(ခ)-လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် ပတ်သက်၍ မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၁၆.၉.၂၀၁၄)

ဦးအောင်မြင့်သိန်း (ပေါင်းတည် မဲဆန္ဒနယ်)လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် လိုင်စင်မဲ့ လျှပ်စစ်ဆိုင်ကယ်မီးများကို သုံးစွဲကြသူအများစုသည် သာမန်ပြည်သူ များဖြစ်ကြပြီးကျေးရွာများတွင်သာ ဖြစ်ကြပါကြောင်း၊ ကျေးရွာချင်းဆက်လမ်းများတွင် သွားလာရေးလွယ်ကူစေရန် ၎င်းတို့စုဆောင်းထားငွေများ၊ ချေးငွေများဖြင့် ဝယ်ယူစီးကြသော သူများသာများပါကြောင်း၊ နိုင်ငံခြားမှ တိုက်ရိုက်မှာယူ တင်သွင်း စီးနင်းကြသူများ မဟုတ်ကြပါကြောင်း၊ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်နှင့် လိုင်စင်မဲ့လျှပ်စစ်ဆိုင်ကယ် ဘတ္ထရီမီးများသည် မမှန်ကန်သော နည်းလမ်းမျိုးစုံဖြင့် ပြည်ပက တင်သွင်းလာကြခြင်းဖြစ်ပြီး ပြည်တွင်း ဆိုင်ကယ်ရောင်းချသူများက တရားဝင်သကဲ့သို့ ရောင်းချနေခြင်းကြောင့် အလွယ်တကူပင် ဝယ်ယူသုံးစွဲနေ ကြခြင်းဖြစ်ပါကြောင်း၊ မော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်ဆိုင်ကယ် ဘတ္ထရီမီးများကို တရားမဝင် တင်သွင်းလာသဖြင့် မိမိတို့ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများကို မရရှိတော့သဖြင့်  နစ်နာမှုများ ရှိနေပါကြောင်း၊ လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ တင်သွင်းရောင်းချခြင်းများကို တင်းကြပ်စွာ တားမြစ်နိုင်ပါက ယခုကဲ့သို့ လိုင်စင်မဲ့စီးနင်းသူများသည် ပပျောက်သွားမည်ဟု ယုံကြည်မိပါကြောင်း၊ သို့ဖြစ်ပါ၍ လိုင်စင်မလုပ်သော မော်တော်ဆိုင်ကယ်များနှင့် လိုင်စင်မဲ့လျှပ်စစ်ဆိုင်ကယ် ဘတ္ထရီဘီးများကိုဖမ်းပြီး လိုင်စင်ပြုလုပ်ခိုင်း၍ လိုင်စင်ပြုလုပ်ပြီးပါက ပြန်ပြီးပေးနိုင် ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ လျှပ်စစ်ဆိုင်ကယ် ဘတ္ထရီဘီးများသည် အင်ဂျင်မီးတွေလို Power မမြင့်ဘဲ ခရီးဝေး ၁၀ အထက် မသွားနိုင်သည့်အတွက် အဆင်မပြေသောကြောင့် အင်ဂျင်မီးများထက် သက်သာသောအခွန်နှုန်းထားဖြင့် သတ်မှတ်ကောက် ခံပေးနိုင်ခြင်း ရှိ/မရှိ၊ လိုင်စင်ပြုလုပ်ရန် အတွက် ယခုဆောင်ရွက်ပေးနေသည့်အချိန်ထက် လုံလုံလောက်လောက် ထပ်မံတိုးမြှင့်ပေးကာ လွယ်ကူမြန်ဆန်သော လုပ်ငန်းစဉ်နှင့် မြို့နယ်တိုင်းတွင် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ဆိုင်ကယ်များကို ခိုးသွင်းရာလမ်းကြောင်းများဖြစ်သည့်  နယ်စပ်အဝင်လမ်းကြောင်းများတွင် တားဆီးပိတ်ဆို့အရေးယူမှုနှင့် ပြည်တွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဖြတ်ကျော်ဝင်ရောက်လာပြီး ဆိုင်တင် ရောင်းချနေသော လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ဆိုင်ကယ်များကို ထိထိရောက်ရောက်အရေးယူနိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်နိုင်ငံတော်အတွင်း တရားမဝင်တင်သွင်းရောက်ရှိနေသော လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပါက ၂၀၁၂ ခုနှစ်၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ အရ သိမ်းဆည်းပြီး အမှုဖွင့်အရေး ယူပြီး သက်သေခံမော်တော်ဆိုင်ကယ်များကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၂၃ နှင့်အညီ သက်ဆိုင်ရာ တရားရုံးကို တရားစွဲဆို တင်ပို့ရပါကြောင်း၊ သက်သေခံမော်တော်ဆိုင်ကယ်များကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၇ အရ တရားရုံးများမှ စီမံခန့်ခွဲပြီး Open Tender ဖြင့် လေလံတင်ရောင်းချမှုပြုမည်ဆိုပါက ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရုံးများတွင် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေး ရပါကြောင်း၊ လေလံတင်ရောင်း ချမှုမပြုသော မော်တော် ဆိုင်ကယ်များကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနကို လွှဲပြောင်းပေးပို့ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မော်တော်ဆိုင်ကယ်များကို သွင်းကုန်လိုင်စင် ရရှိထားသော ကုမ္ပဏီများသည် ပင်လယ်ရေကြောင်းက တင်သွင်းနိုင်သည့်အပြင် နယ်စပ်ဝင်ပေါက်များကပါ တရားဝင် တင်သွင်းခွင့် ခွင့်ပြုထားပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တရားဝင်တင်သွင်းမှုများရှိသကဲ့သို့ နယ်စပ်ကုန်သွယ်မှု စခန်းများကို ရှောင်ကွင်းပြီး တောလမ်းများကတင်သွင်းခြင်း၊ နယ်စပ်ကုန်သွယ်မှုစခန်း ဖွင့်လှစ်စစ်ဆေးနိုင်ခြင်းမရှိသော တရားမဝင်လမ်းကြောင်းများမှ တင်သွင်းခြင်းများကြောင့် လိုင်စင်မဲ့ဆိုင်ကယ်များ ပြည်တွင်းကိုရောက်ရှိနေပြီး ပြည်သူများ ဝယ်ယူသုံးစွဲနေခြင်းဖြစ်ပါကြောင်း၊ တရားမဝင် တင်သွင်းနိုင်သော လမ်းကြောင်းများသည် တနင်္သာရီတိုင်းဒေသကြီးတွင် (၄) လမ်း၊ ကရင်ပြည်နယ်တွင် (၃) လမ်းနှင့် ကယားပြည်နယ်တွင် (၁)လမ်း၊ ရှမ်းပြည်နယ်တွင် (၁၁) လမ်းရှိနေသည်ကို စိစစ်ဖော်ထုတ်၍ ရပါကြောင်း။

အထက်ဖော်ပြပါ နယ်စပ်ရှောင်ကွင်းတောလမ်းများမှ ယခင်က နယ်စပ်အေးချမ်းမှုမရှိသည်ကို အခွင့်ယူပြီး လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို တရားမဝင်တင်သွင်းနေမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က သီးခြားတာဝန် ပေးအပ်ပြီး ပုံသေပိတ်ဆို့ ဖမ်းဆီးနိုင်ခြင်းမရှိသေးသော်လည်း ပြစ်မှုကျူးလွန်ခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ဖောက်ဖျက်ခြင်း၊ ယာဉ်တိုက်မှု ကျူးလွန်ခြင်းများကြောင့် အရေးယူဆောင်ရွက်ရာတွင် သိမ်းဆည်းရမိသော ယာဉ်များကို စိစစ်ပြီး မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ယာဉ်များကို ၂၀၁၂ ခုနှစ်၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ၂၀၁၂ ခုနှစ်တွင် အမှုပေါင်း ၁၇၁၉ မှု ဖြစ်ပွားခဲ့ပြီး လိုင်စင်မဲ့မော်တော်ကား ၂၈၅ စီး၊ မော်တော်ဆိုင်ကယ် ၁၄၇၉ စီး၊ ထော်လာဂျီ ၃၂ စီး၊ ၂၀၁၃ ခုနှစ်တွင် အမှုပေါင်း ၂၄၆၃ မှုဖြစ်ပြီး လိုင်စင်မဲ့မော်တော်ကား ၇၇၉ စီး၊ မော်တော်ဆိုင်ကယ် ၁၈၅၀ စီး၊ ထော်လာဂျီ ၂၅ စီး၊ ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ အမှုပေါင်း ၁၂၄၇ မှုတွင် လိုင်စင်မဲ့မော်တော်ကား ၅၁၉ စီး၊ မော်တော်ဆိုင်ကယ် ၇၈၈ စီး၊ ထော်လာဂျီ ၁၆ စီးတို့ကို အရေးယူနိုင်ခဲ့ပါကြောင်း၊ တရားမဝင် တင်သွင်းခဲ့သော လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြန်လည်ပေးအပ်ပိုင်ခွင့် မရှိကြောင်းနှင့် ၂၀၁၂ ခုနှစ်၊ ပို့ကုန်/သွင်းကုန် ဥပဒေအရသာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံအတွင်းကိုရောက်ရှိနေသည့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကို One Stop Service စနစ်ဖြင့် ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇူလိုင်လအထိ စုစုပေါင်း (၉) ကြိမ် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ မှတ်ပုံတင်ပြုလုပ်ပေးသော သတ်မှတ်ကာလများအတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို မှတ်ပုံတင် ပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူ ဖမ်းဆီးခြင်းမပြုခဲ့ပါကြောင်း၊ စီမံချက်နှင့် မော်တော်ဆိုင်ကယ်စီးရေ စုစုပေါင်း ၃၂၈၄၉၁၇ စီး မိမိတို့ မှတ်ပုံတင်ပေးခဲ့ပါကြောင်း၊ ၃၁-၈-၂၀၁၄ ရက်အထိ မှတ်ပုံတင်ထားသော မော်တော်ဆိုင်ကယ်စီးရေ ၄၀၀၇၂၀၈ စီးရှိပါကြောင်း၊ မှတ်ပုံတင်မဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်ကို ၇-၇-၂၀၁၄ မှ ၃၁-၇-၂၀၁၄ ရက်နေ့အထိ ၁၃၄၁ စီး မှတ်ပုံတင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မော်တော်ဆိုင်ကယ်အုပ်စုအဖြစ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ကောက်ခံသည့် ငွေပမာဏများသည် လျှပ်စစ်ဆိုင်ကယ်နှင့် တူသော်လည်း လျှပ်စစ်ဆိုင်ကယ်ကို ယာဉ်သက်တမ်း (၄) နှစ်ပေးထားပါကြောင်း၊ ရိုးရိုးမော်တော်ဆိုင်ကယ်ကို ယာဉ်သက်တမ်း (၂) နှစ်ပင် ပေးထားတာဖြစ်သည့်အတွက် လျှပ်စစ်ဆိုင်ကယ်၏ နှစ်လဲမှတ်ပုံတင်နှုန်းထားများသည် ရိုးရိုးမော်တော်ဆိုင်ကယ်၏ ထက်ဝက်မျှသာရှိသည့်အတွက်ကြောင့် သက်သာမှုရှိသည့် အနေအထားမျိုးဖြစ်ပါကြောင်း၊ တရားမဝင် ရောက်ရှိနေသော လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို One Stop Service စီမံချက်ဖြင့် ထပ်မံပြီး ဆောင်ရွက်ပေးခြင်း မပြုတော့ဘဲ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား အရေးယူဆောင်ရွက်ခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက တိုက်ရိုက်တာဝန်ယူ ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် တန်ဖိုးထက်မနည်းသည့် ဒဏ်ကြေးကို သက်ဆိုင်ရာအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် သတ်မှတ်ကောက်ခံသွားကြရမည် ဖြစ်ပါကြောင်း၊ သတ်မှတ်တန်ကြေးပေးသွင်းပါက ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သတ်မှတ်ဒဏ်ကြေးပေးသွင်းခြင်းမပြုပါက သိမ်းဆည်းပြီး အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်သည့် အခြေအနေရှိပါက အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါကြောင်း။

ဖော်ပြပါ မော်တော်ဆိုင်ကယ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အတွင်းသာ နယ်မြေကန့်သတ်ချက်နှင့် မှတ်ပုံတင်ခွင့် ပြုမည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် သီးခြားမော်တော်ဆိုင်ကယ် နံပါတ်များကိုလည်း သတ်မှတ်ပေးမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကို အရေးယူ ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး၍့ ပြည်သူအများသိရှိနိုင်ရေးအတွက် ၂၇-၈-၂၀၁၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာထားပြီးဖြစ်ပါကြောင်း၊ ကြေညာထားသည့်အတိုင်း အရေးယူဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးအောင်မြင့်သိန်း (ပေါင်းတည်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီးဖြေကြားချက်အရ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကို ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၎င်းတန်ဖိုးထက်မနည်းသော ဒဏ်ကြေးကို သက်ဆိုင်ရာအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ကောက်ခံပြီဖြစ်သည်ဟု သိရှိရပါကြောင်း၊ ထိုကဲ့သို့ သတ်မှတ်ကောက်ခံသည့်နေရာတွင် မိမိတို့ တင်ပြခဲ့သကဲ့သို့ စီးနင်းကြသော ပြည်သူအများစုသည် အလုပ်သမား၊ လယ်သမားများ၊ မရှိနွမ်းပါးသော သူများသာ များပါကြောင်း၊ ၎င်းတို့သည် မရှိမဲ့ရှိမဲ့ဖြင့် ဝယ်ခြမ်းထားရာ ထက်ဝက်အနေနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီမံခန့်ခွဲမှုနှင့် ဒဏ်ဆောင်ရမည်ဆိုပါက ငွေရေးကြေးရေးအခက်အခဲများ ရှိလာနိုင်ပါကြောင်း၊ ဖမ်းဆီးပြီး လိုင်စင်ပြုလုပ်ခိုင်း၍ လိုင်စင်ပြုလုပ်ပြီးပါက ပြန်ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်

စီမံချက်ဖြင့် နောက်ဆုံးအကြိမ် ပြုလုပ်သည့်မှတ်ပုံတင်ပေးခြင်း ထုတ်ပြန်စဉ်က ယခုအကြိမ်သည် နောက်ဆုံးအကြိမ်ဖြစ်သည့်အတွက် ယခုအကြိမ်ပြီးပါက အရေးယူဆောင်ရွက်သွားမည်ကို ဖော်ပြကြေညာထားရှိပြီး ဖြစ်ပါကြောင်း၊ (၉) ကြိမ်မြောက် ဝဲဆက်စီမံချက်ပြီးနောက် ကျန်ရှိသော မော်တော်ဆိုင်ကယ်များကို တည်ဆဲဥပဒေများအရ သိမ်းဆည်းအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်ပိုင်ရှင်သည် ၁၀၀ ရာခိုင်နှုန်း ဆုံးရှုံးသွားမည့် အခြေအနေရှိပါကြောင်း၊ ၎င်းအနေအထားမှ ယခု ဒဏ်ကြေး ၅၀ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံခြင်းသည် သင့်လျော်သောဖြေလျော့မှုပေးထားသည်ဟု သုံးသပ်ပြီးသည့်အတွက် မိမိတို့ သုံးသပ်ဆုံးဖြတ်ချက်များအပေါ် အဆင့်ဆင့်တင်ပြ ခွင့်ပြုချက်ရယူဆောင်ရွက်ထားခြင်း ဖြစ်သည့်အတွက် ကျွန်တော်တို့ ဒဏ်ကြေး လျာထားသတ်မှတ်ထားသည်ကို လျော့ချရန် အစီအစဉ်မရှိပါကြောင်း၊ သို့သော် ဒဏ်ကြေးသတ်မှတ်သည် မော်တော်ဆိုင်ကယ်၏ တန်ဖိုးသတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး အဟောင်းနှင့် အသစ် ထုတ်သည့်နိုင်ငံ၊ ထုတ်သည့်ခုနှစ် စသည့် အနေအထားအားလုံးပေါ်တွင် ဒေသပေါက်ဈေးသတ်မှတ်ရာ၌ မျှတမှုရှိစေရေး သတ်မှတ်သွားစေရန် ထိန်းသိမ်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။