်အခများကို ဥပဒေနှင့် အညီ ကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရန်ပုံငွေသို့ ပေးသွင်းရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများဇယား (၅) အပိုဒ်(၁၂)တွင် ထင်း၊ မီးသွေး၊ ကြိမ်၊ ဝါး၊ ငှက်သိုက်၊ ရှားစေး၊ သနပ်ခါး၊ ထင်းရှူးဆီ၊ သစ်မွှေး၊ ပျားထွက် ပစ္စည်းများစသည်တို့အပေါ် ကော်ခံသည့်အခွန်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊   သစ်တော ဦးစီး ဌာနအနေဖြင့် သစ်တောဥပဒေ ပုဒ်မ (၂၀)အရ အသေးစားသစ်တောထွက်ပစ္စည်း ၅၈ မျိုး သတ်မှတ် ထားပြီး သက်ဆိုင်ရာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက ၎င်းပစ္စည်းများအပေါ် ၆ လတစ်ကြိမ် အတည်ပြုသော ဒေသပေါက်ဈေး၏ ၂၅ ရာခိုင်နှုန်းကို အခွန်အခအဖြစ် ကောက်ခံလျက်ရှိပါပြီး ထိုသို့ကောက်ခံရရှိသည်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၄ (က)ပါ ပြဋ္ဌာန်းချက်နှင့်အညီ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကို ပေးသွင်းလျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာန စီမံခန့်ခွဲမှု၊ စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေ၊သစ်တောနယ်မြေနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ အပါအဝင် ကျန်မြေများတွင် မိမိကိုယ်တိုင် စိုက်ပျိုးထွက်ရှိသော သနပ်ခါးအပေါ် အခွန်တော်ကောက်ခံခြင်းမပြုဘဲ ကင်းလွတ် ခွင့်ပြုပါရန်ကိစ္စနှင့် ပတ်သက်၍ သဘာဝသစ်တောမှ ထွက်ရှိမှုမဟုတ်ကြောင်း ရှင်းလင်းကွဲပြားစေရန်အတွက် သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနရုံးများမှာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ မှတ်ပုံတင် ဆောင်ရွက် သွားရန်နှင့် ယင်းအခွန်အခကောက်ခံမှုနှင့်ပတ်သက်၍  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များ၏ သဘောထားရယူတင်ပြရန် တိုင်းဒေသကြီး/ပြည်နယ် သစ်တောဦးစီးဌာနများကို အကြောင်းပြီး ဆန္ဒ သဘောထားရယူလျက်ရှိပါကြောင်း၊  ဝန်ကြီးဌာန စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေမှအပ မိမိကိုယ်ပိုင်မြေမှာ စိုက်ပျိုးထွက်ရှိသော သနပ်ခါးနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက်များ ရရှိလာခဲ့ပါက ဆက်လက်ဆောင် ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန စီမံခန့်ခွဲပိုင်ခွင့် ရသော မြေမှအပ ကျန်မြေများမှာ မွေးမြူလျက်ရှိသော ပျားထွက်ပစ္စည်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ပျားလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိပြီး ပျားလုပ်ငန်းဦးစီးဌာန၏ ထောက်ခံချက်ပါရှိပါက သစ်တောအခွန် အဖြစ်နဲ့ ကောက်ခံခြင်းမရှိပါသည်ကို ဖြည့်စွက်တင်ပြလိုပါကြောင်း၊

မိမိပိုင်မြေပေါ်တွင် ကိုယ်တိုင်စိုက်ပျိုးသော သစ်မွှေးပင်များနှင့်ပတ်သက်၍ သစ်တော ဦးစီးဌာနတွင် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်ထားရန် လိုအပ်ပါကြောင်း၊  သစ်မွှေးပင် CITES Appendix II တွင် ပါဝင်သော မျိုးဆက်ပျက်သုန်းလုရှိသည့် သစ်ပင်ပန်းမန်မျိုးစိတ်ဖြစ်သဖြင့် ပြည်ပကို တင်ပို့ရောင်းချရာ တွင်လည်း CITES permit ရယူရန်နှင့် အခွန်ပေးသွင်းရန်လိုအပ်ပါကြောင်း၊

သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ သနပ်ခါးမှ ၄၂၅၂၈၀၀၀ ကျပ်၊ ပျားရည်/ ပျားဖယောင်းမှ ၁၂၄၆၇၅၀ ကျပ် စုစုပေါင်း ၄၃၇၇၄၇၅၀ ကျပ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၏ စက်တင်ဘာလကုန်အထိ သနပ်ခါးမှ ၁၇၃၉၁၀၀၀ ကျပ်၊ ပျားရည်/ပျားဖယောင်းမှ ၁၅၄၇၇၅၀ ကျပ် နှင့် သစ်မွှေးပန်း/အရွက်နု/ အသီးခွံခြောက်မှ ၄၇၅၂၀၀ ကျပ် စုစုပေါင်း ၁၉၄၁၃၉၅၀ ကျပ် ကောက်ခံရရှိခဲ့ပါကြောင်းနှင့် သစ်တောဦးစီးဌာနအနေဖြင့် သတ်မှတ်ထားသော သစ်တောအခွန်အခများကိုသာ ကောက်ခံပါကြောင်း နှင့် အခြားအခွန် အခများကို ကောက်ခံခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။