(ဆ)-သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အင်အား ၇၀၀၀ မဂ္ဂါဝပ်ရှိသည့် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်း (တာဆန်း)ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၁၆.၉.၂၀၁၄)

ဒေါ်နန်းဝါနု ( ကွန်ဟိန်း မဲဆန္ဒနယ်)ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်အတွင်း သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အင်အား ၇၀၀၀ မဂ္ဂါဝပ်ရှိသည့် မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်း (တာဆန်း) အားပြုပြင်ရန်အတွက် China Three Gorges Corporation, EGAT Int နှင့် IGOEC တို့ MOU လက်မှတ်ရေးထိုးထားကြောင်းသိရှိရပါသည်။ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၄၇၁၇ ထွက်ရှိပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးစာရင်းဝင်မည့် ရေအား လျှပ်စစ်စီမံကိန်းဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါသည်။ ဖြစ်နိုင်ခြေရှိသည့် အစီရင်ခံစာ (FSR) ပြုစုတင်ပြလာပြီး FSR အား ဥပရောပကျွမ်းကျင်သူ အတိုင်ပင်ခံအဖွဲ့အား ငှမ်းရမ်း၍ စစ်ဆေးမည်ဖြစ်ကြောင်း နှင့် ဒေသခံ တိုင်းရင်းသားများက မိမိတို့၏ မူလပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို လွန်စွာ စိုးရိမ် ပူပန်နေကြပါကြောင်း၊ အထူးသဖြင့် ကွန်ဟိန်းမြို့နယ်ရှိ ပြည်သူများက ရေဝပ်ဧရိယာတွင် ကွန်ဟိန်း မြို့နယ်မှ တာကော်တံတားအထိ ရေဝပ်ဧရိယာဖြစ်သည်ဟုဆိုကာ စိုးရိမ်လျက်ရှိနေပါကြောင်း၊ ထိုမျှသာမက သံလွင်မြစ်ပေါ်တွင် ဆည်များတည်ဆောက်၍ ရေအားလျှပ်စစ်စီမံကိန်းများ ပြုလုပ်နေသည်ကို ပြည်သူအများ ကလည်း စိုးရိမ်ပူပန်လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ ရှမ်းပြည်နယ်၊ မိုင်းတုံ မြို့နယ်အတွင်း သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အင်အား ၇၀၀၀ မဂ္ဂါဝပ်ရှိသည့် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်း (တာဆန်း) နှင့် ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေ မည်သည့်အဆင့်သို့ရောက်ရှိနေသည်ကို အကျဉ်းမျှသိရှိလိုပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု ဆန်းစစ်ချက်နှင့် ကာကွယ်ပေးရေး အခြေအနေ (EIA)၊ လူမှုဘဝ ထိခိုက်မှုဆန်းစစ်ချက်နှင့် ကာကွယ်ပေးရေး အခြေအနေ(SIA)ကို ပြည်သူအများ သိရှိနိုင်ရန် မည်ကဲ့သို့ဆောင်ရွက်ထားသည်။ ဒေသခံတိုင်းရင်းသားပြည်သူများ လုံးဝစိုးရိမ်စရာမရှိသော အခြေအနေအထိ ရှိ/မရှိ ကျယ်ပြန့်စွာသိရှိနိုင်ရန် မည်ကဲ့သို့ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊  ရေအားလျှပ်စစ် စီမံကိန်းအောင်မြင်ပါက နိုင်ငံတော် အနေဖြင့် ဒေသခံပြည်သူများဘက်မှ လျှပ်စစ်ဓာတ်အား တိုက်ရိုက်သုံးစွဲခွင့်ရရှိမှုအပြင် အခြားဆက်နွယ်သည့် လူမှုရေးအခွင့်အလမ်း (Social Benefit) နှင့် စီးပွားရေးအခွင့်အလမ်း (Economic Benefit) မည်မျှရသည်ကိုလည်း သိရှိလိုပါကြောင်း၊ အနီးကပ်နေသည့် သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ပြည်သူများအတွက် အကျိုးအမြတ်မည်မျှရမည်ကိုလည်း၊ ရာခိုင်နှုန်းနှင့် ဖော်ပြပေးနိုင် ပါကလည်း ဖော်ပြပေးစေလိုပါကြောင်း၊ ကွန်ဟိန်းမြို့နယ်နေ ပြည်သူများ စိုးရိမ်ပူပန် နေကြသည့်အတိုင်း ရေဝပ်ဧရိယာတွင် ကွန်ဟိန်းမြို့နယ်မှ တာကော်တံတားအထိ ဖြစ်သည်ဆိုခြင်းမှာ မှန်ကန်မှုရှိ/မရှိ။ ဟုတ်မှန်သည်ဆိုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မည်သို့ကုစားပေးမည်ကိုလည်း သိလိုပါကြောင်းနှင့် ရှမ်းပြည်နယ်၊ မိုင်းတုံ မြို့နယ်အတွင်း သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အင်အား ၇၀၀၀ မဂ္ဂါဝပ်ရှိသည့် မိုင်းတုံရေအား လျှပ်စစ်စီမံကိန်း၏ ရေဝပ်ဧရိယာ မည်မျှရှိသည်ကို မြေပုံနှင့်တကွ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေးအထက်သံလွင် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ရှိပါကြောင်း၊ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ ရေးဆွဲရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Three Gorges Corporation ထိုင်းနိုင်ငံ EGAT International နှင့် တိုင်းရင်းသားလုပ်ငန်းရှင်ဖြစ်သော International Group of Entrepreneures Company Ltd. တို့သည် နားလည်မှုစာခွျှန်လွှာ (MOU) ကို ၁၀-၁၁-၂၀၁၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ စီမံကိန်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာ (Feasibility Study Report – FSR) ကို ၂၆-၉-၂၀၁၃ ရက်နေ့တွင်တင်ပြလာခဲ့ပြီးဖြစ်ပါကြောင်း၊ 

ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာပါ တပ်ဆင်စက်အင်အားမှာ ၇၀၀၀ မဂ္ဂါဝပ်ဖြစ်ပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလို ဝပ်နာရီသန်းပေါင်း ၃၄၇၁၇ ထွက်ရှိမည်ဟုလည်း ခန့်မှန်းချက်တွင် ဖော်ပြထားပါကြောင်း၊ အထက်သံလွင် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်း၏ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာအပေါ်တွင် ကွန်ဟိန်းမြို့နယ် တာကော် တံတားသည် ရေဝပ်ဧရိယာအတွင်း ကျရောက်နေတာကို တွေ့ရသည့်အတွက်ကြောင့် အစီရင်ခံစာတွင် တံတားအသစ်တစ်စင်း ပြန်လည်တည်ဆောက်ပေးမည်ဟု ပါရှိပြီးဖြစ်ပါကြောင်း၊ တင်ပြလာသော စီမံကိန်းဆိုင်ရာ FSR ကိုစိစစ်ရန်အတွက် နိုင်ငံခြားအတိုင်ပင်ခံအဖွဲ့တစ်ဖွဲ့ ငှားရမ်းပြီး ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိသည်ဟုလည်း ယူဆမည်ဆိုရင်လျှင် သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင် ကို ဆက်လက်ပြီးလေ့လာစေမည်ဖြစ်ပါကြောင်း၊ ဒီနေရာမှာလည်း လေ့လာရုံသက်သက်မဟုတ်ဘဲ Corporate Social Responsibility ကိုပါ ပူးတွဲတင်ပြသွားစေမည်ဖြစ်ပါကြောင်း၊

အထက်သံလွင် မိုင်းတုံစီမံကိန်း အကောင်အထည်ဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် အပေါ်သက်ရောက်မှု အစီရင်ခံစာ ပြုစုနိုင်ရေးအတွက် သြစတြေးလျနိုင်ငံ အခြေစိုက် Snowy Mountain Engineering Cooperation (SMEC) ကုမ္ပဏီကို တာဝန်ပေးနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကလည်း သဘောတူကြောင်း ပြန်ကြားထားပြီးဖြစ်ပါသည်။ အဆိုပါအဖွဲ့အနေဖြင့် EIA/SIA အစီရင်ခံစာ စနစ်တကျပြုစုပြီး တင်ပြသွားမည်ဖြစ်ပါသည်။ ဒီအစီရင်ခံစာရရှိမှသာ မိမိတို့ အချက်အလက် ပြည့်စုံစွာပါရှိလာမည်ဖြစ်သည့်အတွက်ကြောင့် ဆက်လက်ပြီး လိုအပ်သည့်ကိစ္စများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ရရှိလာသော အစီရင်ခံစာကိုလည်း ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနကို ပြန်လည်တင်ပြပြီး စိစစ်ပြီးသည့် အခါတွင်လည်း စိစစ်သောရလဒ်နှင့် အတူ  အစီရင်ခံစာကို ပြည်သူတွေကို ဆက်လက်ပြီး အသိပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

စီမံကိန်းဆိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက်များ ဆောင်ရွက်နေစဉ်အတွင်း စီမံကိန်းအကောင်အထည်ဖော်သူများအနေနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များကြောင့် ဖြစ်ပေါ်လာမည့် အကျိုး/ အပြစ်များ၊ ထိခိုက်မှုများအပေါ်တွင် ပြန်လည်ဆောင်ရွက်ပေးမည့် အစီအမံများကို ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပြည်သူများ၏အကြံဉာဏ်များ ရယူခြင်းများကိုလည်း တစ်ပြိုင်တည်းဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ ထို့အပြင် လူမှုစီးပွားဘဝ တာဝန်ယူမှုဆိုင်ရာ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး စီမံကိန်းဒေသကို ကွင်းဆင်းပြီး လုပ်ငန်းများလည်း ဆက်လက်စစ်ဆေးကြီးကြပ်သွားမှာဖြစ်ပါသည်။ မိုင်းတုံစီမံကိန်းဆိုင်ရာ FSR အတည်ပြုပြီးမှသာ စီမံကိန်းကုန်ကျစရိတ်ကို အတည်ပြုနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းကုန်ကျစရိတ်အပေါ်တွင် မူတည်ပြီး (Financial Analysis) လို့ခေါ်သည့် FA ကိုပါ ဆက်လက် စိစစ်နိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်မှရရှိလာမည့် အကျိုးအမြတ်၊ လုပ်ငန်းအကောင်အထည်ဖော်သူမှ ရရှိလာမည့် အကျိုးအမြတ်ဆိုတာ အခုလောလောဆယ်တွင် မိမိတို့ မတင်ပြနိုင်သေးဘူး Financial Analysis များဆောင်ရွက်ပြီးစီးသည့် အချိန်တွင် ကျွန်တော်မိမိတို့ သိရှိပြီး့ တင်ပြမှာဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တပ်ဆင်စက်အင်အား ၇၀၀၀ ရှိသည့် ဒီစီမံကိန်းကို အကောင်အထည်ဖော်မည်ဆိုပါက ရေဝပ်ဧရိယာ ၂၆၂ စတုရန်းမိုင်ဖြစ်ပါကြောင်း၊ ပူးတွဲမြေပုံနှင့်တကွ တင်ပြထားပါသည် ဒီမြေပုံနှင့်ပူးတွဲဖြေကြားချက်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်ကို ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ မိုင်းတုံရေအား လျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် ဓာတ်အားကို မိမိနိုင်ငံအတွင်း ပြည်တွင်း သုံးရန်အတွက် အဓိကထားပြီး သုံးစွဲသွားမှာဖြစ်ပြီး ဓာတ်အားပိုးလျှံမှသာ အိမ်နီးချင်းနိုင်ငံများကို ရောင်းချ သွားမည်ဖြစ်ပါကြောင်း ရှင်လင်းဖြေကြားပါသည်။