(က)-တရုတ်-မြန်မာနယ်စပ်၊ တိန်ရန်တု ကူးတို့ ဆိပ်နေရာတွင် စစ်ဆေးရေးစခန်းဖွင့်လှစ်ရန်နှင့် သံလွင်မြစ်ကူးတံတားတည်ဆောက်ရန်အစီအစဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၁.၁၁.၂၀၁၄)

ဦးကျော်နီနိုင် (လောက်ကိုင်) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံလင်ခရိုင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ပညာရေးနှင့် ရိုးရာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး၊ တိန်ရန်တု ကူးတို့ဆိပ်၊ သံလွင်မြစ်ကျော် နယ်စပ်တံတားတည်ရန်အတွက် နှစ်ဦးနှစ်ဖက်မှ ကိုယ်စားလှယ်များသည် ၁၀-၈-၂၀၁၃ ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းသဘောတူညီမှုရပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြထားသည်ကို သိရှိရပါကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့အစိုးရ၏ လုံလင်ခရိုင် မုံချင်ကျေးရွာအုပ်စု တိန်ရန်တု ကူတိုးဆိပ်မှ မြန်မာနိုင်ငံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မော်ထိုက်မြို့နယ်ခွဲသို့ ဆက်စပ်သည့် သံလွင်မြစ်ကျော် နယ်စပ်တံတားတည်ဆောက်ရန်နှင့် အဆိုပါနေရာအား တရားဝင် ဝင်/ထွက်သွားလာနိုင်သော နယ်စပ် စစ်ဆေးရေးစခန်းအဖြစ် ဖွင့်လှစ်ရန် တင်ပြထားခြင်းဖြစ်ပြီး ၎င်း သဘောတူညီချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်နိုင်ငံ ဆက်သွယ်သွားလာရေး ပိုမိုမြန်ဆန်စေပြီး ကုန်စည်စစ်ဆေးရေးနှင့် ကိုးကန့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာအထောက်အကူ ပြုနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရမှ တိန်ရန်တု ကူးတို့ဆိပ် သံလွင်မြစ်ကျော် နယ်စပ်တံတား တည်ဆောက်ခြင်းနှင့် တရားဝင် နယ်စပ်စစ်ဆေးရေးစခန်း ဖွင့်လှစ်ခြင်းကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ မည်သည့်အဆင့်အထိ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းနှင့် မရှိပါက အဘယ်ကြောင့် ဆောင်ရွက်မပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ဦးမြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင်အမှတ်(၁၂၅) အနီး ရန်လုံကျိုင်းတွင် နယ်စပ် ဝင်/ထွက်ဂိတ်ခွဲ တစ်ခု ဖွင့်လှစ်ရန်နှင့် မော်ထိုက်မြို့နယ်ခွဲ တိန်ရန်တုတွင် နှစ်နိုင်ငံ သံလွင်မြစ်ကူးတံတား ဆောက်လုပ်ရန်နှင့် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ရန်ကိစ္စများသည် ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ချောမောစေရေးတို့အတွက် အထောက်အကူပြု လုပ်ငန်းများဖြစ်ပါကြောင်း၊ ယင်းကိစ္စများသည် သက်ဆိုင်ရာဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပြင် နယ်စပ်ဒေသလုံခြုံရေး ကိစ္စရပ်များ ပါဝင်နေသောကြောင့် ၂၇-၈-၂၀၁၄ ရက်နေ့တွင် ပြုလုပ်သည့် တိုင်းရင်းသားရေးရာနှင့် ပြည်သူ့ရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၄)၌ ယင်းကိစ္စ ရပ်များကို ရှမ်းပြည်နယ်အစိုးရအပါအဝင် သက်ဆိုင်ရာပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေး ၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ သမ္မတရုံး (၆)၊ နိုင်ငံခြားရေးရာ၊ သာသနာရေး၊ ယဉ်ကျေးမှု၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ပြန်ကြားရေး၊ ပို့ဆောင်ရေး ၊ ပညာရေး၊ ဆောက်လုပ်ရေး၊ ရထားပို့ဆောင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ရုံးတို့မှ ပါဝင်ဆွေးနွေး ခဲ့ကြပါကြောင်း၊ ဆွေးနွေးသည့်အခါတွင်လည်း သက်ဆိုင်ရာနယ်မြေအတွင်း ရန်လုံကျိုင်း ဒေသတွင် နယ်စပ်ဝင်/ထွက်ခွင့်ရှိနေပြီး လက်ရှိနယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု အခြေအနေများကြောင့် ကုန်ကြမ်းမြို့နယ်၊ မော်ထိုက်မြို့နယ်ခွဲရှိ တိန်ရန်တုတွင် သံလွင်မြစ်ကျော် တံတားတစ်ဆင်း တည်ဆောက်ပေးရန်နှင့် နှစ်ဖက်စစ်ဆေးရေးဂိတ်များ ဆောင်ရွက်ပေးရန်ကိစ္စအား နိုင်ငံတော်၏ ရေရှည်အမျိုးသားအကျိုးစီးပွားအတွက် လက်ရှိအခြေအနေတွင် ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း၊

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်ခွဲနှင့် တရုတ်နိုင်ငံ၊ လုံလင်ခရိုင် အကြား သံလွင်မြစ်ကူးတံတားဆောက်လုပ်ရန် တရုတ်ဘက်မှ တံတားအရှည် ၁၅၅ မီတာ၊ ယာဉ်သွား လမ်း ၇ မီတာ၊ လူသွားလမ်း တစ်ဖက်လျှင် ၁၀ မီတာအကျယ်နှင့် သံမဏိသံပေါင်အမျိုးအစား တံတားဆောက်လုပ်ရန် တရုတ်ဘက်မှ အဆိုပြုထားပြီး တံတားတည်ဆောက်ပြီးစီးပါက နှစ်ဖက်ဝင်/ထွက်နိုင်ရန် စစ်ဆေးရေးဂိတ်တစ်ခု ဖွင့်လှစ်ရန်ရှိသည်ကို သိရှိရပါကြောင်း၊  မြန်မာနှင့်တရုတ် နှစ်နိုင်ငံအကြားတွင် နယ်စပ်ဝင်/ထွက်ဂိတ် စုစုပေါင်း ၈ ခုရှိပြီး နယ်စပ်ဝင်/ထွက်ဂိတ်များ အသစ်ဖွင့်လှစ်ရာတွင် လုံခြုံရေး၊ ကုန်သွယ်မှုအလားအလာနှင့် ဒေသဖွံ့ဖြိုးရေးစသည့် အချက်အလက်များကို ခြုံငုံသုံးသပ်ပြီးမှ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ယင်းဒေသ၌ ချင်းရွှေဟော်နှင့် ရန်လုံကျိုင်းဂိတ် နှစ်ခုရှိနေပြီး ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၀၉ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သည့် အရေးအခင်းပြီးနောက်ပိုင်း လောင်းကစားမှုနှင့် တရားဝင် မဟုတ်သည့် စီးပွားရေးလုပ်ငန်း နှိမ်နှင်းရေးအပါအဝင် ယင်းဒေသအတွင်း တရားဥပဒေစိုးမိုးရေး အတွက် နိုင်ငံတော်အစိုးရမှ ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါဒေသရှိ လက်ရှိရှိပြီး နယ်စပ်ဂိတ်များတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုများကို နိုင်နင်းစွာဆောက်ရွက်ပြီးမှသာ နှစ်နိုင်ငံအကြား နယ်စပ်ဝင်/ထွက်ဂိတ်များ တိုးချဲ့ဖွင်‌့လှစ်သွားရန်နှင့် တံတားတည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နယ်စပ်ဂိတ်များ၊ တံတားများ ဖွင့်လှစ်တည်ဆောက်ရာတွင် ဒေသခံ ပြည်သူများ၏ အကျိုးစီးပွားကို အလေးပေး ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။