(ခ)-e-Government Master Plan ရေးဆွဲပြီးစီးမှု အခြေအနေနှင့် e-Government လုပ်ငန်းများမည် ကဲ့သို့အကောင်အထည်ဖော်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၂၁.၁၁.၂၀၁၄)

ဦးသိန်းဆွေ (အမ်း) ပြည်ထောင်စုအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော e-Government လုပ်ငန်းများကို ပီပီပြင်ပြင်လုပ်ဆောင်နိုင်ပါက သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ပေါ်လာရေးအတွက် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များမှာလည်း ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းတွင် ပိုမိုပီပြင်လာမည်ဖြစ်ပြီးမသမာမှုနှင့် မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများကို လည်းလျော့နည်း သွားစေမည်ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ ဌာနအသီးသီးက e-Government ဆိုင်ရာ ပစ္စည်းများ ဝယ်ယူတပ်ဆင်မှု၊ လေ့ကျင်‌့ပညာပေးမှု၊ လက်တွေ့အသုံးပြုမှု၊ ဝန်ဆောင်မှုပေးနိုင်မှုများကို လေ့လာရာတွင် ဌာနတစ်ခုနှင့် တစ်ခု ကွဲပြားခြားနားနေသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်သည့်ဌာနအားလုံး အရည်အချင်းတူညီစွာ တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် လုပ်ငန်းများ ထိရောက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ e-Government လုပ်ငန်းသည် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံချက်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် လုပ်ငန်းများလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ADB အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော e-Government Master Plan ရေးဆွဲပြီးစီးမှု အခြေအနေနှင့် ရေးဆွဲ၍ မပြီးစီးသေးပါက မည်သည့်အချိန်တွင် ပြီးစီးနိုင်မည်ကို သိရှိလိုပါကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှစ၍ ယနေ့အချိန်အထိ ပြည်ထောင်စုအစိုးရအဖွဲ့ အဖွဲ့အစည်းများက e-Government လုပ်ငန်းအတွက် ပစ္စည်းဝယ်ယူအသုံးပြုခဲ့သည့် ငွေကြေးမည်မျှရှိပြီး e-Government Master Plan အတိုင်း ပြည့်ဝစွာဆောင်ရွက်နိုင်မည်ဆိုပါက ငွေကြေး စုစုပေါင်း မည်မျှကုန်ကျမည်ဟု ခန့်မှန်းထားရှိသည်နှင့် လ ၂၀ အတွင်း e-Government လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားတာဖြစ်သည့်အတွက် အဆိုပါလမ်းညွှန်ချက်အပေါ် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်
အဖြေ

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်e-Government Master Plan ရေးဆွဲရန် Asia Development Bank (ADB) ၏ အထောက်အပံ့နှင့် ၂၀၁၄ ခုနှစ် မတ်လမှစတင်၍ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ADB ၏ အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံ Infosys မှ ပညာရှင်များ မြန်မာနိုင်ငံကို လာရောက်ပြီး ဝန်ကြီးဌာနများနှင့် တွေ့ဆုံကာ Inception Workshop e-Government လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းကာလမှာ တစ်နှစ်ဖြစ်ပြီး ၂၀၁၅ ခုနှစ် မတ်လတွင် ရေးဆွဲပြီးစီးနိုင်ရန်ဖြစ်ပြီး ယခု နိုဝင်ဘာလအတွင်း e-Government Master Plan Interim Report ကို တင်ပြပြီး ဖြစ်ပါကြောင်း၊ ကြားဖြတ်အစီရင်ခံစာ (မူကြမ်း) ကို ပြည်သူ့လွှတ်တော် ပို့ဆောင်ဆက်သွယ်ရေးကော်မတီ သို့ ပေးပို့ထားပြီးဖြစ်ပါကြောင်း။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ယခုအချိန်အထိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ စုစုပေါင်း ၆၅ ခုက e-Government လုပ်ငန်းများဆောင်ရွက်ရန်အတွက် ပစ္စည်းများဝယ်ယူခဲ့၊ အသုံးပြုခဲ့သောငွေကြေး စုစုပေါင်းငွေကျပ် ၁၆၀၄၃ သန်း ရှိပါကြောင်း၊ e-Government Master Plan ရေးဆွဲနေစဉ်အတွင်း အစိုးအရအဖွဲ့အစည်း ဝန်ကြီးဌာနများအနေဖြင့် မရှိမဖြစ်လိုအပ်သည့် ICT အခြေခံအဆောက်အအုံဖြစ်သော ရုံးတွင်း Network တည်ဆောက်ခြင်း၊ Video Conferencing စနစ် တပ်ဆင်ခြင်း၊ Website နှင့် Server တပ်ဆင်ခြင်း၊ Internet ချိတ်ဆက်ခြင်းနှင့် Government To Government Application များကို ကြိုတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ Master Plan ရေးဆွဲပြီးပါက နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် အချိန်ကာလ အပိုင်းအခြားအလိုက် အဆင့်ဆင်‌့ အကောင်အထည်ဖော်ဆောင်ရွက်မည့် Action Plan များ ရရှိလာမည်ဖြစ်ပါကြောင်း၊ Action Plan များ ရရှိလာပါက စီမံကိန်းပမာဏနှင့် ခန့်မှန်းကုန်ကျစရိတ်များကို တွက်ချက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ Master Plan ရေးဆွဲအကောင်အထည်ဖော်နေချိန်တွင် တိုးတက်မှုအခြေအနေ အရပ်ရပ်ကို မိမိတို့အနေဖြင့် အခါအားလျော်စွာ ပို့ဆောင်ဆက်သွယ်ရေး ကော်မတီမှတစ်ဆင့် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်နှင့်အညီ e-Government လ ၂၀ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိရာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက Focal Ministry အဖြစ် စတင်ဆောင်ရွက်ပြီး အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သော Infrastructure များ၊ Micro Waves၊ ဖိုက်ဘာဆက်သွယ်ခြင်းနှင့် အင်တာနက်ချိတ်ဆက်ခြင်းများကို ဝန်ကြီးဌာနအားလုံးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနတစ်ခုချင်းအတွက် လိုအပ်သော Technology နှင့် Implementation Strategies များအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ စင်ကာပူနိုင်ငံ Infocomm Development Authority နှင့် World Bank တို့မှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်နှင့် သြဂုတ်လများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်နည်းပညာဝန်ကြီးဌာနအတွင်းမှာပင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ပူးပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ဗဟိုရုံးများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများကို ဖိတ်ကြားပြီး e-Government လ ၂၀ အစီအမံ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ၅ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ e-Government လုပ်ငန်းစဉ်များကို ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဖွဲ့အစည်းတစ်ခု (Leading Agency) တစ်ခု ရွေးချယ်သတ်မှတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အမျိုးသားအဆင့်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ဦးတည်ချက်ထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။