(င)-စစ်ကိုင်းမြို့နယ်ရှိ စီမံကိန်းအတွက် အသုံးပြုခဲ့သော ဧက (၃၀၀) ခန့်အတွက် နစ်နာခဲ့သော တောင်သူများအား နစ်နာကြေးပေးရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၁၆.၉.၂၀၁၄)

ဦးခင်မောင်သိန်း(စစ်ကိုင်း မဲဆန္ဒနယ်)စစ်ကိုင်းမြို့နယ်အတွင်းရှိ မြင်းမွှေး၊ ညောင်ပင်ဇဉ်အပါအဝင် ပဲကတိုးကျေးရွာအုပ်စု၊ တစ်အိမ်တည်း အုပ်စုကျေးရွာပေါင်း ခုနစ်ရွာမှ တောင်သူ ၃၀၀ ကျော်၏ မြေဧက ၁၀၉၁.၄၈ ကို သိမ်းဆည်းထားမှုအား လုပ်စားခွင့် ပြန်လည်ရရှိလိုကြောင်း တင်ပြလာခြင်းဖြစ်ပါသည်။ ၁၉၉၆-၁၉၉၇ ခုနှစ်တွင် စတင်သိမ်းယူခဲ့ပြီး လျော်ကြေးနစ်နာကြေးပေးခြင်း၊ မြေအစားပေးခြင်းများ လုံးဝမရှိခဲ့ပါကြောင်း၊ စက်ရုံ (၉)ရုံ တည်ဆောက်ရန် သိမ်းဆည်းသည်ဆိုသော်လည်း အမှန်တကယ် (၂)ရုံ သာတည်ဆောက်နိုင်ခဲ့ကြောင်း စက်ရုံ (၂)ရုံ နှင့် ဝန်ထမ်း အိမ်ရာများအပါအဝင် အသုံးပြုဧက ၃၀၀ ခန့်သာရှိပြီး အသုံးမပြုဘဲ သီးစားချထားသည့် ဧကပေါင်း ၇၀၀ ကျော်ခန့်ရှိပါကြောင်း၊ အသုံးမပြုသည့်ဧက ၇၀၀ ကျော်တွင်လက်ရှိ လက်ငုတ်တောင်သူများမှ စက်ရုံ တည်ဆောက်စဉ်မှစပြီး ယခုအချိန်အထိ စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါကြောင်း၊ ယခင်က မြေညှိခ ပေးခဲ့ရသော်လည်း ယခုမြေညှိခ မပေးရသည်မှာ ၂ နှစ်ရှိပြီဖြစ်ကြောင်း၊ ဝါမျိုးသန့်ခြံ စီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်ရာ စီမံကိန်းအကောင်အထည် မပေါ်ဘဲအရှုံးပေါ်ခဲ့ပါကြောင်း၊ ဝါစီမံကိန်းတွင် ဆက်လက်စိုက်ပျိုးနိုင်ခြင်း မရှိဘဲ ပလပ်မြေများဖြစ်နေပြီး နိုင်ငံတော်နှင့်တောင်သူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်နေပါကြောင်း၊ အမှတ်(၁၆)ရဲတပ်ရင်းမှ သိမ်းဆည်းထားသော မြေများသည်လည်း ၅၀ ဧကခန့်သာ အသုံးပြုပြီး ကျန်ဧက ၈၀ကျော်ကို ယခုအချိန်တွင် အနှီးချစားနေကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်တွင် အနှီးခံလုပ်ကိုင်မည့်သူမရှိဘဲ ပလပ်မြေဖြစ်နေကြောင်း၊ ဂျုံစက်ရုံသည်လည်း စီမံကိန်းမအောင်မြင်သဖြင့် စက်ရုံအား ရောင်းချခဲ့ရပြီး ဝန်ထမ်းများကိုလည်း လျော်ကြေးပေးပြီး တာဝန်မှရပ်စဲခဲ့ရပါကြောင်း၊ အထည်ချုပ် စက်ရုံအမှတ်(၆)မှာလည်း အရှုံးပေါ်သဖြင့် ဆက်လက်မရပ်တည်နိုင်တော့ဘဲ ဖျက်သိမ်းရမည့် အခြေအနေကို ဆိုက်ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဖော်ပြပါမြေဧက ၁၀၉၁.၄၈ ဧကသည် ယခင်           လယ်ယာမြေဥပဒေအရ လန-၃၉ ကျပြီးဟုဆိုသော်လည်း လယ်ယာမြေဥပဒေအတိုင်းသာ ဆောင်ရွက်မည်ဆိုပါက စီမံကိန်း မအောင်မြင်လျှင် မူလတောင်သူကို ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း၊ တောင်သူများမှာလည်း ထွန်ယက် စိုက်ပျိုးချိန်ရောက်ရှိနေပြီဖြစ်၍ သိမ်းဆည်းခံ‌မြေများအား ပြန်လည်တရားဝင် လုပ်ကိုင်စားသောက် လိုပါကြောင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇဉ်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာ (၇)ရွာမှ တောင်သူ ၃၀၀ ကျော်၏ ဓားမဦးချ လုပ်ကိုင်စားသောက်ခဲ့သည့် မြေဧက ၁၀၉၁.၄၈ ဧကအား စက်မှုဝန်ကြီးဌာန(ယခင် အမှတ်(၁)စက်မှုဝန်ကြီးဌာန)မှ ဂျုံစီမံကိန်းအတွက် ၄၁၄ ဧက၊ အထည်ချုပ် စက်ရုံမှ ၂၃၉ ဧက၊ ဝါစီမံကိန်းမှ ၃၀၆ ဧက၊ အမှတ်(၁၆)ရဲတပ်ရင်းမှ ၁၃၂ ဧက ခွဲဝေသိမ်းဆည်းသည့် စီမံကိန်းအတွက် အသုံးပြုခဲ့သောဧက ၃၀၀ အတွက် နစ်နာခဲ့သောတောင်သူများအား ကာလပေါက်ဈေးနှင့်အညီ နစ်နာကြေး ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စီမံကိန်းအဆောက်အဦ အဖြစ်အသုံးပြုခြင်းမရှိသည့် ကျန်ဧက ၇၀၀ ကျော်ကို မူလ လက်ငုတ်လက်ရင်း တောင်သူများထံသို့ ဥပဒေနှင့်အညီ ပြန်လည်လွှဲပြောင်းပေးအပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် တစ်အိမ်တည်းကျေးရွာ အုပ်စုမှ မြေဧရိယာ ၁၂၇.၈၇ ဧက၊ ပဲကတိုးကျေးရွာအုပ်စုမှ ‌မြေဧရိယာ ၇၄၈.၅၇ ဧက၊ ညောင်ဇင်ကျေးရွာအုပ်စုမှ မြေဧရိယာ ၁၇၄.၉၈ ဧကနှင့် ကျောက်ဆည်ကျေးရွာအုပ်စုမှ ဧရိယာ ၄၀.၀၆ ဧက စုစုပေါင်း ၁၀၉၁.၄၈ ဧကကို ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေ ၃၉ အရ စက်မှုဝန်ကြီးဌာန (ယခင် အမှတ်(၁)စက်မှုဝန်ကြီးဌာန) မှ စက်မှုနယ်မြေအဖြစ် သုံးစွဲခွင့်ကို ၂၁-၇-၁၉၈၈ ရက်စွဲပါစာနံပါတ်ဖြင့် ခွင့်ပြုချက်ရရှိခဲ့ပါကြောင်း၊

၎င်း ဧရိယာသည်  အမှတ်(၃)အထည်စက်ရုံ(စစ်ကိုင်း) ဝါစိုက်ကွင်းအတွက် ၃၀၆.၃၁ ဧက၊ အမှတ်(၃)အထည် စက်ရုံခွဲ (စစ်ကိုင်း)အတွက် ၂၃၉.၀၁ ဧက၊ အမှတ်(၁)ဂျုံလုပ်ငန်းစက်ရုံအတွက် ၄၁၄.၁၆ ဧကနှင့် အမှတ်(၁၆)လုံခြုံရေးတပ်ခွဲအတွက် ၁၃၂ ဧက ခွဲဝေခဲ့သည့်အတွက်ကြောင့်  စက်မှုဝန်ကြီးဌာနအနေဖြင့် စုစုပေါင်းမြေဧရိယာ ၉၅၉.၄၈ ဧကနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၃၂ ဧကကို အသုံးပြုလျက်ရှိပါကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် အမှတ်(၃)အထည်စက်ရုံ(စစ်ကိုင်း) ဝါစိုက်ကွင်း မြေဧရိယာ ၄၇.၇၉ ဧက၊ အမှတ်(၃)အထည် စက်ရုံခွဲ(စစ်ကိုင်း) မြေဧရိယာ ၁၄၁.၅၅ ဧက၊ အမှတ်(၁)ဂျုံလုပ်ငန်းစက်ရုံဧရိယာ ၁၂၀.၃၇ ဧက စုစုပေါင်း ၃၀၉.၇၁ ဧကကိုတော့ မိမိတို့ လက်ရှိအသုံးပြုလျက်ရှိပါသည်။ အသုံးမပြုသည့်မြေမှာ ၆၄၉.၇၇ ဧကရှိပြီး ထိုမြေထဲမှ မြေဧရိယာ ၉၀ ဧကကို ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် လက်ရှိအမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ပိုင် မြေဧရိယာ ၁၃၂ ဧကကို ရုံးအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာ၊ စတို၊ လုံခြုံရေးကင်းတဲများ အခိုင်အမာအဆောက်အဦ ၅၂ လုံး ဆောက်လုပ်ထားပြီးလည်းဖြစ်ပါကြောင်း၊ ထပ်မံလိုအပ်သည့် ဝန်ထမ်းနေအိမ်၊ အထောက်အကူပြု အဆောက်အဦ ဆောက်လုပ်ရန်အတွက်လည်း လျာထားစီမံခြင်း တို့ကြောင့် ၎င်းမြေဧရိယာကို တောင်သူများသို့ ပြန်လည် လွှဲပြောင်းပေးအပ်ရန်နှင့် လျော်ကြေး၊ နစ်နာကြေးပေးရန် အစီအစဉ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ မိမိတို့ စက်မှုဝန်ကြီးဌာနသို့ ပြန်လည် ဖြေကြားလာပါသည်။ စက်မှုဝန်ကြီးဌာနအနေနှင့် လက်ရှိအသုံးပြုနေသော မြေဧရိယာ ၃၀၉.၇၁ ဧကတွင် စက်ရုံ၏ ဝန်ထမ်းအိမ်ရာများ အခိုင်အမာဆောက်လုပ်ပြီးဖြစ်ပါကြောင်း၊ တောင်သူများကို ပြန်လည် လွှဲပြောင်းပေးအပ်ရန်နှင့် လျော်ကြေးပေးရန်၊ နစ်နာကြေးပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးရန်လျာထားသည့် ၉၀ ဧကအပါအဝင် စက်မှုဝန်ကြီးဌာနအနေနှင့်လက်ရှိ အသုံးမပြုသည့် မြေဧရိယာ စုစုပေါင်း ၆၄၉.၇၇ ဧကကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။