ပေါင်မြို့နယ်၏ တစ်ခုတည်းသောဘူတာဖြစ်သည့် ပေါင်မြို့မဘူတာ ယိုယွင်းပျက်စီးနေသည်ကို အသစ်ပြန်လည် တည်ဆောက်ပေးရန်နှင့် ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ထားဝယ်၊ နေပြည်တော်-မော်လမြိုင်၊ အမြန် ရထားများ ဆိုက်ရောက်ရပ်နားသည့် ဘူတာလည်းဖြစ်ပါကြောင်း၊ ခရီးသွားလာမှုလည်း မိမိတို့အတွက် အားထားစရာဖြစ် ပါကြောင်း၊ မော်လမြိုင်တံတားကြီး တည်ဆောက်ပြီးသွားသည့်အချိန်တွင် မုတ္တမဘူတာကို ဖျက်သိမ်းပြီး မုတ္တမတွင် ရပ်စခန်းအဆင့်သာဖြစ်ပြီး မိမိတို့ခရီးသွားလာမှု ခက်ခဲခြင်းကြောင့် ၎င်းဘူတာကိုသာ အဓိကအားထားရပါကြောင်း၊ ယိုယွင်းပျက်စီးနေသည့် ဘူတာကို အသစ်ပြန်လည် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် တည်ဆောက်ပေးမည် ဆိုပါက အနီးဆုံး ဘတ်ဂျက်တွင် ထည့်သွင်းပေးနိုင်မှု ရှိ/မရှိ မဆောက်ပေးနိုင်ပါက မည်သည့်အတွက်ကြောင့်ဖြစ် သည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။
ယိုယွင်းပျက်စီးနေသော ပေါင်မြို့ဘူတာကို မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး လက်ရှိဘူတာရုံ ကို ကောင်းမွန်စေရန်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွက် ရရှိထားပြီးဖြစ်သည့် သာမန်အသုံးစရိတ်ငွေမှ ငွေကျပ် ၄၉.၃ သိန်းကျခံပြီး ပေါင်ဘူတာကို ပြုပြင်ပေး မည်ဖြစ်ပါကြောင်း၊ ပြုပြင်ပေးမည့် အရာများမှာ အမိုးနှင့် ရေသွားလျှောက် ၉.၅၆ သိန်း၊ ဘူတာပလက်ဖောင်း Shed နှင့် ကြမ်းခင်းပြုပြင်ခြင်းအတွက် ၈.၆၆ သိန်း၊ ပေါင်ဘာတာဆေးသုတ်မွမ်းမံခြင်းအတွက် ၉.၅၀ သိန်း၊ ပေါင်ဘူတာ နံရံအချောကိုင်ခြင်းအတွက် ၆.၅၅ သိန်း၊ ပေါင်ဘူတာ Rail Fence ဆေးသုတ်ခြင်းအတွက် ၅.၅၆ သိန်းနှင့် ပေါင်ဘူတာရုံ ရုံပိုင် ရုံးခန်း၊ တံခါး၊ ပြတင်းပေါက်နှင့် နံရံများပြုပြင်ခြင်းအတွက် ၉.၄၇ သိန်း စုစုပေါင်း ၄၉.၃ သိန်းဖြင့် လုပ်ငန်းများ ပြုပြင်ဆောင်ရွက်ပေးရန် မိမိတို့ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်း လုပ်ငန်းများကို စတင်ဆောင်ရွကရန်အတွက် ပစ္စည်းများလည်း စုဆောင်းထားရှိပြီးဖြစ်ပါကြောင်း၊ သို့သော် လက်ရှိကာလတွင် မိုးတွင်းကာလဖြစ်နေသည့် အပြင် ပေါင်မြို့စာ မိုးများသောဒေသဖြစ်သည့် အတွက်ကြောင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ အကုန်တွင် ပေါင်မြို့ဘူတာကို ပြင်ဆင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
