နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအခန်း(၅) ပုဒ်မ ၁၇ တွင် ရင်းနှီးမြှုပ်နှံမှုကို အောက်ပါပုံစံတစ်ခုအဖြစ် ပြုလုပ်ဆောင်ရွက်နိုင်သည်။
(က) ကော်မရှင်မှ ခွင့်ပြုသော လုပ်ငန်းများ၌ နိုင်ငံခြားသားက နိုင်ငံခြားမတည်ရင်းနှီးငွေ ရာခိုင်နှုန်းအပြည့်ဖြင့်ပြုလုပ်ခြင်း၊ (ခ)နိုင်ငံခြားသားနှင့် နိုင်ငံသားသို့မဟုတ် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတို့က ဖက်စပ်ပြုလုပ်ခြင်း၊ (ဂ) နှစ်ဖက်သဘောတူသော ပဋိညာဏ်စာချုပ်ပါ စာချုပ်တစ်ခုခု အဖြစ်ဆောင်ရွက်ခြင်းတို့ ဖော်ပြပါရှိပါကြောင်း၊ အဆိုပါဥပဒေအပိုဒ် ၁၉ တွင် ယာယီမှတ်ပုံတင်ခွင့် ကြိုတင် ထုတ်ပေးခြင်းကို ရင်းနှီးမြှုပ်နှံခွင့်ပြုမိန့် ထုတ်ဝေခြင်းအဖြစ် မှတ်ပုံတင်မရှိစေရဟုလည်း ပါရှိပါကြောင်း၊ ယခုအခါ အချို့နိုင်ငံခြား သင်္ဘောကုမ္ပဏီများမှာ ၁၀၀% ငွေရင်းရာနှုန်းပြည့်အဖြစ် DICA တွင် ကုမ္ပဏီဖွဲ့စည်း တည်ဆောက်ခွင့် ရရှိနေသည်ဟု သိရှိရပါကြောင်း၊ ယခုအခါ DICA နှင့် MIC မှ Investment Permit မကွဲမပြား ဖြစ်နေသည်ကိုလည်း သိရှိရပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အမိန့်ကြော်ငြာစာ ၁/၂၀၀၃ တွင် ပြည်နယ်ဦးစီးမှူး ဦးစီးများအတွက် ကိုယ်စားလှယ်လုပ်ငန်းကို နိုင်ငံတော်အစိုးရနှင့်သာ ဖက်စပ်ဆောင်ရွက်ရမည်ဟု ဆိုထားပါကြောင်း၊ အဆိုပါလုပ်ငန်းနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံကုန်သွယ်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီများသည် နိုင်ငံသား ကုမ္ပဏီများနှင့် ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်နေကြောင်း အကြံပြုထားသည်။ ၎င်းအပေါ် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှလည်း အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၄ ဖြင့် ရေယာဉ်များခရီးသည် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို သက်ဆိုင်ရာဝန်ကြီးဌာန သဘောတူညီချက်ဖြင့် နိုင်ငံသားညီ ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်ရန် ခွင့်ပြုထားကြောင်းလည်း သိရပါသည်။ နိုင်ငံသားကုမ္ပဏီများသည် ဒေါ်လာ ၅၀၀၀၀ ရှိလျှင် ကုမ္ပဏီဖွဲ့စည်းခွင့် ရသည့်အတွက် ရင်းနှီးမြှုပ်နှံခြင်းသည် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုမဟုတ်ကြောင်း သိရပါသည်။ သို့ဖြစ်ပါ၍ သင်္ဘောလုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီနှင့် နိုင်ငံသားကုမ္ပဏီတို့ ဖက်စပ်ပြုစေခြင်းသာ နိုင်ငံတော်အတွက်ပိုပြီး အကျိုးရှိမည်ဟု သုံးသပ်ကြလေ့ရှိပါသည်။ ထို့ကြောင့် အဆိုပါ လုပ်ငန်းများကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များမှ မည်သို့ကြီးကြပ်သည်နှင့် DICA ၏ ကုမ္ပဏီဖွဲ့စည်း တည်ဆောက်ခွင့်နှင့် MIC ၏ Investment Permit မည်သို့ ကွဲပြားသည်ကို သိရှိလိုကြောင်းမေမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေနှင့် နိုင်ငံခြားမတည်ငွေ ရာနှုန်းပြည့်နှင့် မှတ်ပုံတင်ခွင့်ရရှိသည့် နိုင်ငံသားသင်္ဘောလိုင်း လုပ်ငန်းများမရှိပါကြောင်း၊ နိုင်ငံပိုင်သင်္ဘောလိုင်းများအဖြစ် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည့် သင်္ဘောလိုင်းလုပ်ငန်း ၃ ခုမှာ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း၊ Lann Pyi Matine Co.,Ltd နှင့် KMA Shipping Line တို့ဖြစ်ပါကြောင်း။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှ လက်ခံထားသော အပြည်ပြည်ဆိုင်ရာ ရေကြောင်းဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာရေကြောင်း အဖွဲ့ချုပ်မှ အတည်ပြုပြဋ္ဌာန်း သတ်မှတ်ထားသော ကွန်ဗင်းရှင်းများ၊ ဆုံးဖြတ်ချက်များ၊ စည်းမျဉ်း၊ စည်ကမ်းများနှင့်အညီ မြန်မာနိုင်ငံသားပိုင် သင်္ဘောများ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား အကျိုးတူ ဖက်စပ်ကုမ္ပဏီပိုင် သင်္ဘောများနှင့် နိုင်ငံခြားသားပိုင် သင်္ဘောများကိုပါ နိုင်ငံတော်အလံလွှင့်ထူးခွင့်ပြုသည့် သင်္ဘောအဖြစ် မှတ်ပုံတင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာမှု ဆိုင်ရာဥပဒေများနှင့်အညီ ခုတ်မောင်သွားလာမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိလိုက်နာကျင့်သုံးလျက်ရှိသည့် The Myanmar Registration of ship Act, ၁၈၄၁ တွင် ခေတ်ကာလနှင့်ဆီလျော်မှု မရှိသည့်အတွက် မြန်မာသင်္ဘောများ မှတ်ပုံတင် ဥပဒေရေးဆွဲပြဋ္ဌာန်း နိုင်ရေးအတွက်ကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့မှ ထပ်မံအကြံပြုချက်များနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေနှင့် နိုင်ငံတကာက သင်္ဘောတွေဆိပ်ကမ်းသို့ ဝင်/ထွက် သွားလာမှုကို ကြီးကြပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများကို စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအခန်းကဏ္ဍ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စသည်တို့ ပါဝင်သည့် ရေကြောင်းနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီများ ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းပေးထားပြီး လုပ်ငန်းများကြီးကြပ်ခြင်းကို တာဝန်ယူဆောင်ရွက်လျက်ပါကြောင်း၊
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အခန်း(၂)ပါ သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများအတွက် လုပ်ကိုင်ခွင့်ပြုရန် ခွင့်မပြုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားစာရင်း၊ နိုင်ငံသားနှင့်ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစား စာရင်းနှင့် သီးခြားပြဋ္ဌာန်းထားသည့် အခြေအနေတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများ စာရင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၁၄-၈-၂၀၁၄ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၄၉/၂၀၁၄) ဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊
ဒီအမိန့်ကြော်ငြာစာပါ သီးခြားပြဋ္ဌာန်းထားသည့် အခြေအနေတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေး လုပ်ငန်းအမျိုးအစားများ စာရင်းတွင် သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို နိုင်ငံသားနှင့် ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများ စာရင်းတွင် ပို့ဆောင်ရေးဝန်ကြီး ဌာန၏ သဘောထားမှတ်ချက် ရယူဆောင်ရွက်ရမည့် လုပ်ငန်းများအဖြစ် ရေယာဉ်များ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်သည့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေကြောင်းဘက်ဆိုင်ရာ လေ့ကျင့်ရေး သင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်ခြင်း၊ သင်္ဘောကျင်းလုပ်ငန်းများ၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင်မြေများတွင် ဆောင်ရွက်သည့် ရေကြောင်းသယ်ယူ ပို့ဆောင်ရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများကို ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA သည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များသာမက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးအဖြစ်ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC သည် ရင်းနှီးမြှုပ်နှံမှု ဥပဒေများအရ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ဖွဲ့စည်းသည့် ကော်မရှင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖွဲ့စည်း တည်ထောင်မည့် ကုမ္ပဏီများအနေဖြင့် ၁၉၁၄ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ဖွဲ့စည်းမှတ်ပုံတင်ရမည် ဖြစ်ပါကြောင်း၊
ဒီကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်လိုသည့် ကုမ္ပဏီများအနေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ အဆိုပြုချက် တင်ပြလျှောက်ထားနိုင်ပြီး MIC Permit နှင့် လုပ်ငန်းဆောင်ရွက်ခွင့်ရပါက သက်ဆိုင်ရာနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ ကင်းလွတ်ခွင့်များ၊ သက်သာခွင့်များ၊ ခံစားနိုင်ပြီး အဆိုပါ ဥပဒေများအရ အခွင့်အရေးနှင့် အကာအကွယ်ပေးမှုများကို ရရှိနိုင်ကြောင်း ပြန်လည်ဖြေကြားပါသည်။
