(ခ)-သက်တမ်းစေ့ အသက်ရှည် ကျန်းမာစွာ နေ ထိုင်နိုင်ရေးအတွက်ကျန်းမာရေးနှင့်ဆက်စပ်သော သက်ဆိုင်ရာ ဌာနများအားလုံး ပူးပေါင်းညှိနှိုင်း၍ စီမံဆောင်ရွက်မည့်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၀.၁၁.၂၀၁၄)

ဗိုလ်မှူးကြီးမြတ်ခိုင် (တပ်မတော်သားကိုယ်စားလှယ်)

ဗိုလ်မှူးကြီးမြတ်ခိုင် (တပ်မတော်သားကိုယ်စားလှယ်)မြန်မာပြည်သူ/ပြည်သားများအားလုံး ကူးစက်‌ရောဂါမဟုတ်သော နာတာရှည်ရောဂါများကင်းဝေးပြီး လူတိုင်း သက်တမ်းစေ့ အသက်ရှည်ကျန်းမာနေထိုင်နိုင်ရေးအတွက် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေးအခြေအနေ တိုင်းတာချက်များအတွက် ကျန်းမာရေးအညွှန်းကိန်းများ အသုံးပြုခဲ့ကြပါသည်။ အညွှန်းကိန်းတစ်ခုဖြစ်သည့် လူတို့၏ မျှော်မှန်းသက်တမ်း Life expectancy by WHO 2014 အရ မြန်မာအမျိုးသားများ ၆၆၊ အမျိုးသမီးများ ၇၀ နှင့် ပျမ်းမျှ ၆၈ နှစ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအလိုက် နံပါတ် ၁၃၇ ၌ ဖော်ပြခံရပါကြောင်း၊ လူတို့၏ မျှော်မှန်းသက်တမ်းကို လွှမ်းမိုးသော အဓိကအချက်များတွင် ကူးစက်ရောဂါများ၊ ကူးစက်မဟုတ်သော နာတာရှည်ရောဂါများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပါရှိရာ ယနေ့ ၂၁ ရာစုတွင် လူတိုင်းသည် စိတ်ဖိစီးမှုများစွာဖြင့် အလုပ်ချိန်များစွာ အလုပ်လုပ်ကြရခြင်း၊   လုပ်ငန်းခွင် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော နေရာများတွင် အလုပ်လုပ်ကြရခြင်း၊ မော်တော်ယာဉ်များဖြင့် သွားလာနေရသဖြင့် လမ်းလျှောက်မှုနည်းပါးခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင်‌့ခန်းပြုလုပ်ရန် အချိန်မပေးနိုင်ခြင်း၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် နေထိုင်မှုမရှိခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်စားသောက်ရမည့်ကို အလေးမထားခြင်း၊ အသင့်အစားများနှင့် လမ်းဘေးဆိုင်များတွင် အလွယ်တကူဝယ်ယူ စားသုံးခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အကြော်ခံဆီ၊ ပြန်ကြော်ဆီများ၊ ဆိုးဆေးများ၊ ဓါတုပစ္စည်းများ အသုံးပြုခြင်း၊ ကြပ်မတ်စစ်ဆေးမှုအားနည်းခြင်း၊ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွင် အချိန်ကြာမြင်‌့စွာထိုင်ခြင်း၊ တီဗီ၊ အင်တာနက်အကြည်‌့များခြင်း၊ ညည့်နက်အချိန်မှ အိပ်ယာဝင်ခြင်း၊ လွဲမှားသော လူနေမှုအကျင့်များဖြစ်သည်‌့ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဘာသာတရားရိုသေကိုင်းရှိုင်းမှု လျော့နည်းလာခြင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့များရှုနေရခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးအလွဲ သုံးစွဲခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပညာပေးခြင်း အမျိုးမျိုးဆောင်ရွက်နေသော်လည်း ပြည်သူလူထု တစ်ရပ်လုံးက လိုက်နာဆောင်ရွက်ရန် အားနည်းခြင်းများတွေ့ရှိရပါကြောင်း၊

လူလတ်ပိုင်းအရွယ်များ အဝလွန်လာခြင်း၊ သွေးအတွင်းအဆီဓာတ်များခြင်း၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါစသည်‌့ ကူးစက်မဟုတ်သော နာတာရှည်ရောဂါများ ပိုမိုဖြစ်ပွားလာပြီး နိုင်ငံတော်မှ ကျန်းမာရေး အသုံးစရိတ်များစွာ ကုန်ကျခံကုသပေးနေရခြင်း၊ သက်တမ်းမစေ့မီ သေဆုံးနေကြရသဖြင့် မိသားစုများ လူမှုဆိုးကျိုးများနှင့် ရင်ဆိုင်ရခြင်းစသည်တို့ကြောင့် ကူးစက်မဟုတ်သော နာတာရှည်ရောဂါ များကင်းဝေးပြီး လူတိုင်းသက်တမ်းစေ့ အသက်ရှည်ကျန်းမာနေထိုင်နိုင်ရေးအတွက် (က) ရေရှည်အားဖြင်‌့ ကျန်းမာရေး ဝန်ကြီးဌာနတစ်ခုတည်းမှမဟုတ်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများ အားလုံးညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည်‌့ အစီအစဉ်ရှိ/မရှိ (ခ) အစီအစဉ်ရှိမည်ဆိုပါက မည်သို့ပူးပေါင်းဆောင်ရွက်ရန် စီမံထားရှိပါသနည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါမဟုတ်သော နာတာရှည်ရောဂါများ ကင်းဝေးပြီး  သက်တမ်းစေ့  အသက်ရှည်ကျန်းမာစွာ နေထိုင်ရေးအတွက် ရေရှည်အားဖြင့် ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးနှင့် ဆက်စပ်နေသော သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ညှိနှိုင်းပူးပေါင်းပြီး  စီမံဆောင်ရွက်သွားမည့် အစီအစဉ်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ယခင်က ကူးစက်တက်သည့်ရောဂါများကို ဦးစားပေးနှိမ်နင်းတိုက်ဖြတ်ခဲ့ရာ ၂၀၀၀ ခုနှစ်ဝန်ကျင်တွင် မြန်မာနိုင်ငံ၏ ကူးစက်ရောဂါမဟုတ်သည့် နာတာရှည်ရောဂါများနှင့် ပတ်သက်ပြီး burden ဖြစ်လာပြီး Risk ရှိလာတယ်ဆိုတာကို သိလာသည့်အတွက် မိမိတို့ ၂၀၀၃-၂၀၀၄ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းပြီး Step Survey  လို့ခေါ်တဲ့ research တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး မြို့ပေါ် ၁၀ မြို့နယ်နှင့် ကျေးလက်ဒေသ ၅ မြို့နယ် စုစုပေါင်း ၁၅ မြို့နယ်ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်း တွေ့ရှိချက်များအပေါ်တွင် အခြေခံပြီး မိမိတို့ National Plan ခေါ်သည့် အမျိုးသားကျန်းမာရေးစီမံကိန်းတစ်ခု နာတာရှည်ရောဂါနှင့် ပတ်သက်ပြီး စီမံကိန်းတစ်ခု ရေးဆွဲရန် ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းမဟုတ်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများအပြင် အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စီမံကိန်းများ ရေးဆွဲခဲ့ပါကြောင်း၊

Strategic Plan ခေါ်သည့် နည်းဗျူဟာအနေဖြင့် ၁၀ ချက် Priority Action ခေါ် ဦးစားပေးနေရာ ၄ ခု မိမိတို့ သတ်မှတ်ဆောင်ရွက်ပါသည်။ (၁)အမျိုးသားမူဝါဒစီမံကိန်းရေးဆွဲရန် မိမိတို့ draft အနေဖြင့် စတင်ထွက်ပြီဖြစ်ပါကြောင်း၊ ဒါကိုမိမိတို့ အားလုံးညှိနှိုင်းပြီးသည့် အခါတွင် နောက်ဆုံး Final Plan တစ်ခုထွက်မည် ဖြစ်ပါကြောင်း၊ (၂) အဓိက High Level National Multi Sectoral Mechanism ပေါ့ ကျွန်တော်တို့ ဒီအဆင်‌့မြင့် Level မှာ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဝန်ကြီးဌာနများနဲ့ NGO များမှာပါပြီးတော့ စီမံကိန်းလုပ်တာက နေစပြီးတော့ Implementation လုပ်တဲ့ လုပ်ငန်းဆောင်ရွက်မှု ကြီးကြပ်မှုတွေမှာ အားလုံးပါဝင်ဖို့အတွက် Mechanism တစ်ခု ကျွန်တော်တို့ ထူထောင်ရန်ရှိပါကြောင်း၊ (၃) မိမိတို့လုပ်သည့် လုပ်ငန်းနည်းပညာသည် cost Effective ဖြစ်ရန် အဓိကက ငွေကြေးကုန်ကျမှုနည်းနည်းနှင့် အကျိုးသက်ရောက်မှုများများ ရှိမည့်လုပ်ငန်းများကို ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ (၄) ပြည်သူလူထု၏ ကုသမှုအရည်အသွေး မြှင့်တင်ရန်အတွက် ကုသဆောင်ရွက်ပေးမည့် လူများ၏အဆင့်အတန်း Strengthen Capacity အရည်အသွေးတက်ရန်အတွက် လုပ်ငန်းများဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ ထည့်သွင်းစဉ်းစားရမှာက ကျေးလက်ဒေသ လွမ်းခြုံမှုကောင်းစေရေးအတွက် ကျေးလက်ဒေသတွင် ဆောင်ရွက်နိုင်သည့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုသည့် Package of essential non communicable disease interventions ဆိုပြီး မိမိတို့အနေနှင့် အဓိကအားဖြင့် ကာကွယ်ရန်၊ ကုသရန်လုပ်ငန်းများနှင့် counseling ခေါ်သည့် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများ ပါဝင်သော PEN ဆိုတဲ့ strategy ကိုလည်း မိမိတို့ သုံးစွဲနေပါကြောင်း၊ ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများနှင့် ကင်းဝေးပြီး သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ခုနတင်ပြခဲ့သည့်နှစ် မဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ သုတေသနလုပ်ငန်းများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဇာတ်လမ်းတိုများ၊ စကားဝိုင်းများကို မြန်မာအသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားများမှာ ထည့်သွင်းပြသ၊ ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရှေ့ဆက် ရေရှည်လုပ်ငန်းများ အနေနှင့် မိမိတို့ ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်များ ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။