မြေပုံမြို့နယ်၊ ငမန်းရဲ ကျွန်းသည် အလျားမိုင် ၃၆ မိုင် ဧရိယာဧက ၁၂၃၀၀ ရှိပါကြောင်း၊ ၂၀၀၄ခုနှစ်ခန့်တွင် မုန်တိုင်းတိုက်ခြင်းခံရသည့်အတွက် တာတမံသည် ပျက်စီးခဲ့ပါကြောင်း၊ ထို့နောက် နိုင်ငံတော်အစိုးရက ဝင်ရောက်ဆောင်ရွက်ခြင်းမရှိ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပုစွန်ကွင်းများကို ယင်းတာတမံထဲတွင် တည်ဆောက်ခဲ့ကြပါကြောင်း၊ ထို့ကြောင့် ဒေသခံအလုပ်သမားများနှင့် ပြဿနာဖြစ်ခဲ့ကြပါကြောင်း၊
မိမိအနေဖြင့် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ပြည်သူ့လွှတ်တော်မှာ ယင်းနှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခဲ့ရာ ငမန်းရဲကျွန်း တာတမံကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစတွင် အပြီးဆည်ဖို့ရန် ကတိပေးဖြေကြားခဲ့သည့်အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက နိုင်ငံတော်သမ္မထံကို သီးသန့် သဝဏ်လွှာ ပေးပို့ရာတွင် သမ္မတထံမှ ၂/၄/၂၀၁၄ ရက်စွဲပါစာအမှတ်-၁၀၈(၁၁/၈/သမ္မတရုံးစာဖြင့် တာပတ်ခြင်းလုပ်ငန်းအား ယခုနှစ်အတွင်း အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တာတမံပြီးစီးပါက ပုစွန်မွေးမြူနေခြင်းအား ပြေလည်အောင် ဖြေရှင်းပေးပါမည် ဆိုပြီး ကတိပေး ဖြေကြားသွားခဲ့ပါကြောင်း၊ သို့သော် ယနေ့အထိ ယင်းလုပ်ငန်းများ အကောင်အထည် မပေါ်သည့်အတွက် လွှတ်တော်တွင် ဆက်လက် မေးခွန်းမေးမြန်းထားပါကြောင်း၊
(၁) ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ငမန်းရဲ ကျွန်းတာတမံတာပတ်ခြင်းလုပ်ငန်းအား အပြီးဆည်ဖို့ရန် လျာထားသတ်မှတ်ထားသော်လည်း မပြီးနိုင်ခဲ့သည်ဖြစ်ရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်ပြီးအောင် ဆည်ဖို့ပေးနိုင်ခြင်းရှိ/မရှိ၊ (၂) စပါးစိုက်ပျိုးရန် ရေအချက်ဖြင့် နိုင်ငံတော်က ဘဏ္ဍာကို အသုံးပြု၍ တည်ဆောက်ပေးသော ငမန်းရဲကျွန်း အစိုးရ တာထဲတွင် ဆည်မြောင်းဥပဒ၊ လယ်ယာမြေဥပဒများကို ချိုးဖောက်၍ တရားမဝင်ပြုစုထားသော ပုစွန်ကွေးများအားမည်သို့ ဖယ်ရှားပေးပါမည်နှင့် (၃) ဥပဒေကို ချိုးဖောက်နေပါလျှက်နှင့် အရေးယူမဆောင်ရွက်ခြင်း၊ နီးစပ်ရာမြို့နယ်များတွင် အစိုးရတာများရှိ စပါးကွင်းများ ကို ပုစွန်ကွင်း ပြုလုပ်လာကြသည့်အတွက် လူမှုဆိုးကျိုးများပေါ်ပေါက်နေသည်ကို သိရှိခြင်းရှိ/မရှိနှင့် ဤသို့မဖြစ်ရရန် မည်သို့ကာကွယ်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ လယ်ယာ မြေများ ရေငန်ဝင်ရောက်မှုမှ ကာကွယ်ရန်၊ ရေဘေးကာကွယ်ဧရိယာအတွင်း မိုးစပါးစိုက်ဧကများ တိုးချဲ့ရန်နှင့် သီးနှံအထွက်နှုန်းတိုးစေရန်ရည်ရွယ်၍ ငမန်းရဲကျွန်းတာ အလျား ၃၆ မိုင်ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၁၉၈၆-၁၉၈၇ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ၁၉၈၇-၁၉၈၈ ဘဏ္ဍာရေးနှစ်တွင် ရေတံခါးခြောက်လုံး ထည့်သွင်းဆောင်ရွက် ပေးခဲ့သည့်အတွက် ဆောင်ရွက်ပေးခဲ့သဖြင့် လယ်ယာမြေဧရိယာ ၁၂၃၀၆ ဧကကို ရေဘေးကာကွယ်နိုင်ခဲ့ပြီး နှစ်စဉ်ပျမ်းမျှ မိုးစပါးဧက ၈၅၀၀ ခန့် စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊
မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သော ငမန်းရဲကျွန်းတာ ပုံစံကျပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအား နှစ်စဉ်ခွဲဝေရရှိ သည့် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၀၉-၂၀၁၄ ဘဏ္ဍာရေးနှစ် အထိ စုစုပေါင်းအလျား ၂၅.၄၃ မိုင်အား ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အလျား ၅.၅၇ မိုင်အား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိသော အလျားငါးမိုင်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် ၂၀၁၅ ခုနှစ် မိုးရာသီမတိုင်မီ ရာနှုန်းပြည့် ပြီးစီးအောင် ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် မူလရေတံခါးငါးလုံး အထွေထွေပြုပြင်ခြင်းနှင့် ရေတံခါးအသစ်သုံးလုံး တည်ဆောက်ခြင်းအတွက် ရန်ပုံငွေရရှိရေးကို ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဆောင်ရွက်ရန် ညှိနှိုင်းထားရှိပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးတို့သည် ၂၅-၃-၂၀၁၃ ရက်နေ့တွင် ငမန်းရဲကျွန်းတာအတွင်းရှိ ပုစွန်ကွင်း၊ ပုစွန်ကန်များသို့ ကွင်းဆင်းစစ်ဆေးချက်အရ ရေငန်တားတာပြုပြင်ခြင်းလုပ်ငန်းများအား ရာခိုင်နှုန်းပြည့်မပြီးစီးမီအချိန်ကာလအတွင်း လက်ရှိဆောင်ရွက်နေသည့် ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့ကို လက်ရှိအခြေ အနေအတိုင်း ထားရှိလုပ်ကိုင်သွားပြီး တာပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသွားသည့်အချိန်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ နှစ်ဦးနှစ်ဘက် ထိခိုက်နစ်နာမှုမရှိသော လုပ်ငန်းဇုန်များသတ်မှတ်၍ ဇုန်နှစ်ခုအကြား တာတမံပိုင်းခြား တည်ဆောက်ပေး ရေးအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ညှိနှိုင်းစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသွားပါသည်။
