(ခ)-၂၀၁၄-၁၅ဘဏ္ဍာနှစ်သတ်မှတ်ကာလအတွင်း မပြီးသေးသည့်လုပ်ငန်း/စီမံကိန်းမည်မျှရှိပြီးထိုသို့မ ပြီးစီးမှုကိုမည်သို့အရေးယူဆောင်ရွက်သည်နှင့်ငါးနှစ် အတွင်းအရေးယူမှု မည်မျှရှိသည်ကိုပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြရန် အစီအစဉ်ရှိ/မ ရှိနှင့်စပ်လျဉ်းသည့်မေးခွန်

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးစတုတ္ထနေ့ (၁၉.၁၁.၂၀၁၅)

ဦးတင်မောင်ဦး (ရွှေပြည်သာ)ဒီမေးခွန်းက ၁.၄.၂၀၁၅ ရက်နေ့က တင်သွင်းထားသည့် မေးခွန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ၅ နှစ် အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရန်အတွက် လုပ်ငန်းစီမံကိန်းများကို ကဏ္ဍအသီးသီးတွင် ဆောင်ရွက်ပေးခဲ့သည်ကို ဂုဏ်ယူဝမ်းမြောက်စွာ တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ ရာနှုန်းပြည့်အောင်မြင်သည့် လုပ်ငန်းများရှိသလို အောက်ခြေ ဝန်ထမ်းအဆင့်ဆင့်၏ အားနည်းချက်အမျိုးမျိုးကြောင့် ရာနှုန်းပြည့်အောင်မြင်မှု မရှိသည့် လုပ်ငန်းများစွာကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ် ရေး၊ ရထားပို့ဆောင်ရေး၊ လယ်/ဆည်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနအားလုံး နီးပါးအတွင်း အဆင့်ဆင့်သော အောက်ခြေဝန်ထမ်းများ၏ အားနည်းချက်ကြောင့် ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေဖြင့် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း တင်ဒါမခေါ်နိုင်ခြင်း၊ အချိန်မီတင်ဒါ ခေါ်နိုင်သော်လည်း လုပ်ငန်းမပြီးစီးခြင်း၊ လုပ်ငန်းပြီးစီးသော်လည်း စံချိန်စံညွှန်းအရည်အသွေး မကိုက် ညီခြင်းများကို တွေ့ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာရန် နည်းလမ်းပေါင်းစုံနှင့် ကြိုးပမ်းဖော်ဆောင်နေသည့် အချိန်တွင် အချို့အောက်ခြေ ဝန်ထမ်းအဆင့်ဆင့်၏ ချမ်းသာကြွယ်ဝမှု၊ ပိုင်ဆိုင်မှုများ ပိုမိုတိုးပွားလာသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံသစ်အကူးအပြောင်းတွင် ကြုံတွေ့ရသည့် အခက်အခဲ များဖြစ်ခြင်းကြောင့် နောင်ပေါ်ထွန်းလာမည့် အစိုးရအဆက်ဆက် အနေဖြင့်လည်း သင်ခန်းစာယူစရာဖြစ်ပါကြောင်း၊

မိမိမေးလိုသည့် မေးခွန်းမှာ (၁) ပြည်ထောင်စုအစိုးရအနေနှင့် အရည်အသွေးမီ သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိ/မရှိ ဘယ်လိုစစ်ဆေးနေပါသနည်း၊ (၂) ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း မပြီးစီးသည့် လုပ်ငန်းစီမံကိန်း မည်မျှရှိပါနည်း၊ (၃) လုပ်ငန်းစီမံကိန်းများ အရည်အသွေးမမီခြင်း၊ သတ်မှတ်ကာလအတွင်း မပြီးစီးခြင်းတို့အား မည်ကဲ့သို့ အရေးယူဆောင်ရွက်ပါသနည်း၊ ယခုလို အရေးယူဆောင်ရွက်ထားရှိမှုသည် ပြီးခဲ့သည့် ၅ နှစ်အတွင်း မည်ကဲ့သို့ရှိပါသနည်း၊ (၄) အထက်ပါအခြေအနေအရပ်ရပ်ကို လုပ်ငန်းစီမံကိန်း များခွင့်ပြုပေးခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကို ပွင့်လင်းမြင်သာစွာဖြင့် ပြန်လည်ရှင်းလင်းတင်ပြရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်း ပါသည်။


ဖြေကြားသူ
အမျိုးသားစီမံကိန်းနှင်‌့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒေါ်လဲ့လဲ့သိန်း
အဖြေ

ဒုတိယဝန်ကြီး၊ ဒေါ်လဲ့လဲ့သိန်းဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံကိန်းပမာဏနှင့် လုပ်ငန်းအရည်အတွက်ကိုသာ ခွင့်ပြုရန်ပုံငွေတောင်းခံရန်နှင့် ယခုလို ခွင့်ပြုပေးသည့် လုပ်ငန်းစီမံကိန်းများကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးရန် တာဝန်ရှိပါကြောင်း၊ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ လုပ်ငန်းအချိန်မီပြီးစီးရန်အတွက် ဘဏ္ဍာရေးနှစ်စ ဧပြီလမှစပြီး တင်ဒါခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်း၊ လုပ်ငန်းခန့်မှန်းခြေ စာရင်းများရေးဆွဲခြင်း၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီကို တင်ပြခွင့်ပြုချက်ရယူခြင်းတို့ကို ပထမသုံးလပတ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျန်ရှိသည့်ကာလအတွင်း လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုကို စံချိန်စံညွှန်းပြည့်မီမှုရှိ/မရှိ၊ ငွေပေးချေမှုနှင့်အညီ ထိုက်တန်သည့် လုပ်ငန်းများ ရရှိမှုရှိ/မရှိ၊ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးမှုတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် စဉ်ဆက်မပြတ် ကြီးကြပ် စီမံခန့်ခွဲရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်းမရှိပါက ကျန်ရှိသည့် ပိုလျှံငွေများကို အထွေထွေ ပိုလျှံရန်ပုံငွေ စာရင်းတွင် ပြန်ပြီးပေးအပ်ရမည် ဖြစ်ပါကြောင်း၊

ပြည်ထောင်စုအစိုးရအနေနှင့် လုပ်ငန်းစီမံကိန်းများ အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင်‌့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့အလိုက် ဖွဲ့စည်းထားသည့် လုပ်ငန်းစစ်ဆေးရေး ကော်မတီများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများကို လုပ်ငန်းများအချိန်မီပြီးစီးအောင် စိစစ်ကြပ်မတ်ခြင်း၊ စံချိန်စံညွှန်းမီအောင် ဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးလျက်ရှိပါကြောင်း၊

ထို့အပြင် အမျိုးသားစီမံကိန်းနှင်‌့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနလက်အောက်ရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ တိုးတက်မှုအစီရင်ခံရေးဌာနခွဲမှလည်း စီမံကိန်းစိစစ်ရေးအဖွဲ့ (၄)ဖွဲ့ ဖွဲ့စည်းပြီး ဝန်ကြီးဌာနများမှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ခရိုင်အလိုက် မြေပြင်ကွင်းဆင်း စိစစ်လျက်ရှိပါကြောင်း၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း လစဉ်ပြုစုပြီး စိစစ်တွေ့ ရှိချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့အားတင်ပြခြင်း၊ လိုအပ်သလို ကြပ်မတ်နိုင်ရန်အတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များကို ပေးပို့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ဇူလိုင်လမှစပြီး ခရိုင် ၃၈ ခရိုင်အတွင်း ဝန်ကြီးဌာနများမှ ဆောင်ရွက်သည့် လုပ်ငန်းများနှင့် လုပ်ငန်းစီမံကိန်း ၅၁၀၉ ခု၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြေပြင်ကွင်းဆင်း စိစစ်နိုင်ခဲ့ပါကြောင်း၊

အလားတူ ဒေသဆိုင်ရာစာရင်းစစ်ချုပ်ရုံးများကလည်း အမျိုးသားစီမံကိန်းဥပဒေပါ လျာထားသည့် လုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေတောင်းခံ သုံးစွဲခြင်းရှိ/မရှိ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ အတည်ပြုချက်ရရှိထားသော လုပ်ငန်းဆောင်ရွက်သူ ကန်ထရိုက်မှ ဌာနကို တရားဝင်လွှဲပြောင်းပြီး လုပ်ငန်းများကို အခြေခံစံနှုန်း၊ ဒေသအတည်ပြုဈေးနှုန်း၊ ခန့်မှန်းခြေစာရင်းပါ အတိုင်းအတာအတိုင်း ဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးသည်‌့အပြင် စာရင်းစစ်ရုံး အဆင်‌့ဆင့်၏ စစ်ဆေးတွေ့ရှိချက်များကို စုစည်းပြီး ဘဏ္ဍာရေးနှစ် တစ်နှစ်တွင် နှစ်ကြိမ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတော်သမ္မတကို တင်ပြနိုင်ရန်အတွက် ဒုတိယစာရင်းစစ်ချုပ် ခေါင်းဆောင်သည့် စာရင်းစစ်အဖွဲ့များက စာရင်းစစ်လုပ်ငန်း အပြီးသတ်ဆွေးနွေးခြင်းများ စစ်ဆေးဆောင်ရွက်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာနများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများအနက် ဝန်ကြီးဌာန ၆ ခုမှ စီမံကိန်း ၈၄ ခုကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်မဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပြီး တင်ဒါခေါ်ယူမှုနောက်ကျခြင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကအပ်နှံသည့် လုပ်ငန်းစီမံကိန်းများကို စာချုပ်ပါစည်းကမ်းချက်၊ စံချိန်းစံညွှန်းများနှင့် မကိုက်ညီသည့် အတွက်ကြောင့် လွှဲပြောင်းလက်ခံရန် နှောင့်နှေးကြန့်ကြာခြင်း၊ စီမံကိန်း လုပ်ငန်းများတည်ရှိသည့် ဒေသအချို့ ဆက်သွယ်သွားလာရခက်ခဲခြင်း၊ ရာသီဥတုဆိုးရွားခြင်းစသည့် သဘာဝ အတားအဆီးများ ရှိသည့်အတွက်ကြောင့် အကောင်အထည်ဖော်မှု နောက်ကျခြင်း၊ ရေလမ်း ထိန်းသိမ်းရေး လုပ်ငန်းများဆိုလျှင်လည်း သဘောသဘာဝအရ မြစ်ရေကျဆင်းချိန်မှာ လုပ်ငန်းများဆောင်ရွက်ရခြင်း၊ ပင်လယ်ဒီရေ အတက်အကျ နေ့စဉ်ရှိသည့် အတွက်ကြောင့် လုပ်ငန်းဆောင်ရွက်ရသည့် အချိန် အကန့်အသတ် ရှိခြင်းတို့ကြောင့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လကို ကျော်လွန်ပြီး လုပ်ငန်းများအပြီးသတ် ဆောင်ရွက်ရခြင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီမပြီးစီးခြင်းဖြစ်ပါကြောင်း၊ အချို့စီမံကိန်းများမှာ စီမံကိန်းကြီးများဖြစ်သည့် အလျောက် ဘဏ္ဍာနှစ်တစ်နှစ်တည်းမှာသာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားပြီး အပြီးဆောင်ရွက်ရသည့် လုပ်ငန်းသဘာဝ မရှိပါကြောင်းနှင့် နိုင်ငံခြားမှမှာယူသော ပစ္စည်းများအတွက် နိုင်ငံခြား ပစ္စည်းများပေးပို့သည့်အခါ ဘဏ္ဍာရေးနှစ်ကျော်လွန်ပြီးမှ ပစ္စည်းရောက်ရှိသည့် ကိစ္စရပ်များလည်းရှိပါကြောင်း၊ အဆိုပါဝန်ကြီး ဌာနများမှ ပြန်လည်ဖြေကြား ရှင်းလင်းလာကြောင်း တင်ပြအပ်ပါသည်။

ပြည်ထောင်စုဝန်ကြီးဌာနတွေအနေနဲ့ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မယ့် စီမံကိန်းများကို တင်ဒါအောင်သည့် ကုမ္ပဏီနှင့် အပ်နှံစာချုပ်ချုပ်ဆိုသည့်အခါ ပြီးစီးရမည့်ကာလ၊ လိုအပ်သည့် စံချိန်စံညွှန်းများကို ထည့်သွင်းချုပ်ဆိုပြီး သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးမှုမရှိသည့် ကုမ္ပဏီများကို ချုပ်ဆိုထားသည့် တင်ဒါစာချုပ်ပါ စည်းကမ်းများအရ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ စာချုပ်ပါသတ်မှတ်ကာလအတွင်းမှာ ဆောင်ရွက်နိုင်ခြင်းမရှိပါက  ရက်လွန်ကြေးပေးသွင်းစေခြင်း၊ သုံးလထက်ကျော်လွန်မည်ဆိုပါက လုပ်ငန်းအတွက် တင်သွင်းထားသည့် Performance Bank Guarantee ကိုသိမ်းဆည်းခြင်း၊ ပစ္စည်းပေးသွင်းမှု ၁၀ ပတ်ကျော်နောက်ကျမည်ဆိုလျှင် တင်ဒါတင်သွင်းခွင့် ပိတ်ပင်ခြင်းစသဖြင့် အရေးယူဆောင်ရွက်မှု တွေရှိပါကြောင်း၊ တင်ဒါခေါ်ယူမှု နောက်ကျခြင်းအတွက် ပစ္စည်းရရှိမှု နှောင့်နှေးခြင်းများအပေါ် ဝန်ကြီးဌာနမှ တာဝန်ရှိသူအဆင့်ဆင့်ကို ထုချေလွှာတောင်းခံပြီး သတိပေးအရေးယူမှုများလည်း ရှိပါကြောင်း၊ တင်ဒါအောင်ကုမ္ပဏီများမှ လုပ်ငန်းရာနှုန်းပြည့် ပြီးစီးမှုမရှိဘဲ အပြီးသတ်ရန်ပုံငွေကို ထုတ်ပေးခဲ့မှုများအတွက်လည်း တာဝန်ရှိသူကို အရေးယူဆောင်ရွက်ခဲ့မှု ရှိပါကြောင်း၊ ဝန်ကြီးဌာနများက အမြန်ပြီးစီးရေးကို တွန်းအားပေးဆောင်ရွက်ခဲ့သော်လည်း ဆက်လက်လုပ်ကိုင်ခြင်း မရှိဘဲ ရပ်တန့်နေသည့် အတွက်ကြောင့် သက်ဆိုင်ရာကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာကို ပြစ်မှုဆိုင်ရာဥပဒေ ၄၀၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာနအနေဖြင့်လည်း အမျိုးသားစီမံကိန်းဥပဒေ နောက်ဆက်တွဲ-၂(က)ပါ နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်အပေါ် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြအစီရင်ခံခြင်းကို ဆောင်ရွက်လျက်ရှိသည့် အပြင် ထိုအစီရင်ခံစာကို အများပြည်သူများကို ရောင်းချပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနမှလည်း လုပ်ငန်းစီမံကိန်းများနှင်‌့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်ရှင်းလင်းတင်ပြရန် လိုအပ်ပါက ပွင့်လင်းမြင်သာစွာနဲ့ ပြန်လည် ရှင်းလင်းတင်ပြရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။