ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်ရှိ ကြံတောင်သူများနှင့် ဂရိတ်ဝေါလ်၊ ဝေမာဟိုးလ်ဒင်းလီမိတက် မောင်းကုန်းသကြားစက်တို့က ကြံကြိုတင် ရောင်းဝယ်မှုနှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆိုပြီးမှ အချိန်တန်သည့်အချိန်တွင် ကုမ္ပဏီဘက်မှ သဘောတူစာချုပ်ကိုဖောက်ဖျက်ပြီး ကြံတောင်သူများဆီမှ ကြံများဝယ်ယူခြင်းမရှိတော့သလို ရာသီလွန်ခုတ်သိမ်းမှုများလည်း နောက်ကျ၍ ကြံပင်များသေကြေပျက်စီးပြီး ကြံတောင်သူများအနေဖြင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါကြောင်း၊ မဘိမ်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့ကို တိုင်ကြားသော်လည်း ကွင်းဆင်းစစ်ဆေးပြီး မည်သည့် အရေးယူဆောင်ရွက်မှုမှ မပြုလုပ်ပေးခဲ့ပါကြောင်း၊ ယခုလိုလွှတ်တော်ကို မေးခွန်းမေးမြန်းနေသည့် အချိန်မှာသာ ဂရိတ်ဝေါလ်ဘက်ကနေပြီးတော့ တောင်သူအချို့ကို ငွေကြေးအနည်းငယ်ပေးပြီး ညှိနှိုင်းခဲ့ပါကြောင်း၊ သို့သော် ၎င်းတို့ပေးသည့်ငွေကြေးက တောင်သူများအနေဖြင့် နစ်နာကြေးမှာ အလွန်နည်းပါးတာကြောင့် မယူပဲနှင့် နေနေသည့် တောင်သူများလည်းအများအပြားရှိနေပါကြောင်း၊ ကြံတောင်သူများနှင့် ဂရိတ်ဝေါလ်၊ ဝေမာဟိုးလ်ဒင်းလီမိတက်တို့ နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုထားသော်လည်း မည်သည့်အတွက်ကြောင့် ဂရိတ်ဝေါလ်ဘက်က စာချုပ်ကို ဖောက်ဖျက်ခဲ့ရပါသနည်း။ မဘိမ်းမြို့နယ် အုပ်ချုပ် ရေးမှူးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးပြီး နစ်နာသည့်ကြံတောင်သူများကို မည်သည့်အတွက် ကြောင့် အရေးယူဆောင်ရွက်မှုတွေ မပြုလုပ်ခဲ့ပါသနည်း။ လျော်ကြေးမယူဘဲ နစ်နာမှုရှိခဲ့တဲ့ ကြံတောင်သူများအတွက်လည်း မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။
၁၃-၅-၂၀၁၅ ရက်စွဲပါစာဖြင့် ငါးအိုးကျေးရွာနေ ကြံတောင်သူ ဦးသိန်းဝင်း၊ ဦးဝင်းကျော်၊ ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာနေ ဦးညွန့်ဝင်း၊ ဦးအောင်ထွန်းတို့မှ ၂၀၁၄-၂၀၁၅ ခု မောင်းကုန်း- ဂရိတ်ဝေါလ်- ဝေမာဟိုးလ်ဒင်းကုမ္ပဏီ သကြားစက်ရုံသို့ ကြံပင်များရောင်းသည့် ကြံတောင်သူများ၏ အခက်အခဲများနှင့် ဆုံးရှုံးနစ်နာမှုများအား ဖြေရှင်းပေးရန် တင်ပြတိုင်ကြား ခဲ့ပါကြောင်း၊ ကြံတောင်သူ(၄)ဦး၏ တိုင်ကြားစာအား ၁၈-၅-၂၀၁၅ ရက်နေ့တွင် မြို့နယ်မြေ အသုံးချမှုစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးဆောင်သည့် အောက်ဖော်ပြပါ အဖွဲ့ဝင်များမှ တိုင်ကြားသူ ဦးသိန်းဝင်းနှင့် ဦးဝင်းကျော်တို့၏ ငါးအိုးကျေးရွာရှိ ကြံစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း၊ ဦးကျော်ဌေး (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ ဦးထွန်းလွင် (ဥက္ကဋ္ဌ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ)၊ ဦးဗိုလ်လှ (ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ)၊ ဦးစိန်ဝင်းမြင့် (ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန)၊ ဦးထွန်းမျိုးသန့် (ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန)၊ ဦးမြင့်အောင် (ငါးအိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး)၊ တိုင်ကြားသူတောင်သူများ၊ ဂရိတ်ဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူများ ဖြစ်ပါကြောင်း၊ ၎င်းကွင်းဆင်းစစ်ဆေးသည့်နေ့တွင် ငါးအိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ အထက်အပိုဒ်(၂)ပါ အထက်ပါပုဂ္ဂိုလ်များအား ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ တိုင်ကြားသူ တောင်သူ များနှင့် တိုင်ကြားခံကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သော်လည်း ပြေလည်မှုမရရှိခဲ့ပါကြောင်း၊ ထို့အပြင် ၂၉-၅-၂၀၁၅ ရက်နေ့တွင် မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံး၌ ဂရိတ်ဝေါလ်ကုမ္ပဏီမှ စက်ရုံမှူး ဦးထွန်းလွင်၊ စခန်းတာဝန်ခံ ဦးအောင်ဇော်လင်း နှင့် ကုမ္ပဏီဝန်ထမ်းများအား မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီမှ ထပ်မံခေါ်ယူ ညှိနှိုင်းခဲ့သော်လည်း တိုင်ကြားသူတောင်သူများ၏ နစ်နာမှုတောင်းဆိုချက် များနှင့် ပတ်သက်၍ ပြေလည်မှု မရရှိခဲ့ပါကြောင်း၊ ယင်းသို့ နှစ်ဖက်ညှိနှိုင်းပေးခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့သဖြင့် တိုင်ကြားသူတောင်သူများ အပါအဝင် ၎င်းကြံခင်းအနီးပတ်ဝန်းကျင်ရှိ တောင်သူများနှင့် ငါးအိုးကျေးရွာမှ ရပ်မိရပ်ဖများ၊ ဂရိတ်ဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူများပါဝင်သည့် သက်သေ(၁၄)ဦးတို့အား မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီရုံးသို့ ၂၄-၅-၂၀၁၅ ရက်နေ့မှ ၂၆-၅-၂၀၁၅ ရက်နေ့အထိ အကြိမ်ကြိမ်ခေါ်ယူ ထွက်ဆိုချက်များရယူခဲ့ပါကြောင်း၊ ယင်းသို့ ခေါ်ယူစစ်ဆေး ပေါ်ပေါက်ချက်များနှင့် ပတ်သက်၍ ၂၆-၆-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ် သည့် မြို့နယ်မြေ အသုံးချမှုစီမံခန့်ခွဲရေး ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် ၄ အပိုဒ်ခွဲ(ခ)အရ အောက်ပါအတိုင်း ဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်ခဲ့ပြီး သက်ဆိုင်ရာ တိုင်ကြားသူ များနှင့် တိုင်ကြားခံရသူ ကုမ္ပဏီတာဝန်ရှိသူများထံသို့ မြို့နယ်မြေ အသုံးချမှုစီမံခန့်ခွဲရေးကော်မတီ၏ စစ်ဆေးဆုံးဖြတ်ချက်ကိုလည်း ၂၅-၆-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၅/၂-၃(၇၆)ဖြင့် ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ (က) ဂရိတ်ဝေါလ်-ဝေမာ-ဟိုးလ်ဒင်းကုမ္ပဏီမှ တောင်သူများ၏ နစ်နာမှုအတွက် အောက်ပါအတိုင်းပံ့ပိုးပေးရန် ကမ်းလှမ်းချက်သည် လျော်ကန်သင့်မြတ်မှု ရှိပါကြောင်း၊ (၁)ဦးသိန်းဝင်း၏ စိုက်ခင်းအတွက် စိုက်သစ် ၈.၅၀ ဧကနှင့် လမိုင်း ၇.၇၀ ဧကပေါင်း ၁၆.၂၂ ဧကအတွက် တစ်ဧကလျှင် ၂၁.၉၂ တန်နှုန်းဖြင့် ၃၃၅.၅၄ တန်အတွက် ကြံတစ်တန်လျှင် ခုတ်ခ၊ သယ်ခ၊ တင်ခများနုတ်ပြီးအသားတင်ကျန်ငွေ ၂၄၅၀၀ နှုန်းဖြင့် ကျသင့်ငွေ ၈၇၁၀၇၃၀ ကျပ်ပေးချေရန်၊ (၂)ဦးဝင်းကျော် ကြံစိုက်ခင်းအတွက် စိုက်သစ် ၆.၅၁ ဧကနှင့် လမိုင်း ၁၆.၈၀ ဧကပေါင်း ၂၃.၃၁ ဧကအတွက် ကြံတစ်ဧကလျှင် ၂၁.၉၂ တန်နှုန်းဖြင့် ၅၁၀.၉၆ တန်အတွက် ကြံတစ်တန်လျှင် ခုတ်ခ၊ သယ်ခ၊ တင်ခများနုတ်ပြီးအသားတင်ကျန်ငွေ ၂၄၅၀၀ နှုန်းဖြင့် ကျသင့်ငွေ ၁၂၅၁၈၄၀၂ ကျပ်ပေးချေရန်၊ (၃)ဂရိတ်ဝေါလ်ကုမ္ပဏီမှ တောင်သူများနစ်နာမှုအတွက် နောင်နှစ် ကြံစိုက်ပျိုးရာသီတွင် ကုမ္ပဏီမှ ထုတ်လုပ်သည့် မြေဆီအိတ်အားတစ်ဧကလျှင် ၅ အိတ်နှုန်းဖြင့် ၃၉.၅၃ ဧကအတွက် ထောက်ပံ့ပေးရန် အထက်ပါ ဂရိတ်ဝေါလ်-ဝေမာဟိုးလ်ဒင်းကုမ္ပဏီမှ ထောက်ပံ့ပေးအပ်ရန် ကမ်းလှမ်းချက်အားသက်ဆိုင်ရာ တောင်သူများမှ ကျေနပ်မှုမရှိပါက တရားဥပဒေကြောင်းအရ ဆောင်ရွက်သွားရန် အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မဘိမ်းမြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲမှု ကော်မတီမှ မိုးမိတ်ခရိုင် မြေအသုံးချမှုစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြခဲ့ပြီးအဆင့်ဆင့် တင်ပြချက်များနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး တောင်ကြီး မြို့နယ်၏ ၁၇-၈-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၉၄၁၆/၆-၆၃၃/အစရ(ရှမ်း)ဖြင့် မဘိမ်းမြို့နယ် ငါးအိုးကျေးရွာရှိကြံစိုက် တောင်သူများမှ မောင်းကုန်း-ဂရိတ်ဝေါလ်-ဝေမာ-ဟိုးလ်ဒင်း ကုမ္ပဏီသကြား စက်ရုံသို့ ကြံရောင်းချမှုနှင့်ပတ်သက်၍ ဂရိတ်ဝေါလ်-ဝေမာဟိုးလ်ဒင်းကုမ္ပဏီမှထောက်ပံ့ပေးရန် ကမ်းလှမ်းချက်အား သက်ဆိုင်ရာတောင်သူများမှ ကျေနပ်မှုမရှိပါက တရားဥပဒေကြောင်းအရ ဆောင်ရွက်ရန် အကြောင်းကြားခဲ့သဖြင့် မဘိမ်းမြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲမှုကော်မတီမှ သက်ဆိုင်ရာတိုင်ကြားသူ တောင်သူများနှင့် ကုမ္ပဏီတာဝန်ခံတို့ထံသို့ ဆက်လက်အသိပေး အကြောင်းကြားထားပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
