(ခ)-နိုင်ငံတော် သမ္မတ၏ ကျန်းမာရေး ကဏ္ဍမြှင့် တင်ဆောင်ရွက်ရေးဆိုင်ရာ မူဝါဒများအနက်သာ တူညီမျှ ကျန်းမာရေး လွှမ်းခြုံစနစ် အကောင်အ ထည်ဖော်ဆောင် ရွက်ပြီးစီးမှု အခြေအနေအား သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၄) ရက်မြောက်နေ့ (၂၅.၁၁.၂၀၁၄)

ဒေါက်တာနေလင်း (ဆိပ်ကမ်း)၃၁-၁-၂၀၁၄ ရက်နေ့တွင်ပြုလုပ်သော နိုင်ငံတော်သမ္မတကြီး၏ ကျန်းမာရေး ကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတကြီးက မိမိတို့၏ ကျန်းမာရေးမျှော်မှန်းချက်သည် ကျန်းမာ သန်စွမ်း သော Health Nation ဖြစ်ရန် ဖြစ်သည့်အတွက် လူတိုင်းကျန်းမာပြီး သက်တမ်းစေ့နေနိုင်ရန် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်းကို လူသက်တမ်းများ နိမ့်ခြင်း၊ မြင့်ခြင်းနှင့်  ကျန်းမာရေးမူဝါဒ ငွေကြေးသုံးစွဲမှု၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု၊ နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်သော ကျန်းမာရေးစနစ် Universl Health Coverage စသည်တို့ကိုကြည့်ပြီး ဆုံးဖြတ်ခြင်းဖြစ်သည့်အတွက် ထိုအချက် များကို အဓိကထား မြှင့်တင်ရမည်ဖြစ်ပါကြောင်းကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊

 ၁၉-၆-၂၀၁၄ ရက်နေ့တွင် ပြုလုပ်သော ဒုတိယ အကြိမ် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကြီးက မြန်မာ နိုင်ငံတွင် လူတိုင်းလက်လှမ်းမီသည့် သာတူညီမျ ကျန်းမာရေးလွှမ်းခြုံစနစ်ကို ကမ္ဘာ့ဘဏ်မှ နည်းပညာ၊ ငွေကြေးအကူအညီတို့ဖြင့် အစပျိုးဆောင်ရွက်ရန် နိုင်ငံတော်အစိုးရမှ စီစဉ်ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း။ ပြည်သူအားလုံး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သည့်အချိန်တွင် ငွေကြေး တစ်စုံတရာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ လွယ်ကူလျင်မြန်စွာရရှိနိုင်ရေး ကြိုးပမ်းမည့်စနစ်ဖြစ်ပါကြောင်း ထိုစနစ်ကို သုံးစွဲခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူသူ ပြည်သူလူထု အားလုံး၏ ကျန်းမာရေးအဆင်‌့အတန်းကိုလည်း တိုးတက်မြင့်မားလာစေမည်ဖြစ်ပါကြောင်းစသည်များကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် အုပ်ချုပ်ရေးကဏ္ဍရှိ သက်ဆိုင်သည့်ဝန်ကြီးဌာနအဖွဲ့အစည်းများ အနေဖြင့် လက်တွေ့ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် တစ်နိုင်ငံလုံး မည်သည့်ကာလတွင် လွှမ်းခြုံ ပြီးစီးနိုင်မည်ကို သိရှိလိုပါသဖြင့် ဖြေကြားပေးနိုင်ပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် လူတိုင်း လက်လှမ်းမီသော သာတူညီမျှ ကျန်းမာရေးလွှမ်းခြုံစနစ်အား မြန်မာနိုင်ငံတွင် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ဦးစွာတင်ပြရမည်ဆိုပါက ၂၀၁၄ ခုနှစ် ဇန်နဝါရီလကုန်တွင် နိုင်ငံတော်သမ္မတကြီး၏ ကျန်းမာရေး ကဏ္ဍပြုပြင်ပြောင်းလဲရေး အထူးအစည်းအဝေး၌ မြန်မာနိုင်ငံအနေနဲ့ လူတိုင်း လက်လှမ်းမီသော သာတူညီမျှ ကျန်းမာရေးလွှမ်းခြုံစနစ် Universal Health Coverage စနစ်ကို ကျင့်သုံးရန် လမ်းညွှန် မှာကြားခဲ့ပါကြောင်း၊ ထို့နောက် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် Universal Health Coverage အတွက် မြန်မာနိုင်ငံသို့ ငွေကြေးနှင့် နည်းပညာဆိုင်ရာပံ့ပိုး ကူညီမှုများကိုလည်း ကတိကဝတ် ပြုခဲ့ကြသည့်နည်းတူ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် UHC နည်းလမ်းဖြင့် ကျန်းမာရေးပြုပြင်ပြောင်းလဲမှုများ အတွက် မဟာဗျူဟာများ Strategic Directions for Health Reform through Universal Health Coverage စာတမ်းကို ပြုစုပြီး နိုင်ငံတော်အစိုးရနှင့် ကမ္ဘာ့ဘဏ်သို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အမျိုးသား ကျန်းမာရေးကော်မတီကို ဒုတိယသမ္မတ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ညှိနှိုင်း အစည်းအဝေးများလည်း ကျင်းပပြုလုပ်ခဲ့သည့်အပြင် ကျန်းမာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတော် အဆင့် အလုပ်ရုံဆွေးနွေးပွဲကြီးငါးရပ်ကို ကျင်းပခဲ့ရာမှာ Universal Health Coverage and Health Care Financing Workshop သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါပြီး အဆိုပါဆွေးနွေးပွဲမှ ထောက်ခံတင်ပြချက်များသည် နိုင်ငံတော်အစိုးရမှ ဦးဆောင်သည့် နိုင်ငံသားတိုင်းပါဝင်ရမည့် ပြည်သူ့ကျန်းမာရေး အာမခံစနစ်တစ်ရပ် ထူထောင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်းလက်လမ်းမီလွှမ်းခြုံရေးအတွက် အခြေခံဝန်ဆောင်မှုများ တိုးမြှင့် ဆေင်ရွက်ရန်၊ ကျန်းမာရေးဝန်ဆောင်မှု အသင့်ဖြစ်စေရေးဆောင်ရွက်ရန်၊ လူမှုကျန်းမာရေးအကာ အကွယ်ပေးရေး တိုးချဲ့ဆောင်ရွက်ရန်၊ လူမှုကျန်းမာရေး အာမခံစနစ် တိုးမြှင့်ဆောင်ရွက်ရန် တို့ဖြစ်ပါကြောင်း

လူတိုင်းလက်လှမ်းမီသော သာတူညီမျှ ကျန်းမာရေးလွှမ်းခြုံမှုစနစ်တွင် ရှုထောင့်သုံးမျိုးပါဝင်သည်ဖြစ်ရာ ပထမ ရှုထောင့်သည် လွှမ်းခြုံနိုင်တဲ့ လူဦးရေ (Population Coverage) ၊ ကျန်းမာရေးဝန်ဆောင်မှု အမျိုးအစား ဆိုင် ရာ လွှမ်းခြုံမှု (Service Coverage)၊ ကျန်းမာရေးဆိုင်ရာ ငွေကြေး အကာအကွယ် လွှမ်းခြုံမှု (Financial Coverage) စသည့် ရှုထောင့် (၃)ခုဖြင့် ကြည့်ရှုရမည်ဖြစ်ပါကြောင်း၊  

 အဆိုပါ ရှုထောင့်(၃)ခုနှင့် စပ်လျဉ်းသော ကိစ္စရပ်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ World Bank တို့နှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့တော့ Universal Health coverage ဆိုင်ရာ နိုင်ငံတကာအစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ပြည်တွင်း/ ပြည်ပသင်တန်းများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ သက်ဆိုင်ရာ ပညာရှင်များကို စေလွှတ်ကာ တက်ရောက်ဆွေးနွေးစေခဲ့ပါကြောင်း၊

လူတိုင်းလက်လှမ်းမှီသော သာတူညီမျှ ကျန်းမာရေးလွှမ်းခြုံစနစ်အား မြန်မာနိုင်ငံတွင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အချိန်ကာလနှင့် ပတ်သက်ပြီး ပထမဦးစွာ လူဦးရေလွှမ်းခြုံမှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံရှိလူဦးရေ ၅၁ သန်းကျော်မှာ လူမျိုးစု ၁၃၇ မျိုးပါဝင်ပြီး ကိုးကွယ်ရာ ဘာသာမျိုးစုံ ပါဝင်နေခြင်း၊ မှီတင်းနေထိုင်ရာ နယ်မြေဒေသအလိုက် (Geographical Location) အရသော်လည်း ကောာင်း၊ ခက်ခဲနေသေးတဲ့ လမ်းပန်းဆက်သွယ်ရေးအရသော်လည်းကောင်း၊ လူမျိုးစုဓလေ့ထုံးစံနှင့် ခေတ်နောက်ကျတဲ့ အစွဲအလမ်းများအရသော်လည်းကောင်း၊ မတူကွဲပြားသောစီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခြေအနေများအရ သော်လည်းကောင်း၊ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံးကို သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု တစ်ပြေးညီပေးနိုင်စွမ်းရှိရန်သည် ကန့်သတ်ချက်များ ရှိနေဦးမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတွင်လည်း ၎င်းတို့၏ နယ်မြေဒေသအတွင်း တစ်နိုင်တစ်ပိုင်ပေးနေသော ကျန်းမာရေး ဝန်ဆောင်မှု များကလည်း ကျန်မာရေးဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးစနစ်နှင့်အပြိုင် ကျန်းမာရေးစနစ်များကဲ့သို့ တည်ရှိနေရာ အလိုက်သင့်ညှိနှိုင်း ပေါင်းစပ် နိုင်စွမ်းမရှိခဲ့လျှင် ကွဲပြားခြားနားသော အသွင်ကို ဖြစ်ပေါ်စေပြီး Population coverage တွင် အခက်အခဲများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊  

နံပါတ်(၂) ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ လွှမ်းခြုံမှုအနေဖြင့် မြန်မာနိုင်ငံရဲ့ လက်ရှိကျန်းမာရေး စောင့်ရှောက်မှုသည် ကျန်းမာရေးဝန်ကြီးဌာနသည် အဓိကကျန်းမာရေးစောင့်ရှောက် မှုပေးနေသော အဖွဲ့အစည်းဖြစ်သော်လည်း အခြားဝန်ကြီးဌာနများဖြစ်များအနေဖြင့် ၎င်းတို့၏ ဝန်ထမ်းများနှင့် မိသားစုများ အတွက် ကျန်းမာရေးစောင်‌့ရှောက်မှုများကို သီးခြားအစီအစဉ်များနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊။

ပုဂ္ဂလိက ကျန်းမာရေးစောင်‌့ရှောက်မှုကဏ္ဍအနေဖြင့်လည်း ကုသမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိသည့်အတွက် လက်ရှိမြန်မာနိုင်ငံမှာ ပြီးပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း (၅)ခုဖြစ်သော Promotive, Preventive, curative, rehabilitative and Palliative services များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်သာ ပေးနိုင်စွမ်းရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနမှအပ အခြားဝန်ကြီး ဌာနများ အနေဖြင့် ပုဂ္ဂလိကကျန်းမာရေး စောင်‌့ရှောက်မှု တို့တွင် ကုသရေးလုပ်ငန်းကိုသာ ဇောင်းပေးလုပ်ကိုင်နေကြ ခြင်းဖြစ်ပါကြောင်း၊

ပြည်သူ့ကျန်းမာရေးစောင်‌့ရှောက်မှုလုပ်ငန်းအတွက် ပြည်သူ့ဆေးရုံပေါင်း ၁၀၆၈ ရုံ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနများအပြင် ကျေးလက်ကျန်းမာရေး ဌာန ၁၆၉၆ ခုနှင့် ကျေးလက် ကျန်းမာရေး ဌာနခွဲပေါင်း ၈၇၀၀ ကျော်တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော်လည်း Population coverage အနေဖြင့် ချိန်ထိုးကြည့်မည်ဆိုပါကလျှင် လိုအပ်ချက်များ ရှိနေသေးသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ကျေးလက် ကျန်းမာရေးဌာနသည် ရှိနေသော ကျေးရွာစုအားလုံး၏ ၁၂ ရာခိုင်နှုန်း၊ ကျေးလက် ကျန်းမာရေး ဌာနခွဲသည် စုစုပေါင်းကျေးရွာအားလုံး၏ ၁၃ ရာခိုင်နှုန်းမျှသာရှိသည့်အတွက် လိုအပ်ချက်သည် အလွန်ကြီးမား ကျယ်ပြန့်နေသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်အနေဖြင့်လည်း လက်ရှိ ပြည်သူ့ကျန်းမာရေးစနစ် အတွင်း တာဝန်ဆောင်နေသော ဆရာဝန်အရေအတွက်သည် စုစုပေါင်း ဆရာဝန်အရေအတွက်၏ ၃၁ ရာခိုင်နှုန်းခန့်သာရှိသည်ကို တွေ့ရှိရသည့်အတွက်လည်း  Population coverage တွင် ကျေးရွာ အုပ်စုတိုင်း၌ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးရွာတိုင်းတွင် ကျေးလက် ကျန်းမာရေးဌာန ခွဲများ ထားရှိဆောင်ရွက်မည် ဆိုပါက မည်သို့မျှလောက်နိုင်မည်မဟုတ်ပါကြောင်း၊ လက်ထောက် ကျန်းမာ ရေးမှူးပေါင်း ၉၇၀၀ ကျော် နှင့် ဘက်စုံ သားဖွားဆရာမ ၅၅၀၀၀ ကျော် ထပ်မံမွေးထုတ်ရမည်ဖြစ်သည့်အပြင်  Population coverage နှင့် service coverage တို့အတွက် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို ရေတို နည်းဖြင့် ဖြေရှင်းရန် အခက်အခဲရှိသည်ကို ထင်ရှားစွာတွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊

Infrastructure ပိုင်းနှင့် Human rescourses ပိုင်းတွင် ဖြည့်ဆည်းရန် လိုအပ်ချက်များ ပြည့်စုံလာသည့်တိုင် လိုအပ်သာကျန်းမာရေး စောင့်ရှောက်မှုများပေးရန် အတတ်ပညာနှင့် ဝန်ဆောင်မှုအဆင်သင့်ဖြစ်ခြင်း နှင့် ပြည်သူအားလုံးအတွက် မဖြစ်မနေပေးရမည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ကို ဖော်ထုတ်ညှိနှိုင်း သဘောတူညီချက်ရယူခြင်း၊ အဆိုပါဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကျန်းမာရေးစောင့်ရှောက်သူနှင့် အစောင့် အရှောက်ခံများ၏ ကျေနပ်လက်ခံနှစ်သက်မှု ၊ ထိုဝန်ဆောင်မှုများရေရှည် တည်တံ့နိုင်ရန် တည်ငြိမ်သည့် ငွေကြေးစီမံခန့်ခွဲမှု တို့ကို ညှိနှိုင်းဆောင်ရွက်ရဦးမည်ဖြစ်ပါကြောင်း၊

ငွေကြေးဆိုင်ရာလွှမ်းခြုံမှုအနေဖြင့် Financial or Cost Coverage ကျေနပ်ဖွယ်အရည် အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပြည်သူအားလုံးအတွက် လိုအပ်ချိန်တွင် လိုအပ်သလို ပေးရာတွင် ရေရှည် တည်တံ့နိုင်သော ကျန်းမာရေးဆိုင်ရာငွေကြေးစီမံခန့်ခွဲမှုစနစ်ကို တည်ထောင်ကျင့်သုံးနိုင်ခြင်း၊ ထိရောက်စွာ အကျိုးရှိစွာ သုံးစွဲခြင်းနှင့် ပြည်သူများအား ကျန်းမာရေးစရိတ်ထောင်း၍ ဆင်းရဲတွင်းနစ်ရခြင်းတို့ကို အကာ အကွယ်ပေးနိုင်ခြင်း စသည့် ကိစ္စရပ်များသည် Universal Health Coverage ၏ အဓိကရှုထောင့် တစ်ရပ် ဖြစ်ပါကြောင်း၊ ဖြစ်ပါတယ်။ UHC Financial Indicator များဖြင့် WHO ၏ သတ်မှတ်ချက်များကို ကြည့်မည်ဆိုပါက UHC လမ်းကြောင်းပေါ်ရှိ တိုင်းပြည်နိုင်ငံတစ်ခုသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကိုယ့်ငွေကိုယ်ပေးရမည့် စရိတ်သည် စုစုပေါင်းကျန်းမာရေးအသုံးစရိတ်၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းအတွင်းရှိခြင်း၊ စုစုပေါင်း ကျန်းမာရေးအသုံးစရိတ်သည် ဂျီဒီပီ၏ ၃ သို့မဟုတ် ၄ ရာခိုင်နှုန်း ပမာဏရှိခြင်း၊ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကျန်းမာရေးအတွက် တင်ကြိုထည့်ဝင်ငွေဖြင့် စီမံခန့်ခွဲသည့် (Prepayment and risk pooling scheme) အစီအမံမျိုး စောင့်ရှောက်မှုပေးခြင်း၊ ရာနှုန်းပြည့် လူမှုအကာအကွယ်ပေး ရမည်‌့အစီအစဉ် (Social assistance and social safety net program) များ တည်ရှိခြင်းတို့ဖြစ်ပါကြောင်း၊  ယခုအချိန်တွင် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ကျန်းမာရေး ဘဏ္ဍာငွေလုံးငွေရင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေး ဘတ်ဂျက်သာဖြစ်သည့်အပြင် အဆိုပါဘတ်ဂျက်သည်ပင်လျှင် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် တိုက်ရိုက် ကုန်ကျခြင်းမျိုးအပြင် လစာ၊ ဝန်ထမ်းနေရာ၊ ဝန်ထမ်းနေအိမ်၊ လျှပ်စစ်မီတာ၊ စက်သုံးဆီစသည့် Operational cost များလည်း ပါဝင်နေပါကြောင်း၊  ထိုအရာများမပါဝင်ပါက ပြည်သူတစ်ဦးချင်း အတွက် တစ်နှစ်လျှင် ၁၁ ဒေါ်လာနှုန်း ကျန်းမာရေးအသုံးစရိတ် ကျခံနိုင်ပါကြောင်း၊ စိတ်‌ကျေနပ် ဖွယ်ကောင်းသည့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူ့ကျန်းမာရေး ကျခံမှု၊ သုံးစွဲမှုသည် အနည်းဆုံးတစ်နှစ်လျှင် ဒေါ်လာ ၃၀ မှ ၄၅ ဒေါ်လာ ရှိသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြု ထားပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးဘတ်ဂျက်မှာ ၆၅၂ ဘီလီယံကျပ်ဖြစ်ပြီး အစိုးရဘတ်ဂျက်၏ ၃.၈၄ ရာခိုင်နှုန်းဖြစ်ကာ ဂျီဒီပီ၏ ဝ.၉၄ ရာခိုင်နှုန်းဖြစ်ပါ ကြောင်း၊ စုစုပေါင်းကျန်းမာရေး အသုံးစရိတ်မှာ ပြည်သူလူထု၏ ကိုယ့်ငွေကိုယ်ပေး (Out of pocket expenditure) သည်လည်း ၆၅ မှ ၈၀ ရာခိုင်နှုန်း အထိရှိနေသည်ကို လေ့လာတွေ့ရှိရသည့်အပြင် လူမှုဖူလုံရေးအာမခံမှအပ အခြား ကျန်းမာရေးဆိုင်ရာ ကြိုတင်ထည့်ဝင်သည့် အစီအမံများလည်း ယနေ့အချိန်အထိ မကျင့်သုံးနိုင်သေးသည် ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊

မည်သည့်တိုင်းပြည်မဆို UHC သို့သွားရာလမ်းသည် နှစ်ကာလရှည်ကြာပြီး အခက်အခဲများ တွေ့ကြုံလေ့ရှိပါကြောင်း၊ မြန်မာနိုင်ငံသည်လည်း Population coverage, service coverage နှင့် Financial coverage လုပ်ငန်းများကို UHC အတွက် တည်ဆောက်ရာမှာ  အရေးကြီးဆုံး လုပ်ငန်းဖြစသော ကျန်းမာရေးဆိုင်ရာ ဘဏ္ဍာငွေစုဆောင်းရေး၊ တည်ငြိမ်ရေရှည်ခံသည့် ကျန်းမာရေး စနစ်ဖြစ်စေရန် ကြိုတင်ထည့်ဝင်ငွေအာမခံစနစ် (မယူမနေရ ပြည်သူ့ကျန်းမာရေးအာမခံစနစ်) တို့ကို စတင်လုပ်ဆောင်ရန် လိုပါသောကြောင့် အဆိုပါကိစ္စရပ်များကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရန် အချိန်ကာလသည် ကြာမြင့်နိုင်မည်ဖြစ်ပြီး လက်ရှိအနေဖြင့် သက္ကရာဇ် ၂၀၃၀ မှာ ပြီးပြည့်စုံသော မြန်မာနိုင်ငံတစ်ဝှမ်းလုံး လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးလွှမ်းခြုံ စနစ်ရရှိရန် ရည်မှန်းဆောင်ရွက်နေပါကြောင်း ပြန်လည်ဖြေကြားပါသည်။