နိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်အောင် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်း
အကောင်အထည်ဖော် ပေးနေသောကာလဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးရာတွင် အကောင်အထည်ဖော် ဆောင် ရွက်ပေးနိုင်မှသာလျှင် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဆောင်ရွက်ပေးရာ ရောက်မည်ဖြစ်ပြီး ထိုကဲ့သို့ အကောင်အထည်ဖော်ပေးနေမှုများရှိသော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအကျိုး၊ ပြည်သူများ အကျိုးတို့အတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အချင်းချင်း တို့အကြား၊ ဝန်ကြီးဌာနအချင်းချင်းတို့ကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမှုများ အားနည်းနေသည့် အချက်အချို့ရှိနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊
ထိုကဲ့သို့ တွေ့ရှိချက်များထဲမှ တင်ပြရလျှင် ကျန်မာရေးဌာနခွဲသစ်များ ပေါ်ပေါက်ရေး၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းများမှ အစိုးရမူလတန်းကျောင်းခွဲများ ဖြစ်ပေါ်ရေးတို့အတွက် အမှုတွဲတည်ဆောက်ရာတွင် ပါဝင်ရမည့် မြေစာရင်းပုံစံ(၁၀၅) လျှောက်ထားမှုခက်ခဲနေခြင်းတို့တွင် ပညာရေးဌာန၊ မြေစာရင်းဌာန၊ အုပ်ချုပ်ရေးဌာနတို့အချင်းချင်း အပြန်အလှန်လွှဲချနေမှုများ၊ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှု ကိစ္စရပ်များမှာ မြေစာရင်းဌာနနှင့် တရားရုံးတွေကြား အပြန်အလှန်လွှဲချနေမှုများ၊ မြို့မြေ၊ ရွာမြေ၊ လမ်းမြေ အငြင်းပွားမှုများတွင် မြေစာရင်းဌာနနှင့် စည်ပင်သာယာရေးဌာန တရားရုံးတို့ကြား အပြန်အလှန်လွှဲချနေမှုများ အပါအဝင် လွှတ်တော်များက မေးခွန်းများတွင် ပြန်လည်ဖြေကြားရာ၌ အချို့သောဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့ကြား ညှိနှိုင်းပေါင်းစပ်မှုနှင့် ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်မှု အားနည်း၍ ဖြေကြားမှု မပြည့်စုံခြင်းများရှိခဲ့ပါကြောင်း၊ ထိုကဲ့သို့ အားနည်းနေမှုများကို အမြန်ဆုံးသိရှိပြင်ဆင် ဆောင်ရွက်ပေးမည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးအတွက် လက်တွေ့ဖော်ဆောင်ရာ ရောက်မည်ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားအကျိုး၊ ပြည်သူများအကျိုးအတွက် အမှန်လိုအပ်နေသည့် ကိစ္စရပ်များပါ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့အကြား အချင်းချင်းညှိနှိုင်းပေါင်းစပ်ခြင်း၊ ဝန်ကြီးဌာန အချင်းချင်းတို့ကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်နေသည့် ကိစ္စရပ်များအပေါ် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မှုများရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုး၊ ပြည်သူများ၏အကျိုးတို့အတွက် အမှန်လိုအပ်နေသည့်ကိစ္စရပ်များအပေါ် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့ကြား အချင်းချင်းညှိနှိုင်း ပေါင်းစပ်ခြင်း၊ ဝန်ကြီးဌာနအချင်းချင်းတို့ကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်နေသည့် ကိစ္စရပ်များအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၄ တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနများသည် ယင်းတို့၏ လက်အောက်ရှိ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ထို့အပြင် ပြည်ထောင်စုအစိုးရသည် တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရတို့ကလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့မှလည်းကောင်း လုပ်ငန်းများကို အကောင်အဖော် ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှု ရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၅ တွင် ပြဋ္ဌာန်းထားပါသည်။
ကျန်းမာရေးဌာနခွဲသစ်များ ပေါ်ပေါက်ရေး၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းများမှ အစိုးရမူလတန်းကျောင်း ခွဲများဖြစ်ပေါ်လာရေးတို့အတွက် အမှုတွဲတည်ဆောက် လျှောက်ထားရာ၌ ပါဝင်ရသည့် မြေစာရင်းပုံစံ(၁၀၅) လျှောက်ထားရရှိမှု ခက်ခဲခြင်းတို့တွင် ပညာရေး၊ မြေစာရင်း၊ အုပ်ချုပ်ရေးဌာနတို့အကြား အပြန်အလှန် လွှဲချနေမှုများရှိခြင်း၊ မြေယာပိုင်ဆိုင်မှု အငြင်းပွားကိစ္စများတွင် မြေစာရင်းဌာနနှင့် တရားရုံးများအကြား အပြန်အလှန်လွှဲချနေမှု များရှိခြင်း၊ မြို့မြေ၊ ရွာမြေ၊ လမ်းမြေ အငြင်းပွားမှုများတွင် မြေစာရင်းဌာန စည်ပင်သာယာရေးဌာနနှင့် တရားရုံးများအကြား အပြန်အလှန်လွှဲချနေမှုများ အပါအဝင် လွှတ်တော်များတွင် မေးခွန်းမေးမြန်းမှုများ အပေါ်ပြန်လည်ဖြေကြားနေခြင်းအချို့၌ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့တို့အကြား အချင်းချင်းညှိနှိုင်းပေါင်းစပ်မှုနှင့် ဝန်ကြီးဌာနအချင်းချင်းတို့အကြား ညှိနှိုင်းပေါင်းစပ် ဖြေကြားမှု အားနည်း၍ဖြေကြားမှု မပြည့်စုံခြင်းအပေါ် ပြည်ထောင်စုအစိုးရအနေဖြင့် စုစည်းပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးလျက်ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှု ပုံစံအသီးသီးကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊
မြေငှားဂရန်ချထားပေးမှုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁) အပိုဒ် ၁၀ စီမံ ခန့်ခွဲရေးကဏ္ဍ၊ အပိုဒ်ခွဲ(ခ) ရွာမြေ၊ မြို့မြေစီမံခန့်ခွဲရေးနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေနှင့် မြန်မာနိုင်ငံအောက်ပိုင်း မြို့ရွာမြေများ နည်းဥပဒေ ပုဒ်မ ၉ နှင့် မြန်မာနိုင်ငံအထက်ပိုင်း မြေနှင့်အခွန် နည်းဥပဒေပုဒ်မ ၅၁ နည်းဥပဒေခွဲ(ခ)တို့အရ အခွန်တော် အရာရှိ(ခရိုင်အုပ်ချုပ်ရေးမှူး)မှ မြေ ၁ ဧကအထိ မြေငှားဂရန်ချထားပေးနိုင်ပါသည်။ မြေ ၁ ဧကမှ ၅ ဧကအထိကို တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ကြိုတင်ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ မြေ ၅ ဧကအထက်ကို ညွှန်ကြားရေးမှူးချုပ်၏ ကြိုတင်ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ မြေငှားဂရန်ချထားပေးနိုင်ပါကြောင်း၊
ထိုကဲ့သို့ ဆောင်ရွက်ပေးရာတွင် နိုင်ငံတော်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ မြေငှားဂရန်နှင့် လိုင်စင်ထုတ်ပေးထားခြင်းမရှိသော စနစ်တကျတိုင်းတာထားသည့် မြို့မြေ၊ ရွာများကို လူနေထိုင်ရန်၊ အဆောက်အဦဆောက်ရန် စက်မှုလုပ်ငန်းလုပ်ကိုင်ရန် လျှောက်ထားခြင်းအတွက် မြေငှားဂရန် ထုတ်ပေးရမည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် မြေပုံ၊ မြေရာဇဝင် စိစစ်တင်ပြရန် အကြောင်းကြားလာပါက မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေပြင်ကွင်းဆင်းတိုင်းတာ၍ ရေးဆွဲပေးသည့် မြေစာရင်းပုံစံ (၁၀၅) နှင့် မြေရာဇဝင် ဖော်ပြချက် မြေစာရင်းပုံစံ (၁၀၆) တို့အရ ကွင်းဆင်းစိစစ်၍ တည်ဆဲမြေ စီမံခန့်ခွဲမှုဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေအသုံးပြုခွင့် မြေငှားဂရန်လိုင်စင်များကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍအနေနဲ့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းများကို အခြေခံမူလတန်း ကျောင်း(ခွဲ)များအဖြစ် အဆင့်တိုးမြှင့်ပေးရာတွင် မူဝါဒလုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားရှိပြီးဖြစ်၍ အောက်ပါအချက်အလက်အထောက်အထားအပြည့်အစုံဖြင့် တင်ပြရမည်ဖြစ်ပါကြောင်း၊
(က) မြေစာရင်းပုံစံ(၁၀၅)ပါရှိသော လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်အမိန့်၊ (ခ) ကျောင်းဆောင်စာသင်ခန်း ပြည်စုံမှုရှိ/မရှိ၊ (ဂ) ပင်မကျောင်းနှင့်အကွာအဝေး၊ လမ်းခရီးခက်ခဲမှု၊ သဘာဝအတားအဆီးရှိမှု အခြေအနေ တင်ပြချက်များ၊ (ဃ) ပတ်ဝန်းကျင်မှ တက်ရောက်မည့် ကျောင်းသားဦးရေ၊ (င) ယခင်ပညာသင်နှစ် ကျောင်းသားဦးရေနှင့် ယခုပညာသင်နှစ်ကျောင်းသား ဦးရေ၊ (စ) လက်ရှိကျောင်းသက်တမ်း၊ (ဆ) မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီနှင့် မိဘဆရာအသင်း အဖွဲ့အစည်းများ၏ တင်ပြချက်များ၊ (ဇ) မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံးများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့၏ သဘောထား မှတ်ချက်များဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ အဆိုပါအချက်အလက်များထဲမှ မြေစာရင်းပုံစံ(၁၀၅) ပါရှိသော လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်အမိန့် ရရှိရန်အတွက် သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်သည့် အချက်အလက်များ ပြည်စုံမှန်ကန်မှုအပေါ် လုပ်ထုံးလုပ်နည်းနှင့် အညီစိစစ်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ကျန်းမာရေးကဏ္ဍမှာလည်း နှစ်အလိုက်စီမံကိန်း၊ အမျိုးသား ကျန်းမာရေး(၅)နှစ်စီမံကိန်းနှင့် နှစ်ရှည်စီမံကိန်းများရေးဆွဲ၍ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး ပြည်သူများ၏ အကျိုးတို့အတွက် အမှန်လိုအပ်နေသည့် ကိစ္စရပ်များအပေါ် စီမံကိန်းများအလိုက်လည်းကောင်း၊ ကွင်းဆင်းတွေ့ရှိချက်အရ လည်းကောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
တိုင်းဒေသကြီး/ပြည်နယ်များရှိ ဦးစီးဌာနမှူးရုံးများ၊ ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ ဌာနခွဲများ၏ ဖွဲ့စည်းပုံများအား တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ အဆောက်အဦအတွက် မြေနေရာလုံလောက်မှုရှိ/မရှိ၊ အဆောက်အဦထပ်မံ ဆောက်လုပ်ရန်လို/မလို၊ နယ်မြေဒေသအခြေအနေနှင့် မြေပြင်တွင် အမှန် တကယ်လိုအပ်မှုရှိ/မရှိ စိစစ်ပြန်ကြားပေးပါရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ခွင့်ပြုချက် ရရှိရေးအတွက် အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်း၍ သဘောထားမှတ်ချက် တောင်းခံခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူပြီး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးခင်မောင်ညို (ပေါက်မဲ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မြေအသုံးပြုခွင့်နှင့် ပတ်သက်ပြီး လျှောက်ထားရန်ဆိုသည့် အပိုင်းတွက် မိမိပေါက်မြို့နယ် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း ၂၄ ကျောင်းကို ပညာရေးဝန်ကြီးဌာနအား တင်ပြလျှောက်ထားခြင်းရှိပါကြောင်း၊ မြေစာရင်းပုံစံ ၁၀၅ ခက်ခဲသည်ဆိုပြီးတော့မှ အမှုတွဲတည်ဆောက်သည့် နေရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိပါကြောင်း၊ ထို့ကြောင့် ၎င်း ကိစ္စအပေါ်မှာ ဝန်ကြီးတို့ကဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ ပေါက်မြို့၏ အထွက်တွင်လည်း လွန်ခဲ့သည့် ၂ နှစ်တွင် တောင်သူ ၆၀ မှ လယ်ယာမြေကို အခြားနည်းသုံးခွင့် လျှောက်ထားပါကြောင်း၊ ယခုချိန်ထိလည်း မရရှိဘဲ ဖြစ်နေပါကြောင်း၊ မိမိတို့သိရှိထားသည်မှာ လူကြီးအပြောင်းအလဲကြောင့် ကြာမြင့်နေပါကြောင်း၊ ၎င်း ကိစ္စကိုလည်း ဝန်ကြီးများအား အကူအညီပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သမ္မတရုံးဝန်ကြီးဌာန-၁ ဒုတိယဝန်ကြီး၊ ဦးကျော်ကျော်ဝင်း
မိမိတို့ လက်ရှိအနေဖြင့် ၁၇-၁၁-၂၀၁၅ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်များတွင် ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop များ ဖွင့်လှစ်ပြီးစီးမှု အခြေအနေနှင့် ဖွင့်လှစ်ရန် လျာထားချက်များကို တင်ပြပါမည်။ ကချင်ပြည်နယ်တွင် ဖွင့်လှစ်ပြီး အရေအတွက် ၁၁ ခု၊ ကယား ပြည်နယ်တွင် ၆ ခု၊ ကရင်ပြည်နယ်တွင် ၄ ခု၊ ချင်းပြည်နယ်တွင် ၉ ခု၊ စစ်ကိုင်းတွင် ၂၅ ခု၊ နင်္သာရီတွင် ၁၀ ခု၊ ပဲခူးတွင် ၂၃ ခု၊ မကွေးတွင် ၂၀ ခု၊ မန္တလေးတွင် ၂၀ ခု၊ မွန်တွင် ၁၀ ခု၊ ရခိုင်တွင် ၁၇ ခု၊ ရန်ကုန်တွင် ၃၀ ခု၊ ရှမ်းတွင် ၁၂ ခု၊ ဧရာဝတီတွင် ၆ ခု၊ နေပြည်တော်တွင် ၅ ခု၊ အားလုံးပေါင်း One Stop Shop ဖွင့်ထားသည်မှာ ၂၀၈ မြို့နယ်ရှိပါကြောင်း၊ မိမိတို့ ဆက်လက်ပြီး ထပ်မံဖွင့်မည့် အရေအတွက် အားလုံးပေါင်း ၉၆ ခုရှိပါကြောင်း၊ မဖွင့်လှစ် နိုင်မည့်အရေအတွက် ၂၆ ခုရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဆက်လက်ဆောင်ရွက်နေသည့် အတွက်ကြောင့် သက်ဆိုင်ရာမြို့နယ်တွင် One Stop Shop တစ်ခါတည်း လိုအပ်သည့် ပေါက်မြို့နယ် ကိုယ့်အားကိုယ်ကိုး ၂၄ ကျောင်းအပြင် မြေကိစ္စပါ တစ်ခါတည်း ပြတ်အောင်ဖြတ်လို့ရပါကြောင်း၊ မိမိတို့မှ သက်ဆိုင်ရာမြို့နယ်ကို အကြောင်းကြားပေးပါမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
