ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့နယ်အတွင်းရှိ နမ့်ပါချီးကျေးရွာအုပ်စု၊ မိုင်းလင်းကျေးရွာ အုပ်စု၊ နားပုံကျေးရွာအုပ်စု၊
စနင်းဖောင်းဆိုင်ကျေးရွာ အုပ်စုတို့မှ ကျေးရွာပေါင်း ၂၂ ရွာဖြစ်သည့် မိုင်းလင်း၊ ဟဲခဲ၊ နောင်မွန်း၊ နမ့်ပါချီး၊ လွယ်ကျောက်၊ လွယ်ခေါ်၊ သုံယောင်၊ နမ့်ဆင်၊ လုံပိတ်၊ ဆပ်ဖုံ၊ ခုတ်လော်၊ ခိုထောင်း၊ နောင်နန်း၊ နားတစ်၊ ဖောင်းဆိုင်၊ ဟွေ့ကွတ်၊ ဟွေ့ဟုတ်၊ မတ်ခီးနု၊ နောင်ဆိုင်၊ တာမဲ၊ ပင်သင်၊ နောင်လှိုင်ကျေးရွာများမှ အိမ်ခြေပေါင်း ၂၇၀၀ ကျော်နှင့် လူဦးရေပေါင်း ၁၀၀၀၀ ဝန်းကျင်ခန့် အသုံးပြုနေသည့် အရေးကြီးဆုံးဖြစ်သည့် နမ့်ပါချီးရေချောင်းတံတားသည် ပြည်သူများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်ထားပြီး လူ၊ မြင်း၊ လားဖြင့်သာအသုံးပြု ဖြတ်သန်း သွားလာလျက်ရှိပါကြောင်း၊ အဆိုပါ တံတားကို ကွန်ကရစ်တံတားအဖြစ် ယာဉ်များဖြတ်သန်းသွား နိုင်ရန် တည်ဆောက်ပေးမည်ဆိုပါက အဆိုပါကျေးရွာအုပ်စု (၄) အုပ်စုအတွင်းမှ ထွက်ရှိသော စပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံများ အစရှိသည့် ထွက်ကုန်သီးနှံများ ဈေးကွက်သို့ အဆင်ပြေစွာ ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသခံရှမ်းတိုင်းရင်းသား ပြည်သူများ ဆက်သွယ်သွားလာရေး လွယ်ကူချောမွေ့နိုင် ရန်အတွက် နမ့်ပါချီးရေချောင်းတံတား အရှည် ၇၀ ပေ အား ကွန်ကရစ်တံတားအဖြစ် ယာဉ်များဖြတ်သန်းသွားလာနိုင်အောင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ အမြန်ဆုံး တည်ဆောက်ပေးရန်နှင့် တည်ဆောက်ပေးမည့်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့နယ် အတွင်းမှာရှိသည့် နမ့်ပါချီးကျေးရွာ အုပ်စုနှင့် ဆနင်းဖောင်းဆိုင်၊ မိုင်းလင်း၊ နားပုံနှင့် နားတစ်ကျေးရွာ အုပ်စု(၄) အုပ်စုကို ဆက်သွယ်သော လမ်းပေါ်တွင်ရှိသည့် နမ့်ပါချီးရေချောင်းတံတား၏ လက်ရှိအခြေအနေသည် အရှည် ၇၀ ပေရှိပြီး သစ်သားတံတားတစ်စင်းဖြစ်ပြီး ကျေးရွာ ၂၀၊ အိမ်ခြေ ၇၀၃ အိမ်နှင့် လူဦးရေ ၃၃၂၁ ဦးတို့ကို အကျိုးပြုပါကြောင်း၊ ၎င်း ဒီတံတားကို ကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်မည်ဆိုပါက ငွေကျပ် ၇၀ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၁၂၂၈.၅၈၄ သန်းဖြင့် ကတ္တရာလမ်း ၂ မိုင်၊ ကျောက်ချောလမ်း ၁၂ မိုင် ၂ ဖာလုံတို့ကို ဆောင်ရွက်ရန် ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ဟိုပုန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၄၀၃.၄ သန်းဖြင့် ကျောက်ချောလမ်း ၅ မိုင် ဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်သော်လည်း ဟိုပုန်းမြို့နယ် အတွင်းတွင် ရှိသည့်နမ့်ပါချီးရေချောင်း တံတားကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြထားရှိခြင်း မရှိသေးပါကြောင်းနှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်အတိုင်း လျာထားတင်ပြပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
