(ခ)-နိုင်ငံအတွင်းစိုက်ပျိုးထားရှိသော ကြက်ဆူစိုက် ခင်းများ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၂၉.၁၀.၂၀၁၄)

ဦးတင်ဌေးအောင် (ရေစကြို) မိမိတို့နိုင်ငံတွင် ၂၀၀၄ ခုနှစ်မှစ၍ လောင်စာစီနှင့်ပတ်သက်ပြီး ပြည်သူများတန်ဖိုးနှုန်း ချိုသာစွာဖြင့် အလွယ်တကူရရှိနိုင်ရေး ပြည်ပထွက်ငွေလျော့ချ၍ အမျိုးသားအကျိုးစီးပွားမြှင့်တင်ရေး စသည့် ရည်ရွယ်ချက် များနှင့် Biodesel ထုတ်လုပ်ရန်အတွက် ကြက်ဆူစိုက်ပျိုးရေး စီမံချက်ကို အမျိုးသားရေးစီမံချက်၊ နိုင်ငံတော်စီမံကိန်းဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ ၎င်း စီမံကိန်းကြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်နှင့် ပြည်သူတို့၏ အချိန်၊ ငွေကြေး၊ မြေယာ၊ ခြံအဆောက်အအုံ၊ လုပ်အားများ များစွာရင်းနှီး အသုံးပြုခဲ့ရပါကြောင်း၊ ယခုအခါ ၎င်း စီမံကိန်းကြီး ဆောင်ရွက်ခဲ့သည်မှာ ၁၀ နှစ်မြောက် ရှိခဲ့ပြီဖြစ်ရာ စီမံကိန်းဆောင်ရွက်မှု၏ အကျိုးအဖြစ် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီပွား မည်မျှတိုးတက် ဖြစ်ထွန်းခဲ့ပါသနည်း။ မည်မျှတိုးတက်ဖြစ်ထွန်းလာပါ မည်နည်းဆိုသည့် အချက်များကို သိလိုပါကြောင်း၊ နိုင်ငံအတွင်း မည်သည်‌့ အရပ်ဒေသတွင် (၁) ကြက်ဆူစိုက်ခင်းခြင်းများ မည်မျှအောင်မြင် ဖြစ်ထွန်းနေပါမည်နည်း။ (၂) ထွက်ရှိအသုံးပြုနိုင်သော ကုန်ကြမ်းများ မည်မျှစုဆောင်းသိုလှောင် ရရှိနေပါမည်နည်း။ (၃) ကုန်ချောဖြစ်  Biodesel များကို ပြည်သူများ မည်မျှသုံးစွဲခွင့်ရရှိနေကြပါမည်နည်း စသည်တို့အား လောင်စာဆီဈေးသက်သာ၍ လိုအပ်နေကြသော  ပြည်သူများကိုယ်စား မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်၊ ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့်၊ ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းကြက်ဆူသီးနှံကို Jatropha ခြံစည်းရိုးကြက်ဆူနှင့် အစေ့ကြားကြက်ဆူ Castor ဟူ၍ ၂ မျိုးရှိပါကြောင်း၊ ခြံစည်းရိုးကြက်ဆူကို ကြိတ်၍ရသော ဆီမှာဆီသားကြည်‌့ပြီး ဆီသားပျစ်ချွဲမှုနည်းသဖြင့် ဘိုင်အိုဒီဇယ် အဖြစ်အသုံးပြုနိုင်ပါကြောင်း၊ အစေ့ကြားကြက်ဆူ Castor ဆီသားပျစ်၍ အင်ဂျင်ဝိုင်ပြုလုပ်ရာတွင် လည်းကောင်း၊ အလှကုန်ပစ္စည်းများ ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုနိုင်ပါကြောင်း၊ ခြံစည်းရိုး ကြက်ဆူကို မြန်မာနိုင်ငံ အပူပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် တောင်ပေါ်ဒေသဖြစ်သည့်  ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွက်  ရှေးနှစ်ပေါင်းများစွာ ကတည်းက ယာမြေများ၊ နေအိမ်များနှင့် ကျေးရွာခြံစည်းရိုးများတွင် ခြံစည်းရိုးပင်များအဖြစ် စိုက်ပျိုးအသုံးပြုခဲ့ကြပါကြောင်း၊ ခြံစည်းရိုးကြက်ဆူပင်သည် ဆားပေါက်သောမြေ၊ အခြားသီးနှံစိုက်၍မရသော Marginal Soil မြေညံ့များတွင် စိုက်ပျိုးနိုင်ခြင်း၊ မိုးရေချိန်အနည်းငယ်ဖြင့်ပင် ရှင်သန်ဖြစ်ထွန်းနိုင်ခြင်း၊ အပင်နှင့် အသီးအရွက်တို့ကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသည့် တိရစ္ဆာန်များ စားသောက်ခြင်းမပြုခြင်း တို့ကြောင့် ခြံစည်းရိုးပင်အဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးခဲ့ကြပါကြောင်း၊ ခြံစည်းရိုးကြက်ဆူသီးနှံကို အောက်ပါရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ (က) ခြံစည်းရိုးကြက်ဆူ ကိုင်းများကို ထင်းအဖြစ်အသုံးပြုရန်၊ ခြံစည်းရိုးပင်များကို (Wind Break) လေကာပင်အဖြစ်နှင့် စွမ်းရည် Loation သက်သာစေရေးအတွက်  အသုံးပြုရန်၊ ဆားပေါက်မြေ၊ ကျပ်တီးကုန်းမြေစသည့် Marginal Soil တွင်  မြေဆီလွှာထိန်းသိမ်း နိုင်ရန်အတွက် ဆောင်ရွက်ရန်၊ အသီးမှရရှိသော ဆီကိုသားရေ နယ်လုပ်ငန်းနှင့် ဆပ်ပြာချက်လုပ်ငန်းများတွင် အသုံးပြုရန်၊ လယ်ယာသုံးလက်တွန်း ထွန်စက်များမှာ Bio-diesel အဖြစ် ထည့်သွင်းမောင်းနှင်ရုံသာမက ကျေးလက်မီးလင်းရေးတွင် အသုံးပြုရန်၊ ကြက်ဆူကြိတ်ဖတ်သည် အပင်အဟာရဓါတ်များဖြစ်သည့် နိုက်ထရိုဂျင် ၄.၄၄ ရာခိုင်နှုန်း၊ ဖော့စဖရပ် ၂.၀ ရာခိုင်နှုန်း၊ ပိုတက် ၁.၆ ရာခိုင်နှုန်း ပါဝင်သဖြင့် သဘာဝမြေသြဇာအဖြစ် ကြိတ်ဖတ်များကို အသုံးပြုရန်၊ နောင်တစ်ချိန် ရေနံစိမ်းဈေးနှုန်းကြီးမြင့်လာပါက အစားထိုးလောင်စာအဖြစ် အသုံးပြုရန်၊ Carbon Credit ရရှိရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရန်၊ ကျေးလက်နေ ပြည်သူများတစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိရန် စတဲ့ရည်ရွယ်ချက်များနဲ့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ 

အိမ်နီးချင်း အခြား နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အာဖရိကတို့တွင် ခြံစည်းရိုးကြက်ဆူပင်များအား စိုက်ပျိုးမှုရှိပါကြောင်း၊ ခြံစည်းရိုးတွင် စိုက်ပိြုခင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းကြောင့် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်ကျေးရွာ အဖွဲ့အစည်းများတွင် စိုက်ခင်းအဖြစ် စိုက်ပျိုးမှုနည်းပါးပါကြောင်း၊ ကားလမ်းမှ ဘေးဝဲယာ၊ ရုံး၊ ကျောင်းအဆောက်အဦ၊ အိမ်၊ နေအိမ်၊ ခြံစည်းရိုးများ၊ တာဘောင်များနှင့် မြေညံ့သည့် Marginal Soil များတွင် စိုက်ပျိုးခဲ့ကြပါကြောင်း၊ ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေအပေါ်မူတည်ပြီး စိုက်ပျိုးထုတ်လုပ်မှုသည် လျော့နည်းလာခဲ့ခြင်းဖြစ်ပါကြောင်း၊ ထွက်ရှိလာသော ခြံစည်းရိုးကြက်ဆူများကို ပုဂ္ဂလိက ကုမ္ပဏီများဖြစ်သည့် First Myanmar Investment ကုမ္ပဏီ၊ Earth ကုမ္ပဏီ၊ ဂျပန်နိုင်ငံမှ JBEDC (Japanese Bio-Energy Development Company)တို့က ဝယ်ယူပြီး ပြည်ပသို့တင်ပို့ခြင်း၊ ဆီကြမ်းထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင်မှု လျှော့ချနိုင်ရေးအတွက်  ကျိုတို သဘောတူညီချက်အရ စက်မှုဖွံ့ဖြိုးသောနိုင်ငံများတွင် တွင်းထွက်ဒီဇယ်ဆီနှင့် ဇီဝဒီဇယ်ဆီကို ရောနှောအသုံးပြုလျက်ရှိပါကြောင်း၊ ဥပမာ- ဥရောပနိုင်ငံ၊ ဘရာဇီးလ်၊ ဂျပန်အိမ်နီးချင်းနိုင်ငံဖြစ်သော  ထိုင်းနိုင်ငံမှာ စွမ်းအင်လောင်စာဆီနဲ့ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ရောနှောသုံးစွဲ လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ခြံစည်းရိုးကြက်ဆူဆီမှ ဇီဝဒီဇယ်ထုတ်လုပ်ခြင်းကို လူထုအခြေပြုစီမံကိန်း (Community Based Bildiesel Project)အဖြစ်နှင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ လှိုင်းတက်ခြံတွင် ရှေ့ပြေး သုတေသန စမ်းသပ်ချက်များ ဆောင်ရွက်ခဲ့ပါကြောင်း၊ လောင်စာဆီဈေးနှုန်းပေါ်မူတည်ပြီး လောင်စာဆီနှင့် စက်မှုလုပ်ငန်းသုံးဆီအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မျိုးကွဲများ  Germ Plasm စုဆောင်းသုတေသနပြုခြင်း၊ ဒီဇယ်ဆီထုတ်လုပ်ခြင်း၊ ပုဂ္ဂလိက (First Myanmar Investment ကုမ္ပဏီ)နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့တွင် သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။