(ခ)-ရန်ကုန်-ပြည်အမြန်ရထားကိုတွဲဆိုင်းအသစ်များ အစားထိုးလဲလှယ်ပေးပါရန်အစီအစဉ်ရှိ၊မရှိနှင့် စပ် လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးဒုတိယနေ့ (၁၇.၁၁.၂၀၁၅)

ရန်ကုန်-ပြည် မီးရထားတွဲဆိုင်းဟောင်းများကို ၂၀၁၃-၁၄ ခုနှစ်တွင် မြစ်ငယ်စက်ရုံမှ တွဲများဖြင့် အစားထိုး လဲလှယ်ပေးခဲ့သော်လည်း အဆိုပါ ရထားတွဲများသည်  ယိမ်းခါမှုအလွန်များသည့်အတွက် ပြည်သူများလည်း ကြောက်လန့်စွာ စီးနင်းနေသည်ကိုသိရှိရပါကြောင်း၊ ထို့ကြောင့် ရန်ကုန်-ပြည်အမြန်ရထားကို တွဲဆိုင်းအသစ် များဖြင့် အစားထိုးလဲလှယ်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း
အဖြေ

ဒုတိယဝန်ကြီး ဦးမြင့်သိန်း၂၇-၉-၂၀၁၄ ရက်နေ့ကစတင်၍ ရန်ကုန်-ပြည် ရထားလမ်းပိုင်း ပြေးဆွဲနေသည့် အမှတ်(၇၁)အဆန်၊ (၇၂)အစုန်အမြန်ရထားကို  လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)မှ အသစ်တည်ဆောက် ထုတ်လုပ်သော အထက်တန်း(၂)တွဲ၊ ရိုးရိုးတန်း(၈)တွဲ၊ ဘရိတ်(၁)တွဲတို့ဖြင့် တွဲဆိုင်းဖွဲ့ဆင်ပြေးဆွဲပေး နေခြင်းကို ဆောင်ရွက်ခဲ့ပါသော်လည်း ထပ်မံလိုအပ်လျက်ရှိသောကြောင့် ခရီးသည်များ သက်တောင့်သက်သာစီးနိုင်သည့် လေအိပ် ဘိုဂီပါတွဲသစ်(၃၉)တွဲ၊ စက်ခေါင်း(၁၁)ခေါင်းကို တရုတ်နိုင်ငံတွင်  အပြီးအစီးဆောက်လုပ်ပြီး မြန့်မာ့မီးရထားတွင် အသုံးပြုရန် မိမိတို့ စီစဉ်ထားခဲ့ပါကြောင်း၊

၂၀၁၅ ခုနှစ် နိုင်ဝင်ဘာလဆန်းတွင် တွဲ ၁၈ တွဲနှင့် စက်ခေါင်းသစ် (၃) သုံးခေါင်း ရောက်ရှိပြီးဖြစ်ပါကြောင်းနှင့် အသစ်ရောက်ရှိပြီးဖြစ်သော  စက်ခေါင်းနှင့် တွဲသစ် တွဲဆိုင်းနှစ်ဆိုင်းဖွဲ့ဆင်မှုများကို ပထမ ဦးစားပေး လမ်းပိုင်း ဖြစ်သည့် ရန်ကုန်-မန္တလေးအမြန်ရထားများတွင် အစားထိုးပြေးဆွဲသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိပြေးဆွဲနေသော ရန်ကုန်-မန္တလေးအမြန်ရထားက ထွက်ရှိလာသည့် တွဲဆိုင်း ၁၈ တွဲအနက် သင့်လျော်သည့် တွဲကောင်းကိုးတွဲကို ရွေးချယ်၍ ထပ်မံမွမ်းမံပြင်ဆင်ပြီး အမှတ်(၇၁)အဆန်၊ (၇၂)အစုန် ရန်ကုန်-ပြည် အမြန်ရထားတွင် မှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း၌မှာ အစားထိုးလဲလှယ် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊

ရန်ကုန်-ပြည် ရထားလမ်းပိုင်း တောင့်တင်းခိုင်မာစေရေးအတွက် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများမှာ သံလမ်းအဆက် ညှိခြင်း ၂၈.၅၁ မိုင်ကျော်ညှိပြီးဖြစ်ပါကြောင်း၊ ကွန်ကရစ်ဇလီဖားချ ၃၇၃၀၀ တုံးလဲလှယ်ခြင်း၊ လမ်းခင်းကျောက် ၅၇၆၅ ကျင်း ဖြည့်တင်းခြင်း၊ လမ်းမြှောက်ပက္ကင်ရိုက်ခြင်း ၁၆ မိုင် ပက္ကင်ရိုက်ခြင်း ၂၆ မိုင်ကျော်နှင့် စက်ဖြင့်သံလမ်းကဟေဆက်ခြင်း ၂ မိုင်နီးပါး ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊

ရန်ကုန်-ပြည်လမ်းပိုင်းတွင် လမ်းလွှဲ/လမ်းကူး လဲလှယ်ခြင်းနှစ်ခု၊ သံလမ်းလဲလှယ်ခြင်း ၁ မိုင်နီးပါးနှင့် လမ်းအဖြောင့်ဆွဲညှိခြင်း ၂၆ မိုင်ကျော်နှင့် လမ်းခင်းကျောက်များ ဖြည့်တင်းခြင်း ၆၉၆၅ ကျင်း ဖြည့်တင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။