နမ့်စန်မြို့ရှိ နမ့်စန်လေယာဉ်ကွင်းသည်ပြီး ရှမ်းပြည်နယ်(တောင်းပိုင်း)၏ အလယ်ဗဟိုနီးနီးတွင်ရှိပြီး ကွန်ဟိန်း မိုင်းပန်-ဟိုမိန်း-မောက်မယ်- လွိုင်လင်-ပင်လုံ-ခိုလန်-လင်းခေး-မိုးနဲ-ကျေးသီနှင့် လဲချာစသည့် မြို့နယ်များ၏ အလယ်တည့်တည့် တွင်ရှိပါကြောင်း၊ တောင်ထွတ်တောင်တန်းများမရှိဘဲ လေယာဉ်များပျံသန်း ဆင်းသက်ရန် အတွက်အဆင်ပြေသော ရှမ်းကုန်းပြင်မြင့်တွင် တည်ရှိခြင်းဖြစ်ပါသည်။ နမ့်စန်လေယာဉ်ကွင်းနှင့် ဟဲဟိုး လေယာဉ်ကွင်း (၂)ခု ခရီးမိုင်အကွာအဝေးအားဖြင့် မိုင် ၁၀၀ နီးပါးခန့်ရှိပါကြောင်း၊ ယခုအခါ အရှေ့ အလယ် ပိုင်း တိုင်းစစ်ဌာနချုပ်ကိုလည်း အခိုင်အမာတည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း၊ ဝန်ထမ်းဦးရေနှင့် ပြည်သူလူထု တိုးတက်များပြားလာခြင်းနှင့်အတူ ခရီးသွားဝန်ထမ်းများ၊ ပြည်သူများ၊ သက်တောင့်သက်သာဖြင့် ခရီးစရိတ် အကုန်အကျ သက်သာနိုင်မည်ဖြစ်သည့်အတွက် ယခင်က မြန်မာ့လေကြောင်း လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲ အသုံးပြုခဲ့ဖူးသော လွိုင်လင်ခရိုင်၊ နမ့်စန်မြို့၊ နမ့်စန် လေယာဉ်ကွင်းကို တပ်မတော်လေယာဉ်များအပြင် အရပ်ဘက်ခရီးသည်တင် လေယာဉ်လိုင်းများ ပြေးဆွဲပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် စတင်ပြေးဆွဲနိုင်မည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့လေကြောင်းအနေုဖြင့် ယခင်က ရန်ကုန်-ဟဲဟိုး-နမ့်စန်-ကျိုင်းတုံ-နမ့်စန်-ဟဲဟိုး-ရန်ကုန် ခရီးစဉ်များကို F-27(ဖော်ကာ) လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲခဲ့ပါသည်။ ယခင်ပြေးဆွဲခဲ့ဖူးသော အတွေ့အကြုံများအရ နမ့်စန်မှ ဒေသခံများသည် လေယာဉ်ဖြင့် ခရီးသွားလာရာတွင် ကျိုင်းတုံမြို့ကိုသာ အဓိကထားသွားလာကြကြောင်း တွေ့ရှိရပါသည်။ နမ့်စန်မြို့မှ ကျိုင်းတုံမြို့သို့ လေယာဉ်ဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည်ဦးရေမှာလည်း ၁၀ ဦး၊ ၁၅ ဦးခန့်သာရှိပြီး ရေရှည်ပြေးဆွဲရန် အခက်အခဲရှိသည့်အတွက် ခရီးစဉ်အား ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ပါကြောင်း၊
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့လေကြောင်းအနေဖြင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှစ၍ နိုင်ငံတော်၏ဘဏ္ဍာငွေ ရယူခြင်းမပြုဘဲ မိမိဝင်ငွေအပေါ်တွင် ရပ်တည်နေရသည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့ အစည်းတစ်ခုဖြစ်သည့် အတွက် လေကြောင်းလိုင်း ရေရှည်ရပ်တည်နိုင်ရန်အတွက် လောလောဆယ် နမ့်စန်လေယာဉ်ကွင်းသို့ ပျံသန်းပြေးဆွဲပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊ သို့သော်လည်း ၂၀၁၅ ခုနှစ်တွင် မြန်မာ့လေကြောင်းနှင့် ATR ကုမ္ပဏီတို့စာချုပ်အရ လေယာဉ်ပျံ (၆)စီး အသစ်ဝယ်ယူ ရန်ရှိသည့်အခါတွင် နမ့်စန်ဒေသကိုထည့်သွင်းပြီး ပြေးဆွဲပေးရန် လျာထားစီမံသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
