မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပဉ္စမတန်းမှဒသမတန်း အထိကျောင်းသား ဦးရေမှာ ၁၅၂၅ ဦးရှိပြီး စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသားဦးရေ ၇၀ ဦးနှုန်းဖြင့် သင်ကြားနေရပါကြောင်း၊ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၄၀ ဦးဖြင့် တွက်ချက်ပါက စာသင်ခန်းမှာ ၃၈ ခန်း လိုအပ်မှာဖြစ်ခြင်းကြောင့် စာသင်ခန်း ၁၆ ခန်းထပ်မံလိုအပ်ဖြစ်ပါကြောင်း၊ ထိုကြောင့် လိုအပ်သော ကျောင်းဆောင် သစ်ဆောက်လုပ်နိုင်ရန်အတွက် ရန်ပုံငွေခွဲဝေချထားပေးနိုင်ပါရန် သတ်မှတ်ပုံစံများနှင့်အတူ အမှုတွဲအားလည်း မြို့နယ်ပညာရေးမှူးရုံးမှ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးသို့ တင်ပြတောင်းခံ ထားပြီးလည်းဖြစ်ပါကြောင်း၊ထိုကြောင့် မင်းတုန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် လိုအပ်လျက်ရှိသော ကျောင်းဆောင် သစ်ဆောက်လုပ်နိုင်ရန်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေတွင် အထူးဦးစားပေးအစီအစဉ်ဖြင့် ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိ၊ မရှိပါကလည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။
မင်းတုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း တွင် (၉၀ ပေ x ၃၀ ပေ) သွပ်မိုးအုပ်ညှပ်တစ်ထပ်ဆောင် ဆောက်လုပ်ပေးရန် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ငွေကျပ် ၃၂.၄ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ လျာထားတင်ပြပြီးဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။
