(ဂ)-လင်းခေးမြို့နယ်တွင် စက်မှုဝန်ကြီးဌာနအောက်ရှိ ဗာဂျီးနီးယား ဆေးလုပ်ငန်းမှ ဆောင်ရွက်ခဲ့သော ဆေးပေါင်းစခန်းနေရာများကို မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ လွှဲအပ်ပေးနိုင်မည့် အစီအစဉ် ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၁၆.၉.၂၀၁၄)

ဦးစိုင်းလှကျော် (လင်းခေး မဲဆန္ဒနယ်)ယခင်နှစ်ပေါင်းများစွာက လင်းခေးမြို့နယ်တွင် ဗာဂျီးနီးယားစိုက်ပျိုးရေးဖြစ်ထွန်းခဲ့ပြီး မြို့ပေါ်ရပ်ကွက် အသီးသီး ၌ဆေးပေါင်းရုံများ တည်ဆောက်ခဲ့ပြီး မြို့နယ်၏ စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း ဆေးပေါင်းစခန်းများတည်ဆောက်ဆောင်ရွက်ခဲ့ရာ ယခင်အမှတ်(၂) စက်မှုဝန်ကြီးဌာန အောက်ရှိ ဗာဂျီးနီးယားလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်ခဲ့သော ဆေးပေါင်းစခန်းများ၊ မြေကွက်လပ်များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးတွင် တည်ရှိခဲ့ပါကြောင်း၊ စာရင်းအရ ရပ်ကွက်အသီးသီးတွင် ဆေးပေါင်းစခန်း ၁၂ ခုနှင့် မြေကွက်လပ် ၂ ကွက် တည်ရှိပြီး စုစုပေါင်းခန့်မှန်းဧက ၁၅ ဧကမှ ၂၀ ဧကအတွင်း တည်ရှိပါကြောင်း၊ လက်ရှိအခြေအနေ၌ ဗာဂျီးနီးယာဆေးလုပ်ငန်းနှင့် ပတ်သက်၍ လွန်ခဲ့သော ၂၀၀၄ ခုနှစ်ကပင်စပြီး ဆေးဝယ်ယူခြင်း၊ ဆေးပေါင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မတွေ့ရှိရတော့ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်းသွားပြီး လုပ်သားဝန်ထမ်းများလည်း မရှိတော့ဘဲ အဆောက်အဦသာ ကျန်ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊  မြို့ပေါ်ရပ်ကွက် အသီးသီးတွင်ရှိသော ဆေးပေါင်းစခန်း ဆက်စပ်မြေကွက်များမှာ ၁၀ စုနှစ် တစ်ခုတိုင် ပြုပြင်ထိန်းသိမ်းခြင်းမရှိတော့ဘဲ ယိုယွင်းပျက်စီးနေပါကြောင်း။

အဆောက်အဦနှင့် ခြံဝန်းအတွင်း ခြုံနွယ်ပိတ်ပေါင်းများကို တာဝန်ယူရှင်းလင်း ဆောင်ရွက်မှုမရှိသည့်အတွက် နွေရာသီတွင် နှစ်စဉ်လိုလို မီးဘေးအန္တရာယ်အတွက် စိုးရိမ်နေရပြီး အညာမြေဒေသကဲ့သို့ ရာသီဥတု အပူချိန်ပြင်းထန်သည့် လင်းခေးမြို့နယ်တွင် ပြုပြင်ထိန်းသိမ်းမှု၊ သန့်ရှင်းသည့်ဆောင်ရွက်မှုမရှိသော  အဆောက်အဦများရှိနေခြင်းသည် မီးဘေးအန္တရာယ်အတွက် စိုးရိမ်ရသကဲ့သို့ မြို့အင်္ဂါရပ်လှပတင့်တယ်မှုကိုလည်း အဟန့်အတားဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ အသုံးပြုခြင်းမရှိဘဲ ယိုယွင်းပျက်စီးနေသော မြို့ပေါ်ရပ်ကွက် အသီးသီးရှိ ဆေးပေါင်းစခန်းများနှင့် ဆက်စပ်မြေကွက်များအား နယ်/မြို့အဆင့်အင်္ဂါရပ်နှင့်အညီ မြို့တွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးများသို့ လွှဲအပ်စေလွှတ်ပေးနိုင်မည့် အခြေအနေရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်၁၉၅၃-၁၉၅၄ ခုနှစ် ပြည်တော်သာစီမံကိန်းတွင် ဗာဂျီးနီးယား ဆေးစိုက်ပျိုးထုတ်လုပ်ရေးအတွက် စီမံကိန်းရေးဆွဲ တင်ပြရန် နိုင်ငံတော်အစိုးရမှ ဖိတ်ခေါ်ခဲ့သဖြင့် လင်းခေးဦးထွန်းမြင့်က (၅) နှစ်စီမံကိန်း ရေးဆွဲတင်ပြသည့်အခါ အစိုးရက ဦးထွန်းမြင့်အား အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ပြီး ဗားဂျီးနီးယားဆေးလုပ်ငန်း ကို မြေကျေးရှင် လက်အောက်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သောကြောင့် ဗားဂျီးနီးယားဆေးစီမံကိန်း စတင်ပေါ်ပေါက်ခဲ့ပါကြောင်း၊ ၁၉၆၃ ခုနှစ်တွင် နိုင်ငံတော်မှ စီးကရက်စက်ရုံများကို ပြည်သူပိုင်သိမ်းခဲ့သည့်အခါ အမရပူရမြို့ လူထုစီးကရက်ကုမ္ပဏီပိုင် ဆေးပြန်လည်အခြောက်ခံသည့် စက်ရုံနှင့် ဝှီးကုမ္ပဏီပိုင်ဆေးပေါင်းရုံ ၂၈ ရုံတွင် ဗာဂျီးနီးယားဆေး စီမံကိန်းလက်အောက်သို့ ရောက်ရှိခဲ့ပါကြောင်း၊ ယင်းစီမံကိန်းဌာနသည် ဌာနပိုင်ပေါင်းရုံများနှင့် အခြားအဆောက်အဦများတည်ဆောက်ခြင်း၊ ဆေးရွက်စိမ်းများကို တောင်သူများထံမှ  တိုက်ရိုက်ဝယ်ယူ၍ ဌာနပိုင်ဆေးပေါင်းရုံများတွင် ပေါင်းတင်ထုတ်လုပ်ခြင်းနှင့် ဝယ်ယူပြီးဆေးရွက်စိမ်းများကို ပုဂ္ဂလိကပေါင်းရုံများသို့ အပ်နှံပေါင်းတင်ခပေးခြင်း၊ ပေါင်းတင်ထုတ်လုပ်စေခြင်း နည်းလမ်းနှစ်သွယ်ဖြင့် ပေါင်းဆေးများကို ထုတ်လုပ်ခဲ့ပါကြောင်း၊ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း၊ ဗာဂျီးနီးယားဆေး လုပ်ငန်းလက်အောက်ရှိ ဗာဂျီနီးယားဆေးစိုက်ကွင်းများကို ကုန်ထုတ်စု၊ ဆေးပေါင်းရုံများတွင် ဗာဂျီးနီးယား ဆေးလုပ်ငန်းအမည်ပေါက် မြေစာရင်းလည်း (၁၀၅/၁၀၆) ရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ၃၀-၁-၂၀၀၉ ၃၀ ရက်နေ့တွင် ပြုလုပ်သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ (၁/၂၀၀၉) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း လက်အောက်ရှိ ဗာဂျီးနီးယားဆေးပေါင်းစခန်းများကို လွှဲပြောင်းရောင်းချပြီး ခွင့်ပြုခဲ့သည့်အတွက် ဗာဂျီးနီးယားဆေးပေါင်းထုတ်လုပ်သော မန္တလေးကုန်ထုတ်ဌာနခွဲ၊ ၎င်းလက်အောက်ရှိ ဆေးပေါင်း စခန်းများနှင့် အခြောက်ခံစက်များ အားလုံးသည် မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်သို့ ၂၇-၁-၂၀၁၁ ရက်နေ့တွင် အပြီးအပိုင်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဗာဂျီးနီးယာဆေးပေါင်းစခန်းအား မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်သို့ လွှဲပြောင်းခဲ့ပြီးဖြစ်ပါသဖြင့် စက်မှုဝန်ကြီးဌာနလက်အောက်တွင် မရှိတော့ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။