၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်း၏ လူမှုရေးကဏ္ဍနှင့် စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၃၃ ခုရှိပါကြောင်း၊ Analogue စနစ်မှ Digital စနစ်သို့ ပြောင်းလဲထုတ်လွှင့်မည့် နယ်မြေများရှိ အခြေခံလူတန်းစားများသို့ Digital TV အစီအစဉ်များ ဖမ်းယူကြည့်ရှုနိုင်ရန်အတွက် ကြားခံစက်များဝယ်ယူ၍ အခမဲ့ဖြန့်ဝေပေးခြင်းဖြင့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ဖော်ပြ ထားသည်ကို တွေ့ရှိရပါကြောင်း၊ ပြန်လည်ရေးဝန်ကြီးဌာနသည် ၎င်း၏ လုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို သိရှိလိုပါသဖြင့် Analogue စနစ်မှ Digital စနစ်သို့ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်ရုံးများအဖြစ် ပြောင်းလဲတပ်ဆင်နေသည့် စက်ရုံ မည်မျှရှိသည်နှင့် Digital စနစ်သို့ ပြောင်းလဲတပ်ဆင်ပြီးနောက် ၎င်းနယ်မြေများတွင်ရှိသော အခြေခံလူတန်းစာများကို Digital TV အစီအစဉ်များ ဖမ်းယူကြည့်ရှုနိုင်ရန်အတွက် ကြားခံစက်များ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ရုပ်သံ Channel တစ်ခုနှင့် ရုပ်သံလိုင်း တစ်လိုင်းတည်း ထုတ်လွှင့်နိုင်သည့် Analogue စနစ်မှ ရုပ်သံ Channel တစ်ခုတည်းနှင့် ရုပ်သံလိုင်း ၁၅ လိုင်းအထိ တိုးချဲ့ထုတ်လွှင့်နိုင်သော Digital စနစ် DVB- T2 ကို အသွင်ကူးပြောင်းထုတ်လွှင့်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအဆင့်မှာ စက်ရုံကြီး ၃ ရုံဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွင် Digital စနစ်သို့ ကူးပြောင်းထုတ်လွှင့် ဆောင်ရွက်ခဲ့ပြီး ၁၅-၁၀-၂၀၁၃ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့ပါကြောင်း၊ အဆိုပါ စက်ရုံများမှ Digital ရုပ်သံလိုင်းများဖြစ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလိုင်း၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း၊ လွှတ်တော်ရုပ်သံလိုင်း၊ တောင်သူလယ်သမား ရုပ်သံလိုင်း၊ စာဖတ်သူတို့ ရုပ်သံလိုင်းနှင့် Myanmar International ရုပ်သံလိုင်း စသည့် ၆ လိုင်းကို ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများတွင် စက်ရုံ ၂၂ ရုံကို Digital စနစ်သို့ ပြောင်းလဲတပ်ဆင်ပြီး ဖြစ်ပါကြောင်း၊ တတိယအဆင့်အနေဖြင့် ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စက်ရုံ ၆၈ ရုံ၌ Digital စနစ်သို့ ပြောင်းလဲတပ်ဆင်နိုင်ရေးအတွက် စက်ပစ္စည်းများ ဝယ်ယူပြီးဖြစ်ပါကြောင်း၊ ၎င်းတို့အနက် အချို့ရောက်ရှိပြီးဖြစ်ရာ လွှင့်စက်များတပ်ဆင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ Digital စနစ်သို့ ကူးပြောင်းပြီး စက်ရုံ ၂၅ ရုံရှိပြီး ကူးပြောင်းရန် တပ်ဆင်ဆဲ ၆၈ ရုံရှိပါကြောင်း။
စတုတ္ထအဆင့်အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စက်ရုံ ၁၀၀ ရုံ၊ ပဉ္စမအဆင့်အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စက်ရုံ ၅၆ ရုံတို့ကို Digital စနစ်သို့ ပြောင်းလဲထုတ်လွှင့်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလက်အောက်ရှိ ရုပ်သံထပ်ဆင့်လွှင့် စက်ရုံအားလုံး Digital စနစ်ကို ပြောင်းလဲတပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည့်အပြင် လက်ရှိ ထုတ်လွှင့်နေသော Digital ရုပ်သံလိုင်း ၆ လိုင်းကိုလည်း ၁၄ လိုင်းအထိ တိုးချဲ့ထုတ်လွှင့်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော Digital စနစ် ရုပ်သံလိုင်းများ အခမဲ့ကြည့်ရှုနိုင်ရန်အတွက် လူနေမှုအဆင့် (E) ရှိသော အိမ်ထောင်စုများနှင့် Community အဖွဲ့အစည်းများဖြစ်သည့် စီးပွားဖြစ်မဟုတ်သော ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ လူအိုရုံ၊ စာကြည့်တိုက်၊ သာရေး/နာရေး လူမှုရေးအသင်းများကို အခမဲ့ Set-Top Box များ ဖြန့်ဝေပေးရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအချိန်ထိ Set-Top Box(ကြားခံစက်) အခမဲ့ဖြန့်ဝေလှူဒါန်းမှု အခြေအနေမှာ လူမှုအဆင့် (E) ရှိ အိမ်ထောင်စုများအတွက် ၂၅၆၈၁၄ လုံး၊ Community များအတွက် ၃၉၇၆၀ လုံး စုစုပေါင်း Set-Top Box ၃၀၄၉၄၄ လုံး ဖြန့်ဝေပေးပြီးဖြစ်ပါကြောင်း၊ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် Set-Top Box အလုံးရေ ၁၀၆၀၀၀ ခန့် တင်ဒါစနစ်ဖြင့် ဝယ်ယူပြီးဖြစ်ပါကြောင်း၊ ပြောင်းလဲရန်ဆောင်ရွက်ဆဲ စက်ရုံ ၆၈ ရုံကို Digital စနစ် ပြောင်းလဲပြီးပါက ယခုဝယ်ယူသော Set-Top Box များကို သက်ဆိုင်ရာ မြို့နယ်များရှိ ပြည်သူများသို့ ဆက်လက်ပြီး အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် Set-Top Box များကို ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးရာတွင် တိုက်ရိုက်ဖြန့်ဝေပေးခြင်းမရှိဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်သူများကို ဆက်လက်၍ အခမဲ့ ဖြန့်ဝေပေးခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
