မြန်မာနိုင်ငံ ပင်လယ်ကမ်းခြေအနီးတစ်ဝိုက်ရှိ မြို့နယ်များ၏ လယ်ယာများတွင် ပင်လယ်ရေငန်ဝင်ရောက်၍ စိုက်ပျိုးစပါးများ
ပျက်စီးဆုံးရှုံးမှုရှိကြသည့်အတွက် တောင်သူလယ်သမားများအနေဖြင့် အခက်အခဲများ နှင့် တွေ့ကြုံကြရသည်ကို သိရှိပါကြောင်း၊ မြန်မာနိုင်ငံစိုက်ပျိုးရေးသုတေသနဌာန၊ စပါးမျိုးပွားရေး ဥယျာဉ် အနေဖြင့် ပင်လယ်ရေငန်၏ ဒဏ်ကို ခံနိုင်ရည်ရှိသော စပါးမျိုးစေ့တစ်မျိုးကို စမ်းသပ်တီထွင်၍ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်ကို ကြားသိရသည့်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ (၁) မြန်မာ နိုင်ငံစိုက်ပျိုးရေးသုတေသနဌာနမှ စပါးမျိုးပွားဥယျာဉ် ပင်လယ်ရေငန်ဒဏ်ခံနိုင် ရည်ရှိသော စပါးမျိုးစေ့ တစ်မျိုးကို အောင်မြင်စွာစမ်းသပ်တီထွင်နိုင်ခဲ့ခြင်းဆိုသည်မှာ မှန်ကန်ခြင်း ရှိ/မရှိ၊ (၂) ၎င်းစပါးမျိုးစေ့သည် ပင်လယ်ရေငန်၏ဒဏ်ကို မည်သည့်အတိုင်းအတာအထိ ခံနိုင်ရည်သည်နှင့် ၎င်းစပါး၏ ကောင်းမွန်သော အရည်အသွေး၊ အချက်အလက်များကိုလည်းကောင်း၊ (၃) မြန်မာနိုင်ငံအတွင်း ရေငန်ဝင်ရောက်သည့် မြို့နယ်၊ ဒေသအားလုံးတို့သို့ အဆိုပါစပါးမျိုးစေ့ ဖြန့်ဝေပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိမည်ဆိုပါက မည်သည့် ကာလတွင် ဖြန့်ဝေမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် မြန်မာနိုင်ငံရဲ့ စပါးစိုက်ဧက သုံးသန်း ကျော်ရှိသည့် ဒေသများအတွင်း ဆားငန်ခြင်းပြဿနာနှစ်မျိုးကြုံတွေ့ရသော မြစ်ဝ ကျွန်းပေါ် ပင်လယ်ကမ်းရိုးတန်းဒေသ ဆားပေါက်မြေများနှင့် ကုန်းတွင်းပိုင်းဒေသ ဆပ်ပြာပေါက်မြေများတွင် ဆားငံဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းစပါးမျိုးများ ထုတ်လုပ်ခြင်းကို အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန AD နှင့် ထိုင်းနိုင်ငံ ဇီဝနည်းပညာ ဌာနတို့ပူးပေါင်းပြီး လွန်ခဲ့သော နှစ်နှစ်ကျော်ကပင် သုတေသနပြု စမ်းသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
သုတေသနလုပ်ငန်းများကို ဒေသနှင့် မျိုးအလိုက် စမ်းသပ်လေ့လာမှု အဆင့်ဆင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း ဆားငန်ခံဆင်းသွယ်လတ်စပါးမျိုးနှင့် ၂၀၁၄ ခုနှစ်တွင် ပြည်မြန်မာစိန် စသည့် ဆားငန်ခံ စပါးနှစ်မျိုးကို ဖော်ထုတ်ရရှိပြီး စတင် ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊
ဆားငန်ခံဆင်းသွယ်လတ်မျိုးသည် ဧည့်မထအုပ်စုဝင်ဖြစ်ပြီး အသက်ရက် ၁၄၂ ရက်၊ အပင် အရပ်အမြင့် ၄.၃ ပေရှိကာ တစ်ဧကလျှင် တင်း ၇၀ အထက် ထွက်ရှိပြီး ဆန် အရည်အသွေးအနေဖြင့် စားသုံးမှုကောင်းခြင်း၊ ဆန်သား ကြည်လင်ရှည်သွယ်ခြင်းတို့အပြင် ဆားပြင်းအား ၆ dS/m အထိ ခံနိုင်ရည်ရှိသော သက်လတ်စပါးမျိုးဖြစ်ပါကြောင်း၊
ပြည်မြန်မာစိန်စပါးမျိုးသည် ဧည့်မထအုပ်စုဝင်ဖြစ်ပြီး အသက်ရက် ၁၂၀ ရက်၊ အပင်အရပ်အမြင့် ၃.၅ ပေ၊ တစ်ဧက တင်း ၇၀ မှ တင်း ၁၀၀ ထွက်ရှိနိုင်ပြီး စားသုံးမှုကောင်းခြင်း၊ ဆန်သား ကြည်လင်ရှည်သွယ်ခြင်း တို့အပြင် ဆားပြင်းအား ၆ dS/m အထိ ခံနိုင်ရည်ရှိသော မြစ်ဝကျွန်း ပေါ်၊ နွေစပါးစိုက်ဒေသများ၊ မိုးနည်း ရေရှားနှင့် ဆပ်ပြာပေါက်မြေ အချို့ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်း မှုရှိသော သက်လျင်စပါးမျိုး တစ်မျိုးဖြစ်ခဲ့ပါကြောင်း၊
၎င်းစပါးမျိုးများအတွက် အခြေခံမိဘမျိုးစေ့ထုတ်လုပ်ခြင်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံ ဌာနခွဲက နှစ်စဉ်ပွားများဆောင်ရွက်လျက်ရှိပြီး ဆင့်ပွားမျိုးစေ့နှင့် မျိုးသန့်မျိုးပွား မျိုးစေ့ထုတ်လုပ်ခြင်းတို့ကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနအောက်ရှိ မြောင်းမြသုတေသနခြံ၊ မှော်ညီသုတေသနခြံ၊ စိုက်ပျိုးရေး ဦးစီးဌာနအောက်မှာရှိ (ပုသိမ်) သရောင်းချောင်းမျိုးစေ့ခြံ၊ (ဖျာပုံ) အောက်ကွင်းကြီးမျိုးသန့်ခြံတို့တွင် မျိုးစေ့ အဆင့်ဆင့်ပွားများ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်းနှင့် ၂၀၁၄-၂၀၁၅ မိုးရာသီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ဒေသများတွင် လိုအပ်သော ဆားငန်ခံ စပါးမျိုးသန့်မျိုးစေ့များကို တောင်သူ လက်ဝယ်အရောက် တစ်နိုင်တစ်ပိုင် ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊
မွန်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၂၀၂ တင်း ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဧကပေါင်း ၁၀၀၀၀ ခန့် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆားငန်ရေဝင်ရောက်လေ့ရှိသော ဒေသများမှ ဆားငန်ခံ စပါးမျိုး လိုအပ်ချက်ကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုး ရေးဦးစီးဌာနတို့မှ ဌာနပိုင်ခြံများအပြင် ပုဂ္ဂလိက မျိုးစေ့ထုတ်ကုမ္ပဏီများနှင့်ပူးပေါင်းပြီးတော့ ယခု ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
