ချောင်းဆုံမြို့နယ် ဒေသခံများအနေဖြင့် (၁) လယ်ယာလုပ်ငန်း၊ (၂) ဥယျာဉ်ခြံလုပ်ငန်း၊ (၃) မွေးမြူရေးနှင့် ရေလုပ်ငန်း၊ (၄) စက်မှုလုပ်ငန်းတို့်ကို အဓိကထားလုပ်ကိုင်ကြရပါကြောင်း၊ လယ်ယာလုပ်ငန်း အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ချောင်း၊မြောင်း ရေကာတာများကို ကောင်းမွန်အောင် ဂရုတစိုက် ဆောင်ရွက်ပေး လျက်ရှိပါသော်လည်း မိမိတို့ ဒေသသည် ရေနက်ကွင်းပေါများခြင်း၊ သံလွင်မြစ်စီးဆင်းသည့်မြစ်ဝတွင် စီးဆင်းနေခြင်း၊ ရေပတ်လည်ဝန်းရံထားသည့်ကျွန်း ဖြစ်နေခြင်း၊ ဒယ်အိုးသဖွယ် ပုံသဏ္ဍာန်ဖြစ်နေခြင်း၊ မိုးရေချိန်လက်မ ၂၀၀ ကျော်ရွာသွန်းသောဒေသဖြစ်ခြင်းတို့ကြောင့် ရေကြီး ရေလျှံသည့်ဒဏ်ကို နှစ်စဉ်နှစ်တိုင်းခံစားရပါသဖြင့် စိုက်ပျိုးသောစပါးများ ရေနစ်မြုပ်ပြီးစပါးမရရှိသော လယ်မြေများ နှစ်စဉ်အနည်းနှင့်အများ ဆောင်းနှင့်နွေရာသီ များတွင်လည်း ဆည်ရေမရရှိပါသဖြင့် ဆောင်းသီးနှံနှင့် နွေစပါးတို့ကို စိုက်ပျိုးနိုင်ခြင်းမရှိကြသည့်အတွက် သုံးရာသီစလုံးတွင် လုပ်ငန်းမတွင်ကျယ်၊ တွက်ခြေမကိုက်ဖြစ်နေကြရကြောင်း၊ ဥယျာဉ်ခြံလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းများတွင်လည်း သမရိုးကျနှင့် မိရိုးဖလာစနစ်ဖြင့် တစ်ပိုင်တစ်နိုင်မျှသာ လုပ်ကိုင်နိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ အကျိုးရှိသင့်သလောက် မရှိဘဲ ဖြစ်နေပါကြောင်း၊
သို့ဖြစ်ပါ၍ ယင်းလုပ်ငန်းလေးမျိုးတို့သည် အောင်မြင်မှု ရာခိုင်နှုန်း အလွန်နည်းပါးသည့်အပြင် အချို့လုပ်ငန်းများတွေကို ရပ်ဆိုင်း လိုက်ရခြင်းတို့ကြောင့် ကျေးလက် ဒေသခံပြည်သူများတို့သည် အလုပ်လက်မဲ့ ဘဝသို့ ရောက်ရှိပြီး ဆင်းရဲနွမ်းပါးမှုဒဏ်ကို ပိုမိုခံစားနေကြ ရပါကြောင်း၊ တင်ပြလိုပါတယ်။
သို့ဖြစ်ပါသဖြင့် အဆိုပါ လုပ်ငန်းတို့အတွက် တိုးတက်မှုရှိသောနည်းစနစ်ကောင်းများကို နိုင်ငံတော်မှ ဦးဆောင်လမ်းညွှန်မှုပေးနိုင်ပါရန်နှင့် ချောင်းဆုံမြို့နယ်ရှိ တောင်သူလယ်သမားများ တွေ့ကြုံနေရသော ရေကြီးရေလျှံသည့်ဒုက္ခများတို့ကို ကွင်းဆင်းလေ့လာတိုင်းတာပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင် ရွက်ပေးပါရန်နှင့် နွေရာသီသီးနှံများစိုက်ပျိုးနိုင်ရန် ဒေသ၏ဂေဟစနစ်မထိခိုက်စေဘဲ ဆည်များတည်ဆောက်ပေးနိုင်သော အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်းနှင့် အီအစဉ်ရှိပါက ဆောင်ရွက်ပေးမည့် ကာလတွင် မည်ကဲ့သို့ ဆောင်ရွက်မည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါ ကြောင်းမေးမြန်းပါသည်။
မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်တွင်တည်ရှိသော ဘီးလူးကျွန်းသည် မိုးရာသီကာလတွင် ရေကြီးနစ်မြုပ် မှုများ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိသဖြင့် ရေငန်တားတာများ ရှေးယခင်ကပင် တည်ဆောက်ပေးခဲ့ပါသော်လည်း ရေတံခါး များထည့်သွင်းတည်ဆောက်နိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက် မိုးသည်းထန်စွာ ရွာသွန်းသည့်ကာလနှင့် ထူးကဲ ဒီရေတက်သည့်ကာလတို့ ကြုံကြိုက်သည့်အချိန်တွင် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှု၊ ပျက်စီးဆုံး ရှုံးမှုများ ဖြစ်ပေါ်လေ့ရှိပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေများရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရန် အတွက် သဘာဝရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် ရေငန်တားတာများ တာပုံစံကျ ပြုပြင်ခြင်းလုပ်ငန်းများကို ဆည်မြောင်းဦးစီးဌာနမှ နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁မှ ၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ ရေနုတ်မြောင်း ၁၂ ခုနှင့် ရေငန်တားတာပုံစံကျပြုပြင်ခြင်း တစ်ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဧရိယာဧက ၁၃၀၀၀ကျော်ကို ရေဘေးကာကွယ်ပေးနိုင်ခဲ့သည့်အပြင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင်လည်း ရေဘေးကာကွယ် ဧက ၂၂၀၀ ဧကကို အကျိုးပြုနိုင်မည့် မုကွဲ-မုခနိတူးမြောင်းနှင့် အဝပြဲချောင်းတူးမြောင်းတူးဖော်ခြင်း၊ ဇီးကုန်းဆယ်ပလာတာတမံပြုပင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ဆက်လက်၍ ဆပီလခတ်ချောင်းတူးဖော်ခြင်း လုပ်ငန်းကိုလည်း ပွင့်လင်းရာသီတွင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကွမ်လှာတူးမြောင်း၊ ကွမ်တော်ချောင်းနှင့် မုဒွန်းကြီးချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းလေ့လာ တိုင်းတာလျက်ရှိပြီး လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊
ရေကြီးနစ်မြုပ်မှုများအား အပြည့်အဝကာကွယ်နိုင်ရန် ရေငန်တားတမံများ ပြုပြင်တည်ဆောက်ပေးရန်လည်း လိုအပ်သည့်အတွက် ပင်လယ်ရေငန် ဝင်ရောက်မှု ကာကွယ်ရန်အတွက် တည်ဆောက်ထားသော ရေငန်တားတမံများကို နှစ်စဉ်ရရှိသည့် ရန်ပုံငွေအခြေအနေအရ သာမန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများသာ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် တာတမံများကို ပုံစံကျပြန်လည်ပြုပြင်ရန်နှင့် လိုအပ်သည့်နေရာ များတွင် ရေချိုသိုလှောင်နိုင်မည့် ရေတံခါးများ ထည့်သွင်းတည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်တိုင်းတာခြင်းနှင့် ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
နွေရာသီသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် စိန်မြတောင်ရေလှောင်တမံ နှင့် ကတောင်စိန်ရေလှောင်တမံ တို့အား တည်ဆောက်နိုင်ရန် ယခင်က ပဏာမစူးစမ်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည့်အတွက် မြေပြင်တိုင်းတာ ခြင်းလုပ်ငန်းများ၊ ဇလဗေဒနှင့် ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု စီးပွားဘဝ ထိခိုက်နိုင်မှုဆန်းစစ်ချက် EIA,SIA လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပြီး နောက် အားသာ ချက်များရှိမှုအပေါ်တွင် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
