ညောင်ရွှေမြို့နယ်သည် ၉၃၆ စတုရန်းမိုင်ကျယ်ဝန်းပြီး မြို့ပေါ် (၈) ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၅ အုပ်စုနှင့် ကျေးရွာ ပေါင်း ၄၅၄ ရွာပါဝင်ပြီး လူဦးရေအားဖြင့် ၁၈၀၉၃၈ ဦးနေထိုင်သည့် မြို့နယ်ကြီးတစ်ခုဖြစ်ပါကြောင်း၊ ညောင်ရွှေမြို့ပေါ်တွင် ၂၅ ခုတင်ဆံ့ ဆေးရုံ (၁) ရုံရှိပြီး ဆေးရုံမြေဧရိယာအကျယ်အဝန်းမှာ ၃.၉၁၂ ဧက ရှိပါကြောင်း၊ ညောင်ရွှေမြို့နယ်၏ ဆရာဝန်နှင့် လူဦးရေအချိုးမှာ ၁း၂၁၀၄ ဖြစ်ပြီး ဆေးရုံခုတင်နှင့် လူဦးရေအချိုးမှာ ၁း၂၂၆၁၇ ဖြစ်ပါကြောင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ လူဦးရေအား တစ်နေ့တခြား တိုးတက်များပြားလာသည့်အပြင် နိုင်ငံဒေသအနှံ့အပြားတွင် လာရောက်ကြသည့် ဧည့်သည်ဦးရေသည် တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေပါကြောင်း၊ ထို့အပြင် ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသသည် နိုင်ငံခြားခရီးသွား ဧည့်သည်များ အထူး ဆွဲဆောင်နေသော ဒေသတစ်ခုဖြစ်သည့်အားလျော်စွာ နိုင်ငံတော်မှ ဟိုတယ်စီမံကိန်းတစ်ခုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသဖြင့် ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း မြှင့်တင်ထားရှိပေးရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၅ ခုတင်ဆံ့ ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံအား ခုတင် ၅၀ ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံအား ခုတင် ၅၀ ဆံ့သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံခွင့်ပြုချက်ရရှိရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
