(ခ)-လွှတ်တော်ကိုယ်စားလှယ်များအပါအဝင်အစိုးရ ဌာနဆိုင်ရာတို့၏အမှန်တကယ်သုံးစွဲကုန်ကျမှုမှာချ ထားပေး သည့် ခေါင်းစဉ်များဖြင့် လွဲချော်နေသဖြင့် စည်းကမ်းသတ်မှတ်ချက်များကိုပြန်လည်ရေးဆွဲပေး ရန် အစီအစဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၁.၁၁.၂၀၁၄)

ဦးရဲထွန်း (သီပေါ)

ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကို နိုင်ငံတော်မှ အသုံးကျစရိတ် ကျပ် (၅၀၀၀၀) ချထားပေးရန်မှာ သတ်မှတ်ထားသည့် ခေါင်းစဉ်များအတိုင်း သတ်မှတ်ထားသော ငွေပမာဏကိုသာ သုံးစွဲခဲ့ကြပါကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အမှန်တကယ်သုံးစွဲသည့် အခါတွင်သတ်မှတ်ထားသည့် အတိုင်း ဖြစ်မလာဘဲ ပိုနေသည့်ခေါင်းစဉ်အောက်မှ ခွင့်ပြုငွေကို လိုနေသည့်ခေါင်းစဉ်အောက်သို့ ဖြည်‌့စွက်ပြောင်းလဲ သုံးစွဲခွင့်မပြုပါကြောင်း၊ ထို့အပြင် တကယ်တမ်းသုံးစွဲကြရသည့် တယ်လီဖုန်းကြေးများ၊ စာစောင်ဖိုးများ၊ ရုံးလုပ်ငန်းသုံး မိတ္တူကူးခများ၊ ဧည့်ခံစရိတ်များ စသည်တို့ကို စာရင်းတင်ခွင့်ပြုရန်နှင့် သုံးစွဲရန်လိုအပ်သည့် ခေါင်းစဉ်ချထားခွင့်ပြုထားပေးသည့် ခေါင်းစဉ်များ မကိုက်ညီဘဲဖြစ်လာသည့်အခါတွင်  စာရင်းစစ်ဌာနမှ လက်ခံလာစေရန် စာရင်းများကို လိမ်လည်ပြီး တင်ပြကြရပါကြောင်း၊ ထိုကဲ့သို့သောပြဿနာကို အစိုးရရုံးတိုင်း ဌာနတိုင်းလိုလိုတွင် ဖြစ်နေသည့်ပြဿနာဟု သိရှိရပါကြောင်း၊ ယခုအခါ မိမိတို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်ရပ်နားချိန် လွှတ်တော်လုပ်ငန်းများလုပ်ကိုင်ရန် ထုတ်ပေးသည့် ကြိုတင်ငွေ ၄ သိန်း ပြဿနာကို ထပ်တွေ့လာရပါကြောင်း၊ မိမိတို့ ကိုယ်စားလှယ်များအတွက် လွှတ်တော်၏ လုပ်ငန်းများဆောင်ရွက်ရာတွင် တက္ကဆီကားခကို ၅၀၀၀ သာ တင်ခွင့်ပြုပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီစသည့် ဘောင်ချာများကို လက်မခံပါကြောင်း၊ ရန်ကုန်မြို့တွင် ငွေကျပ် ငါးထောင်ဆိုသည်မှာ အဝေးဆုံး ခရီးစရိတ် ဖြစ်နိုင်သော်လည်း မိမိတို့ သီပေါတွင် ငါးထောင်ကျပ်ဖြင့် ခရီးစရိတ် မလုံလောက် ပါကြောင်း၊ ထို့ပြင် ဧည့်ခံစရိတ်၊ ဟောပြောပွဲ လှည့်လည် ကြော်ငြာခ၊ လက်ကမ်းစာစောင်ဖိုး ရိုက်နှိပ် ကုန်ကျစရိတ် စသည့်အတွက်လည်း ခွင့်ပြုငွေမပါရှိပါကြောင်း၊

ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အစိုးရဌာနဆိုင်ရာများ၏ အမှန်တကယ်သုံးစွဲကုန်ကျငွေမှာ ချထားပေးသည့် ခေါင်းစဉ်များနှင့် လွဲချော်နေသဖြင့် လိမ်လည်၍ စာရင်းတင်ပြခိုင်းသကဲ့သို့ ဖြစ်နေသည်ကို သက်ဆိုင်ရာက သိရှိခြင်းရှိ/မရှိနှင့် ထိုသို့ဖြစ်ပေါ်မှုများကို ရှောင်ရှားရန်အတွက် သုံးစွဲငွေစာရင်းအမှန်နှင့် ခွင့်ပြုငွေကိုက်ညီစေရန် မမျှော်လင့်နိုင်သည့် ကိစ္စများအတွက် ဖြေလျော့သုံးစွဲခွင့်ရရှိရန် ဒေသဆိုင်ရာအလိုက် အောက်ခြေနှင့် ဆွေးနွေးတိုင်ပင်ပြီး စည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်ရေးဆွဲပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်အစိုးရဌာနဆိုင်ရာတို့၏ အမှန်တကယ် သုံးစွဲကုန်ကျမှုများအတွက် ငွေစာရင်းခေါင်းစဉ်များကို ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနအနေဖြင့် ၁၀-၄-၁၉၇၂ ရက်စွဲဖြင်‌့ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ဒေသန္တရ အဖွဲ့အစည်းများ၊ ပြည်နယ်ဦးစီးအဖွဲ့များအတွက် သာမန်အသုံးစရိတ်စာရင်းတွင် အသုံးပြုမည့် ဘတ်ဂျတ်ခေါင်းစဉ် အမှတ်အသားများကို စာအုပ်ဖြင့်လည်းကောင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၄-၅-၁၉၇၆ ရက်စွဲပါ စာအမှတ်၊ ဘ-၆ (၁-၁၀)၊ ၈၈၈(၇၆)ဖြင့် ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မတီနှင့် ဘဏ်များအတွက် အသုံးစရိတ်ငွေစာရင်း ခေါင်းစဉ်များကိုလည်းကောင်း အသေးစိတ်ဖော်ပြလျက် ထုတ်ပြန်ထားပါကြောင်း၊ အဆိုပါစာအုပ်များတွင် ငွေစာရင်းခေါင်းစဉ်များနှင့် ကျခံရမည်‌့ အသုံးစရိတ် အမျိုးအစားများကို ယှဉ်တွဲ ဖော်ပြထားပါကြောင်း၊

          ၁၉၇၂ နှင့် ၁၉၉၄ ခုနှစ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာနမှ ထုတ်ပြန်ခဲ့သည့် အခြေခံစာရင်းပြု ဌာနများအတွက် ငွေစာရင်းထိန်းသိမ်းရေး နည်းလမ်းညွှန်ကြားချက် စာအုပ်တွင် အစိုးရဌာနများ၏ အခြေခံစာရင်းပြုဌာနတိုင်းရဲ့ ငွေထုတ်သူအရာ ရှိတိုင်းသည် ၎င်း တို့ရုံးတွင် စာရင်းထိန်းသိမ်းထားရှိရေးနှင့် ဦးစီးဌာနသို့ စာရင်းပေးပို့ရေးအတွက် လိုက်နာကျင့်သုံးရမည့် စာရင်းပြုနည်း ညွှန်ကြားချက်ကို ထုတ်ပြန်ထားပါကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနက ၁၅-၅-၁၉၈၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၂/၈၆ဖြင့် ထုတ်ပြန်ခဲ့သည့် ဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ၊ နိုင်ငံတော်၏ စီပွားရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးကော်မတီနှင့် အဖွဲ့များကလုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းဆိုင်ရာ အမိန့်ကြော်ငြာစာနှင့် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေတို့အရ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ ပိုလျှံငွေရှိသည့် ငွေစာရင်းခေါင်းစဉ်မှနေပြီး လိုငွေဖြစ်ပေါ်သည့် ငွေစာရင်းခေါင်းစဉ်ကို လွှဲပြောင်းသုံးစွဲနိုင်ပါကြောင်း၊ ဦးစီးဌာနတစ်ခု၏  ညွှန်ကြားရေးမှူးချုပ်သာ သာမန်အသုံးစရိတ် ငွေစာရင်းခေါင်းစဉ် ၀၁။ လစာစရိတ် ချီးမြှင့်ငွေ ၀၂၊ ခရီးသွားလာစရိတ်၊ ၀၃။ ပစ္စည်းများလုပ်အားနှင့် ဆောင်ရွက်ပေးမှုအတွက် ကုန်ကျစရိတ်၊ ၀၄။ ပြင်ဆင်ထိန်းသိမ်းစရိတ်၊ ၀၅။ လွှဲပြောင်းသုံးစွဲငွေတို့အတွင် ပိုလျှံသောငွေကို လိုငွေပေါ်ပေါက်သော ငွေစာရင်းခေါင်းစဉ်တစ်ခုသို့ လွှဲပြောင်းသုံးစွဲ ခွင့်ပြုနိုင်ပါကြောင်း၊ ငွေစာရင်းခေါင်းစဉ် ၀၆။ ဧည့်ခံကျွေးမွေးစရိတ် ၀၇။ နှင့် သီးသန့်စရိတ်များမှာ ထူးခြားသော သာမန်အသုံးစရိတ်များဖြစ်သည့်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များပါ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရပါကြောင်း၊ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲသည့် အသုံးစရိတ်များနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများမှာလည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သည့် ပြောင်းလဲချိန်များကို အမှန်စာရင်းများတွင်လည်းကောင်း  ထည်‌့သွင်းဖော်ပြရမည် ဖြစ်ပါကြောင်း၊

          ခရီးစရိတ်နှင့်ပတ်သတ်ပြီး ငွေပမာဏဖြင့် ကန့်သတ်ထားမှုမရှိပါကြောင်းနှင့် ၁၉၆၀ ခုနှစ် မြန်မာနိုင်ငံခရီးစရိတ်လက်စွဲပါ ပြဋ္ဌာန်းချက်များအတိုင်း အမှန်ကုန်ကျစရိတ်ကို ခံစားခွင့်ရှိပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ငွေစာရင်းခေါင်းစဉ်အလိုက် ကျခံရမည့် အသုံးစရိတ်နှင့် အမျိုးအစားများကို ခေတ်ကာလနှင့် လျော်ညီမှုရှိစေရေးအတွက် ထပ်မံဖြည့်စွက်ရန် လိုအပ်သည့်အတွက် စိစစ်သုံးသပ်မှုများ ပြုလုပ်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၅-၈-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ဘခ-၃။၂၀(၄၁၇၈။၂၀၁၄)နှင့် လည်းကောင်း ဌာန၊ အဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းများတာဝန်ဖြင့် ခရီးသွားရာတွင် ခွင့်ပြုသည်‌့ ခရီးစရိတ်၊ ခရီးသွားနေ့တွက်စရိတ်နှင့် အချိန်ပိုဆောင်ရွက်မှုများ၊ ကျွေမွေးစရိတ်စသည့် အသုံးစရိတ်များကို စိစစ်သုံးသပ်ရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁-၁၀-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ဘခ-၃။၂၀(၅၁၀၅။၂၀၁၄) ဖြင့်လည်းကောင်း ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများသို့ တောင်းခံပြီး စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးအနေနှင့်လည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲနေသည့် အစိုးရအဖွဲ့အစည်းများ၊ ဌာနများ၏ ဘဏ္ဍာရေးစာရင်းများကို စစ်ဆေးခြင်း Financial Audit၊ ဥပဒေစည်းမျဉ်းစသည်များ လိုက်နာမှုကို စစ်ဆေးခြင်း Compliance Audit၊ လုပ်ငန်းဆောင်ရွက်မှုကို စစ်ဆေးခြင်း Performance Audit စသည်တို့ အား ၆ လ(၁) စစ်ဆေးပြီး အစီရင်ခံစာ တင်ပြလျက်ရှိပါကြောင်း၊ ထို့အပြင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ငွေစာရင်းခေါင်းစဉ် အလိုက် ခွင့်ပြုသုံးစွဲငွေများကို ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ ထိထိရောက်ရောက် အလေအလွင့်မရှိ သုံးစွဲခြင်းရှိ/မရှိ၊ ခွင့်ပြု သုံးစွဲငွေများနှင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်း စီမံကိန်းများကို ရည်မှန်းချက်အတိုင်း အောင်မြင်ပြီးမြောက်ခြင်းရှိ/မရှိ စာရင်စစ်များမှ စစ်ဆေးကြရပါကြောင်း၊ ယခုလို စစ်ဆေးသည့်အခါတွင်လည်း အသုံးစရိတ်များကို မှန်ကန်သည့် ငွေစာရင်းခေါင်းစဉ်များမှာ မှန်ကန်စွာ ဖော်ပြထားမှုမရှိခြင်းများ၊ သတ်မှတ်ပြဋ္ဌာန်းထားသော ငွေစာရင်းခေါင်းစဉ်အလိုက် ကျခံရမည့် အသုံးစရိတ် အမျိုးအစားများမှာလည်း ခေတ်ကာလနှင့် လျော်ညီမှုမရှိသဖြင့် ခေတ်ကာလနှင့် လျော်ညီမှုရှိစေရေးအတွက် ထပ်မံဖြည်‌့စွက်ရန် လိုအပ်နေခြင်းများကို စစ်ဆေးဖော်ထုတ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အစီရင်ခံစာ တင်ပြခဲ့ပါကြောင်း၊ သို့ပါ၍ ငွေစာရင်းခေါင်းစဉ်အလိုက် ကျခံရမည့် အသုံးစရိတ်များနှင့် ဝန်ထမ်းများ တာဝန်ဖြင့် ခရီးသွားရာတွင် ခွင့်ပြုသည့်ခရီးစရိတ်၊ ခရီးသွားနေ့တွက်စရိတ်၊ အချိန်ပိုဆောင်ရွက်မှုများတွက် ကျွေးမွေးစရိတ် စသည့် အသုံးစရိတ်များကို ခေတ်ကာလနှင့်လျော်ညီမှုရှိစေရေးအတွက် စိစစ်သုံးသပ်၍ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။