(က)-စက်မှုဇုန်ထုတ်ကားများ၊သုံးဘီးကားများနှင့်နှစ် (၂၀) ကျော်ကားများကိုဖျက်သိမ်းရန်အတွက်၃၁-၁၂ -၂၀၁၄ရက်တွင်နောက်ဆုံးထားအပ်နှံရန်သတ်မှတ် ချက်ကို ၃၁-၁၂-၂၀၁၅ ရက်သို့ တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၄) ရက်မြောက်နေ့ (၂၅.၁၁.၂၀၁၄)

ဒေါ်ခင်ဌေးကြွယ် (မော်လမြိုင်) ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ ၈-၇-၂၀၁၄ ရက် နေ့စွဲဖြင့်ထုတ်ပြန်ထားသော မူဝါဒ ကြေညာချက်အရ စက်မှုဇုန်ထုတ်ကားများကို ၁၄-၇-၂၀၁၄ ရက်နေ့၊ သုံးဘီးကားများကို ၁-၈-၂၀၁၄ ရက်နေ့၊ အနှစ် ၂၀ ကျော် ကားများကို ၁-၉-၂၀၁၄ ရက်နေ့၊ ၂က ကားများကို ၆-၁၀-၂၀၁၄ ရက်နေ့တွင် ဖျက်သိမ်းရန်အတွက် စတင်အပ်နှံခွင့်ပြုခဲ့ရာ ယာဉ်အို/ယာဉ်ဟောင်းများ စုစုပေါင်းဦးရေ ခန့်မှန်းခြေသုံးသိန်းခန့်ရှိပြီး ၃၁-၁၂-၂၀၁၄ ရက် နောက်ဆုံးထားအပ်နှံမှသာ အစားထိုးတင်သွင်းသွားသော ကားများကို ကညနခွန် လျှော့ပေါ့ခံစားခွင့် ပြုမည်ဖြစ်သဖြင့် ယာဉ်အို/ယာဉ်ဟောင်း ပိုင်ရှင်များ စုပြုံအပ်နှံပြီး ဂျပန်လေလံတွင် အလုအယက် လေလံဆွဲဝယ်ယူမှုကြောင့် လေလံဈေး များ နှစ်ဆကျော်၊ လေးဆမှ လေးဆကျော်အထိ ဈေးတက်ပြီး ဝယ်ယူနေကြခြင်းကြောင့် ပြည်သူများ နစ်နာကြရပါကြောင်း၊ ယာဉ်အို/ယာဉ်ဟောင်းများကို အစားထိုးကား ဝယ်ယူရန်အတွက် ငွေကြေးစုဆောင်းရန် လုံလောက်သော အချိန်အတိုင်းအတာတစ်ခု မလွဲမသွေ လိုအပ်မည်ဖြစ်ရာ ကားပိုင်ရှင်များ၏ လူနေမှုဘဝ ယုတ်လျော့မှုမဖြစ်စေရေးနှင့် အစိုးရမှပြည်သူ့ဘဝ မြှင့်တင်ရေးအတွက် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ စက်မှုဇုန်ထုတ်ကားများ၊ သုံးဘီးကားများ၊ နှစ် ၂၀ ကျော်ကားများကို ဖျက်သိမ်းရန်အတွက် ၃၁-၁၂-၂၀၁၄ ရက်နေ့တွင် နောက်ဆုံးထားအပ်နှံရန် သတ်မှတ်ခြင်းကို ၃၁-၁၂-၂၀၁၅ ရက်နေ့သို့ တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်ရထားပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်းပြီး အစားထိုး တင်သွင်းခြင်း စီမံချက်ကို ၁၁-၉-၂၀၁၁ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာတွင် ကြေညာခဲ့ပြီး မှတ်ပုံတင်သက်တမ်း အနှစ် ၄၀ ကျော် စ အက္ခရာယာဉ်များမှစတင်ပြီး အက္ခရာစဉ်အလိုက် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂က အက္ခရာယာဉ်များကိုလည်း ၆-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပိုင်ရှင်၏ ဆန္ဒအရဖျက်သိမ်းပြီး ပြည်ပမှ အစားထိုး တင်သွင်းခွင့်ပြုလျက်ရှိပါကြောင်း၊ ပြည်ပမှတင်သွင်းလာသော မော်တော် ယာဉ်များအား ပြည်ပတင်သွင်း ယာဉ်မှတ်ပုံတင်ခ ကောက်ခံရာ၌ စ မှ ပ အက္ခရာ အထိအပ်နှံပြီး အစားထိုးတင်သွင်းသော ယာဉ်များကို ၄၀ %၊ ဗ အက္ခရာယာဉ်မှစ၍ ၂က အက္ခရာအထိယာဉ်များကို ၆၀ % လျှော့ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

၁၄-၇-၂၀၁၄ ရက်နေ့မှစ၍ ပြည်တွင်းစက်မှုဇုန်ယာဉ်များကို ဖျက်သိမ်းခွင့်ပြုပြီး အစားထိုး တင်သွင်းရာတွင် ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ၂၀% လျှော့ပေါ့၍လည်းကောင်း၊ ၁-၈-၂၀၁၄ ရက်နေ့မှစ၍ သုံးဘီးယာဉ် များကို ဖျက်သိမ်းခွင့်ပြုပြီး အစားထိုးတင်သွင်းရာတွင် သုံးဘီးယာဉ်သာ ပြန်လည်တင်သွင်းပါက ပြည်ပ တင်သွင်း ယာဉ်မှတ်ပုံတင်ခ ၄၀ %၊ မော်တော်ယာဉ်အဖြစ် အစားထိုးတင်သွင်းရင် ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ၂၀ % လျှော့ပေါ့၍လည်းကောင်း၊ ၁-၉-၂၀၁၄ ရက်နေ့မှစ၍ မည်သည့်အက္ခရာမဆို မော်တော်ယာဉ် ထုတ်လုပ်သည့်ခုနှစ်၊ ပုံစံ၊ အနှစ် ၂၀ ကျော်ယာဉ်များကို ဖျက်သိမ်းအစားထိုးတင်သွင်းရင် ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခကို ၂၀ % လျှော့ပေါ့၍လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ယာဉ်အိုယာဉ်ဟောင်းပိုင်ဆိုင်သူများ၏ ဆန္ဒအရဖျက်သိမ်းပြီး အစားထိုးတင်သွင်းရာတွင် ယာဉ်ပိုင်ဆိုင်မှု ဆုံးရှုံးခြင်းမဖြစ်စေရေးအတွက် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ လျှော့ပေါ့စဉ်းစားပေးခြင်းသည် နိုင်ငံတော်၏ စေတနာအမှန်ဖြစ်သော်လည်း အချို့စီးပွားရေးသမားများသည် ယင်းအခြေအနေပေါ်တွင် အခွင့်ကောင်းယူပြီး ယာဉ်ဟောင်းများဝယ်ယူပြီး ဈေးကစားမှုပြုသည့်အတွက် ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းသည့်ပုံစံ စလစ်၏ ဈေးသည် ကြီးမြင့်ပြီး ဝယ်ယူလိုသူများအတွက် ဝန်ထုပ်ဝန်ပိုးသဖွယ်ဖြစ်လာသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့အပြင် လက်ရှိအခြေအနေအားဖြင့် အန္တရာယ်မကင်းဟု သတ်မှတ်ပြီး ဖျက်သိမ်းရန် ဆောင်ရွက်သင့်သော ယာဉ်စီးရေလည်း နည်းလာသည့်အပြင် ဥပဓိရုပ်မကောင်းသော ယာဉ်စီးရေလည်း လျော့နည်းလာသည့် အတွက်  ၁-၁-၂၀၁၅ ရက်ကစပြီး ယာဉ်ဟောင်းအပ်နှံပြီး အစားထိုးတင်သွင်းသော ယာဉ်အမျိုးအစား အားလုံးကို ရာခိုင်နှုန်းလျှော့ပေါ့ပေးခြင်း မပြုတော့ဘဲ ယာဉ်ဟောင်းအပ်နှံလျက် အစားထိုး ဝယ်ယူခွင့်ကိုသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အများပြည်သူသိရှိ စေရန်အတွက် ၈-၇-၂၀၁၄ ရက်နေ့ထုတ် သတင်းစာများတွင် ကြိုတင်၍ ကြေညာအသိပေးခဲ့ပါကြောင်း၊ သုံးဘီးအပါအဝင် မော်တော်ယာဉ်ပိုင်ရှင်များသည် ယာဉ်အိုယာဉ်ဟောင်းအပ်နှံရာတွင် မအပ်မနေရ အပ်နှံစေခြင်းမဟုတ်ဘဲ အပ်နှံလိုသည့် ဆန္ဒရှိမှသာ အပ်နှံပြီး အစားထိုးတင်သွင်းခွင့်ပြုစေခြင်းဖြစ်ပါကြောင်း၊ အပ်နှံခြင်းမပြုသော မော်တော်ယာဉ်များအားလုံးကို လုပ်ထုံးလုပ်နည်းနှင့်အညီ မှတ်ပုံတင်သက်တမ်း တိုးပေးလျက်ရှိပါကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း အပ်နှံခြင်းစီမံချက်ကို ၁၉-၉-၂၀၁၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့သည့်အတွက် ၃ နှစ် ကြာခဲ့ပြီဖြစ်ပါကြောင်း၊ အစားထိုးတင်သွင်းရာ၌ ဂျပန်တွင် လေလံဆွဲပြီး ဝယ်ယူမှုသာမက ယာဉ်ဝယ်ယူသူများ အဆင်ပြေစေရန် မြန်မာနိုင်ငံအတွင်း အရောင်းပြခန်း၊ အရောင်းစင်တာများ ဖွင်‌့လှစ်ဆောင်ရွက်ပေးခဲ့ရာ အရောင်းပြခန်း ၁၄ ခန်းနှင့် အရောင်းစင်တာ ၁၈၃ ခုဖွင့်ထားပြီးဖြစ်သည့်အတွက်ကြောင့် အစားထိုးဝယ်ယူခြင်းက လွယ်ကူစွာဆောင်ရွက်နေနိုင်ပြီဖြစ်ပါကြောင်း၊ စက်မှုဇုန်ထုတ်ကား၊ သုံးဘီးကားနှင့် ထုတ်လုပ်မှုသက်တမ်း နှစ် ၂၀ ကျော်ကားများကို အစားထိုးတင်သွင်းရန်အတွက် ဇုန်ထုတ်ယာဉ်များ အပ်နှံခွင့်ပြုထားသော ၁၄-၇-၂၀၁၄ ရက်နေ့တွင် မိမိတို့၏ စာရင်းအရ ဇုန်ထုတ်ယာဉ် ၉၈၅၉၂ စီးရှိပြီး ၁၄-၇-၂၀၁၄ ရက်နေ့မှ ၃၁-၁၀-၂၀၁၄ အထိ ၁၄၁၆၃ စီး အပ်နှံမှုပြုပြီးဖြစ်သည့်အတွက်ကြောင့် အပ်နှံရန်ကျန်ရှိသော ဇုန်ထုတ်ယာဉ် ၈၄၄၂၉ စီးကျန်ရှိကြောင်း၊ သုံးဘီးကားများ အပ်နှံခွင်‌့ပြုသော ၁-၈-၂၀၁၄ ရက်နေ့တွင် မိမိတို့၏ စာရင်းအရ သုံးဘီးကား ၁၂၄၀ စီးရှိပြီး ၁-၈-၂၀၁၄ ရက်နေ့မှ ၃၁-၁၀-၂၀၁၄ ရက်နေ့အထိ ၅၃၀ စီး အပ်နှံမှုပြုသည့်အတွက် အပ်နှံနိုင်သည့်သုံးဘီးကား ၇၁၀ စီးကျန်ရှိကြောင်း၊ ၁-၉-၂၀၁၄ ရက်နေ့တွင် မိမိတို့၏ စာရင်းအရ နှစ် ၂၀ ကျော်ကား ၁၄၂၉၃၆ စီးရှိသော်လည်း ဌာနဆိုင်ရာယာဉ် ၃၉၉၄၇ စီးပါသည့်အတွက်ကြောင့် ပုဂ္ဂိလိကပိုင်ယာဉ် ၁၀၂၉၈၉ စီးသာရှိပါကြောင်း၊ ၁-၉-၂၀၁၄ ရက်နေ့မှ ၃၁-၁၀-၂၀၁၄ ရက်နေ့အထိ ၁၃၂၃၀ စီး အပ်နှံပြီးဖြစ်သည့်အတွက် အပ်နှံနိုင်သည့် နှစ် ၂၀ ကျော်ယာဉ် ၈၉၇၅၉ စီး ကျန်ရှိသည်ကို တွေ့ရှိရပါကြောင်း။

မိမိတင်ပြချက်အရ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထားသော ယာဉ် ၃ မျိုး သတ်မှတ်ရက်ဖြစ်သည့် ၃၁-၁၂-၂၀၁၄ ရက်နေ့အမီအပ်နှံရန် ယာဉ်အရေအတွက်သည် ၃၁-၁၀-၂၀၁၄ စာရင်းအရ ၁၇၄၈၉၈ စီးရှိပါကြောင်း၊ ထိုယာဉ်များကို ပိုင်ရှင်များ၏ဆန္ဒအရ လက်ရှိအပ်နှံသည့် အနေအထားကိုစိစစ်ရာတွင် ဇုန်ထုတ်ယာဉ်များထဲတွင် ဂျစ်ယာဉ်ကိုသာအပ်နှံပြီး Bus ၊  Mini Bus ၊ Micro Bus ၊ Truck ၊ LightTruck စသည့်ယာဉ်များ အပ်နှံမှုနည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊ နှစ် ၂၀ ကျော်ယာဉ်များမှာလည်း အရည်အသွေးညံ့ပြီး ဥပဓိရုပ်မကောင်းသည့် ယာဉ်တချို့သာ လာရောက်အပ်နှံပြီး အခြေအနေကောင်းသည့် ယာဉ်များ အပ်နှံမှုနည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့အထိ အပ်နှံမှုအရေအတွက်နည်းပါးမှုသည် ယာဉ်ဟောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေးသော မိမိတို့ဝန်ကြီးဌာနတွင်ရှိသော ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများက လုပ်ငန်းမနိုင်၍ နည်းပါးရခြင်းမဟုတ်ဘဲ ပိုင်ရှင်များ၏ ဆန္ဒအရ အပ်နှံမှုနည်းခြင်းဖြစ်သည့်အတွက်ကြောင့် ၃၁-၁၂-၂၀၁၄ ရက်နေ့နောက်ဆုံးထား၍ အပ်နှံရန်သတ်မှတ်ချက်ကို တိုးမြှင့်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ လျှော့ပေါ့ခံစားနိုင်မည့့်် ၃၁-၁၂-၂၀၁၄ ရက်မတိုင်ခင် ယာဉ်ပိုင်ရှင်များ၏ ဆန္ဒအရ လာရောက်အပ်နှံမည်ဆိုပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဦးစားပေးအဖြစ် အချိန်ပေးပြီး အပ်နှံမှုအတိုင်း ပြည့်မီအောင် လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ လျှော့ပေါ့မှု ရရှိရန်အတွက်။ သတ်မှတ်ထားသော်လည်း အပ်နှံသည့်ပြည်သူများ ထိခိုက်နစ်နာမှုမဖြစ်စေရေးအတွက် အပ်နှံထားသည့် ယာဉ်များအတွက်  အစားထိုးတင်သွင်းမှုကို နောက်ထပ် ၃ လအချိန်တိုးပေးပြီး ၃၁-၃-၂၀၁၅ အထိ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခလျှော့ပေါ့မှုနှင့် ကနဦးမှတ်ပုံတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ၃၁-၁၂-၂၀၁၄ အမီ ယာဉ်များအပ်နှံရေး၊ ၃၁-၃-၂၀၁၅ မတိုင်မီ တင်သွင်းသည့်ယာဉ်များ မိမိတို့ ရုံးတွင် လာရောက်မှတ်ပုံတင် ဆောင်ရွက်ပေးရေးအတွက် နေ့စဉ်ထုတ်သတင်းစာများတွင်လည်း အသိ ပေးနှိုးဆော်ထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။