ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်၊ နတ်ရေကန် အထက်တန်းကျောင်းခွဲတွင် အထက်တန်းကျောင်းသားဦးရေ ၈၂ ဦးသော်လည်း အထက်တန်းပြဆရာတစ်ဦးသာရှိပါကြောင်း၊ သနပ်ပင်မြို့နယ်၌ အခြေခံပညာအထက် တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၁၀ ကျောင်းရှိပြီး ယင်းကျောင်း များတွင် အထက်တန်းပြဆရာ လိုအပ်မှုများအနေဖြင့် အထကသနပ်ပင် ၇ ဦး၊ အထကမင်းရွာ ၂ ဦး၊ အထက ရေတံခါးတာဝ ၆ ဦး၊ အထက ကမာစဲ ၆ ဦး၊ အထကကုလားချောင်းကြီး ၉ ဦး၊ အထကခွဲ ကျီးပင်စု ၅ ဦး၊ အထကခွဲ နတ်ရေကန် ၇ ဦး၊ အထကခွဲ ခရမ်း ၇ ဦး၊ အထကခွဲကျွန်းကြီး ၄ ဦးနှင့် အထကခွဲ ကျုံပါချောင်းဝ ၇ ဦး စုစုပေါင်း၆၀ ဦးလိုအပ်နေပါကြောင်း၊ ထို့အပြင် နိုင်ငံအဝှမ်းတွင်လည်း ဆရာပြည့်စုံမှု မရရှိခြင်းများကြောင့် အခက်အခဲများရှိနေ ကြောင်းနှင့် ပညာရည်မြင့်မားသော လူငယ်များစွာဟာ အလုပ်လက်မဲ့ဖြစ်နေကြ သော်လည်း လစဉ် ချီးမြှင့်ငွေနှင့် ဂုဏ်သိက္ခာအရ အခြေခံပညာရေးဝန်ထမ်းလုပ်ရန် စိတ်ဝင်စားမှုအလွန်နည်းနေသည်ကို တွေ့ရှိရပါကြောင်း၊
နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးရင်းနှီးမြှုပ်နှံမှုသည် အလွန်အရေးကြီးခြင်း၊ အခြေခံပညာရေးသည် ပညာရေးတစ်ရပ်လုံး၏ အခြေခံအုတ်မြစ်ဖြစ်ခြင်းများကြောင့် ပညာရည် မြင့်မားသော ဆရာများနှင့် အခြေခံပညာရည်ကောင်းများ အုတ်မြစ်ချနိုင်ဖို့လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လစဉ် ချီးမြှင့်ငွေနှင့် အဆင့်အတန်းသတ်မှတ်ချက် ပညာရေးမူဝါဒပြောင်းလဲရန်လိုအပ်မည်ဟု ယူဆပါကြေင်း၊ ထို့ကြောင့် သနပ်ပင်မြို့နယ် နတ်ရေကန် အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် အထက်တန်း ကျောင်းများတွင် လိုအပ်လျက်ရှိသော အထက် တန်းပြဆရာများ ဖြည့်ဆည်းခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ခန့်ထားပေးပါမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသားနှင့်ဆရာ အချိုးညီခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ၊ အခြေခံပညာရေးတွင် အရည်အသွေးမြင့်မားသော ဆရာများခန့်ထားနိုင်ရေးအတွက် လစဉ်ချီးမြှင့်ငွေနှင့် အဆင့်အတန်း သတ်မှတ်မှုများအား ပြည်လည်သုံးသပ်ရန် ပညာရေးမူဝါဒပြောင်းလဲရန် အစီအစဉ်ရှိမရှိသိလိုပါ ကြောင်းမေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် နတ်ရေကန်အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် အထက်တန်းအဆင့် ဝင်ကျောင်းသား ဦးရေ ၈၆ ဦးနှင့် အထက်တန်းပြဆရာတစ်ဦးသာရှိသည့် အတွက် ပြင်ပမှ ဆရာသုံးဦးအား ကျေးရွာပံ့ပိုးမှုဖြင့် ငှားရမ်းသင်ကြားပေးလျက်ရှိသည့်အပြင် အလယ် တန်းပြနှစ်ဦးကိုလည်း အထက်တန်းအဆင့်သို့ တက်ရောက်ပံ့ပိုးသင်ကြားပေးလျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ အဆိုပါကျောင်းအပြင် အခြားအခြေခံပညာအထက်တန်းကျောင်းများတွင် လိုအပ်လျက်ရှိသော အထက်တန်းပြဆရာ/ဆရာမများအား ၂၀၁၄ ခုနှစ်တွင် ဖြည့်ဆည်းခန့်ထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများ၌ ကျောင်းသားနှင့်ဆရာ အချိုးညီရေးအတွက် နှစ်စဉ် ဆရာ/ဆရာမများ တိုးမြှင့်ခန့်ထားပေးလျက်ရှိသော်လည်း နှစ်စဉ်တိုးတက်လာသည့် ကျောင်းသားဦးရေ၊ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိသောကျောင်းများကြောင့် တိုးမြှင့်ခန့်ထားပေးသည့် ဆရာအရေအတွက်မှာ လိုက်မမီခြင်းဖြစ်နေ ပါကြောင်း၊ ။
ထို့ကြောင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်နှင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်များတွင် လိုအပ်သည့် ဆရာဦးရေ လျော့ချနိုင်ရန် နေ့စားလပေး ဆရာ/ဆရာမများကို စိစစ်ခန့်ထားပေးခဲ့ပါကြောင်းနှင့် အဆင့် လိုက်လိုအပ်သည့် ကျွမ်းကျင်ဆရာ/ဆရာမများကို ပညာရေးကောလိပ်များနှင့် ပညာရေးတက္ကသိုလ်များမှ ပိုမိုလေ့ကျင့် မွေးထုတ်ပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးမြင့်ဆရာ/ဆရာမများ ခန့်ထား နိုင်ရေးအတွက် ဆရာ/ဆရာမများကို နှစ်စဉ်လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးလျက်ရှိပါတယ်။ အရည်အသွေး မြင့် မွမ်းမံသင်တန်းများကိုလည်း အခါအားလျော်စွာ သင်တန်းများပေးလျက်ရှိ ပါကြောင်း၊ ထို့ပြင်ပညာရေး ဝန်ထမ်းများ၏ လစာနှုန်းထားများကို သင့်တင့်သော အတိုင်းအတာတစ်ခုထိ တိုးမြှင့်ခွင့်ပြုပေးခဲ့ပြီး လုပ်သက်ရင့်မူလတန်းပြများနှင့် အလယ်တန်းပြများကိုလည်း တစ်ဆင့်မြှင့် ရာထူး လစာခံစားခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ပညာရေးမူဝါဒအပြောင်းအလဲအတွက် အမျိုးသားပညာရေးဥပဒေကို အတည်ပြုပြီးပါက ဥပဒေနှင့်အညီ အခြေခံပညာရေးတွင် အရည်အသွေးမြင့် ဆရာများခန့်ထားနိုင်ရေးအတွက် ဆရာဘဝမြင့်မားတိုးတက်ရေးဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက်ရန် အစီအစဉ်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
