(ဃ)-Market Development Criteria ကို အတိအကျ Commitment သတ်မှတ်ပေးပြီး ၎င်းအတိုင်း မလုပ်ဆောင်ပါက လိုင်စင်ရုပ်သိမ်းနိုင်သည်အထိ စည်းကမ်းချက်များ ပါဝင်မှု ရှိ/ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၁၁.၉.၂၀၁၄)

ဦးသန့်ဇင် (ကြို့ပင်ကောက်)နိုင်ငံခြားဘဏ်များရွေးချယ်ခွင့်ပြုရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်ထောင်စုလွှတ်တော် တွင် ၂၅-၆-၂၀၁၄ ရက်နေ့က လာရောက်ရှင်းလင်းခဲ့ပြီး ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် လာရောက်ရှင်းလင်းခဲ့ခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ ဗဟိုဘဏ်မှ လာရောက်ရှင်းလင်းစဉ်က နိုင်ငံခြားဘဏ် များ ရွေးချယ်ခွင့်ပြုရေးနှင့်ပတ်သက်၍ Main Criteria (၃) ခုအနက်မှ Market Development Criteria များကို အမှတ်အများဆုံးပေးမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံခြားဘဏ်များမှလည်း Request For Proposal (RFP) ကို ဗဟိုဘဏ်သို့တင်ပြသည့်အခါတွင် အမှတ်အများဆုံးရရှိရန်အတွက် ရေးဆွဲတင်ပြကြမည်သာဖြစ်ပါကြောင်း၊ လက်တွေ့တွင် နိုင်ငံခြားဘဏ်များအနေဖြင့် မိမိဘဏ်ရပ်တည်နိုင်ရေးနှင့် အကျိုးအမြတ်ရရှိရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပြီး Commitment ပေးထားသော မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးမှု၊ ငွေကြေးကဏ္ဍတိုးတက်ရေးအတွက် ပံ့ပိုးမှုနှင့် ပြည်တွင်းဘဏ်များနှင့်ပူးပေါင်းပြီး အကူအညီ ပေးမှုများကိုလည်း မည်သည့်အတိုင်းအတာ၊ မည်သည့်အရေအတွက်၊ မည်သည့်ခုနှစ်အတွင်း၊ မည်မျှ ပံ့ပိုးရမည်ဆိုသည့် တိကျသောဖော်ပြချက်နှင့် အကောင်အထည်ဖော်မှုများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အကယ်၍ ဖော်ပြပါအရေအတွက်နှင့် သတ်မှတ်ချိန်များအတိုင်း လိုက်နာပံ့ပိုးနိုင်မှု မရှိပါက လိုင်စင် ပြန်လည်ရုပ်သိမ်းရန် မလွယ်ကူသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်များအား Supervisory Board  အနေဖြင့် မည်ကဲ့သို့ စောင့်ကြည့်ဆောင်ရွက်ရမည်ကို လည်းကောင်း၊ လုပ်ကိုင်ခွင့် လိုင်စင်ကို ထုတ်ပေးသည့်အခါ RFP တွင်ပါရှိသည့် Open Mark အတိုင်း ဆောင်ရွက်ရန်နှင့် ဆောင်ရွက်နိုင်မှု မရှိပါက လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်းကို လိုင်စင်ခွင့်ပြုချက်တွင် ထည့်သွင်းဖော်ပြ လက်မှတ်ရေးထိုးထားရန် လိုအပ်မည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ သို့ဖြစ်ပါ၍ ပထမမေးခွန်းအနေဖြင့် Market Development Criteria ကို အတိအကျ သတ်မှတ်ပေးပြီး Commitment ရယူထားရန်နှင့် ၎င်း Commitment အတိုင်း မလုပ်ဆောင်နိုင်ပါက လိုင်စင်ရုပ်သိမ်းနိုင်သည်အထိ စည်းကမ်းချက်များ ပါဝင်မှုရှိ/မရှိ ရှင်းလင်းစွာသိလိုပါကြောင်း။

ဒုတိယမေးခွန်းအနေဖြင့် Fore Branch, Subsidiary နှင့် JV တို့တွင် BOT Capital Ownership, Completenence, Finical Statement, Security Requirement, Textion စသည့် Criteria များအား တိကျစွာ သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုလိုသော ပါစီဘရန့်တွင် Fore Branch နှင့် Subsidiary ပါ လိုင်စင်ပါအချက်များအား ရောနှောသုံးစွဲထားသည့်အပြင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ Subsidiary ကဲ့သို့ မှတ်ပုံတင်မှု ရှိ/မရှိကို တိကျစွာရှင်းပြရန် လိုအပ်ပါကြောင်း၊ Subsidiary ကဲ့သို့ Capital ကို ဗဟိုဘဏ်မှ Lock in လုပ်ထားခြင်းမှလွဲ၍ Fore Branch ပါလုပ်ပိုင်ခွင့်များ အပြည့်အဝပါဝင်နေသဖြင့် Subsidiary ပါ အချက်များအပြင် Fore Branch ပါ အချက်များအား မည်မျှပါဝင်သည်ကို ဆန်းစစ်ရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုလိုသော Quality Branch of Criteria များအား အသေးစိတ် သတ်မှတ်ထားခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နိုင်ငံခြားဘဏ်များ ရွေးချယ်သည့်အခါတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အဓိက Main Criteria (၃) ခု ချမှတ်ထားသည်ဆိုသည်မှာ ရှင်းပြပြီးသားဖြစ်ပါကြောင်း၊  အဓိက Main Criteria (၃) ခုတွင် ပထမတစ်ခုမှာ Prudential Criteria ဖြစ်ပြီး Prudential Criteria ဆိုသည်မှာ နိုင်ငံတကာကသတ်မှတ်သော ကမ္ဘာ့ဗဟိုဘဏ်များ၏ ဗဟိုဘဏ်ဟု ယူဆ၍ရသော Bank For International Settlement (BIS)က သတ်မှတ်ထားသည့် ဘဏ်များလိုက်နာရမည့် စည်းကမ်းများကို လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ ဒုတိယအချက်မှာ Capability Criteria ဖြစ်ပြီး လျှောက်လွှာတင်သည့် နိုင်ငံခြားဘဏ်များသည် နိုင်ငံတကာတွင် မည်မျှအထိ စွမ်းဆောင်ရည်ရှိသည်၊ မည်သည့်လုပ်ငန်းများကို အောင်အောင်မြင်မြင် လုပ်နိုင်သည်ဆိုသည့်အချက်ကို စိစစ်ခြင်းဖြစ်ပါကြောင်း၊ တတိယအချက်ဖြစ်သော Criteria သည် Market Development Criteria ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည်မှာ ပိုများသည့်အတွက် Market Development Criteria ကိုလည်း အမှတ်ကို ပိုပေးထားသော်လည်း ပထမ Criteria နှစ်ခုသည် အရေးမကြီးသည့် Criteria များ မဟုတ်ပါကြောင်း။

Market Development Criteria ကို မိမိတို့ (၃) ပိုင်းခွဲပြီး စိစစ်ခဲ့ပါကြောင်း၊ ပထမတစ်ပိုင်းမှာ  ဘဏ်များ၏ မျှော်မှန်းလုပ်ငန်းစဉ်ဖြစ်သည့် Projective Plans ၊ Business Plan ကို အဓိကစစ်ပြီး Business Plan တွင် လျှောက်လွှာတင်သည့် ဘဏ်များက မြန်မာနိုင်ငံတွင် မည်သည့်လုပ်ငန်းများ ပြုလုပ်ပြီး မည်သို့သောပုံစံဖြင့် လုပ်မည်နည်း။ Projective Plans များကို စိစစ်ရာ၌ ပထမနှစ်တွင် လုပ်မည့်လုပ်ငန်းများ၊ ဒုတိယနှစ်တွင် လုပ်မည့်လုပ်ငန်းများသည် ဖြစ်နိုင်ခြေရှိ/မရှိ၊ ဘဏ်များက လုပ်နိုင်ခြင်း ရှိ/မရှိကို ဒုတိယအချက်ဖြစ်သည့် Capability Criteria ဖြင့် ပြန်၍ Cross Checking လုပ်ရပါကြောင်း၊ Business Plan ကို စိစစ်ပြီးအချိန်တွင် ဒုတိယပိုင်းအနေဖြင့် မြန်မာနိုင်ငံစီးပွားရေးနှင့် ငွေရေးကြေးရေးကဏ္ဍတွင် မည်ကဲ့သို့ဖွံ့ဖြိုး တိုးတက်အောင် လုပ်ပေးနိုင်သည်ဆိုသည့် အချက်ကို စိစစ်ပါကြောင်း၊ တတိယအချက်အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်တွင်းဘဏ်များကို မည်ကဲ့သို့ အထောက်အပံ့များပေးနိုင်သည်ကို စိစစ်ပါကြောင်း၊ ထိုသို့ စိစစ်ရာတွင် Market Development Criteria အချက် (၃) ချက်သည် ဘဏ်များမှ အစီအစဉ်များ၊ Projective Plans များ၊ ကတိကဝတ်များ (Commitments) များ ပေးရာတွင် အပိုင်း (၃) ပိုင်းခွဲပြီး စိစစ်၍ရပါကြောင်း၊ ပထမအပိုင်းသည် ဈေးကွက်ကို မူတည်သည့် Market Dependent ဖြစ်သည့် အချက်များဖြစ်ပါကြောင်း၊ ဒုတိယအပိုင်းအနေဖြင့် နိုင်ငံခြားဘဏ်များသည် ဥပမာအားဖြင့် ပြည်တွင်းဘဏ်များကို မည်မျှအထိ အထောက်အပံ့ပေးမည်၊ ပြည်တွင်းဘဏ်များကို မည်သို့သော Training များပေးမည်၊ ပြည်တွင်းဘဏ်များကို ၎င်းတို့မိခင်နိုင်ငံအထိ ခေါ်သွားပြီး ၎င်းတို့၏ Headquarter တွင် On the Job Training များ ပေးမည်ဆိုသည့်အချက်ကို မည်မျှအထိ လုပ်ပေးနိုင်မည်ဆိုသည့်အချက်ကို စောင့်ကြည့်စစ်ဆေးပြီး Monitor လုပ်ပြီး ဖိအားပေးနိုင်မည့် အစီအစဉ်များကိုလည်း ဗဟိုဘဏ်က ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ တတိယ အပိုင်းအနေဖြင့် နိုင်ငံခြားဘဏ်များသည် မလုပ်၍မရသော အချက်များဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် နိုင်ငံခြားဘဏ်များသည် အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၅ သန်းကို မတည်ငွေရင်းအဖြစ် ယူလာရမည်ဖြစ်ပြီး ယင်း ၇၅ သန်း၏ ၇၀ ရာခိုင်နှုန်းတစ်ခုကို Lock in လုပ်ထားရမည်ဆိုသည့်အချက်များကို မလုပ်မဖြစ် လုပ်ရသည့် အချက်များ ဖြစ်ပါကြောင်း၊ ယင်းအချက်များကို သွေဖည်သွားမည်ဆိုပါက မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်များကို လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူမည့်အစီအစဉ်များကိုလည်း ချမှတ်ထားပြီးဖြစ်ပါကြောင်း။

Fore Branch များသည် Subsidiary ကဲ့သို့ ပုံစံမျိုးအလုပ်လုပ်သည့်အတွက် Subsidiary ကဲ့သို့ မြန်မာနိုင်ငံတွင် Incorporation လုပ်မလားဆိုသည့် အချက်ဖြစ်ပါကြောင်း၊ Fore Branch များသည် နိုင်ငံတကာတွင် အန္တရာယ်ရှိနိုင်သော အချက်များ ရှိသည့်အတွက် အန္တရာယ်ရှိနိုင်သည့်အချက်များကို ကာကွယ်နိုင်ရန် Fore Branch ပေးသော်လည်း Subsidiary များလိုက်နာရမည့် အချက်အလက်များကို ထည့်သွင်းသတ်မှတ်ထားသည့်အတွက် ယင်း Branch များသည် Fore Branch များသာဖြစ်ပြီး Subsidiary မဟုတ်ပါသဖြင့် Subsidiary များကဲ့သို့ မြန်မာနိုင်ငံသည် Incorporation လုပ်စရာမလိုပါကြောင်း။ ယင်းတို့အတွက် သတ်မှတ်ထားသော အချက်အလက်များဖြစ်သည့်  ဥပမာအားဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် Branch တစ်ခုသာရှိရမည်ဆိုသည့်အချက်၊ Corporate Banking ကိုသာ လုပ်ရမယ်ဆိုသည့်အချက် ယင်း Corporate Banking တွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းဘဏ်များကိုသာ ပေးရမည်ဖြစ်ပါကြောင်း၊ အကယ်၍ ပြည်တွင်းလုပ်ငန်းများကို ငွေချေးမည်ဆိုပါက ပြည်တွင်းဘဏ်များမှတစ်ဆင့်သော်လည်းကောင်း၊ ပြည်တွင်းဘဏ်များနှင့်ပူးပေါင်းပြီး  Syndicated Lending အဖြစ်သော်လည်းကောင်း ငွေချေးရမသည် ဆိုသည့် အချက်များ ပါဝင်ပါကြောင်း၊ ယင်းအချက်များထဲမှ Quasi Capital ဖြစ်သော US Dollar ၇၅ သန်းကို ယူလာရမည် ဆိုသောအချက်သည် Fore Branch များသည် တခြားနိုင်ငံများတွင် မလုပ်ရသည့်အချက်များ ဖြစ်ပါကြောင်း၊ သို့သော် Subsidiary တစ်ခုအနေဖြင့် Assign Capital ဆိုပြီး ၇၅ သန်းကို ယူလာခိုင်းခြင်းဖြစ်ပါကြောင်း၊ ထို့နောက် Joint Supervision မြန်မာနိုင်ငံဗဟိုဘဏ်သာမက သူတို့၏ မိခင်နိုင်ငံက ဗဟိုဘဏ်များနှင့် ပူးပေါင်းပြီး Joint Supervision လုပ်မည်ဆိုသည့်အချက်များ၊ ဗဟိုဘဏ်က သတ်မှတ်ထားသော ပြည်တွင်းဘဏ်များကို သတ်မှတ်ထားသောအချက်များ၊ Liquidity Ratio ကဲ့သို့အချက်ကဲသို့ သတ်မှတ်ထားသော စည်းကမ်းချက်များကိုလည်း လိုက်နာရမည်ဆိုသည့်အချက်သည် Fore Branch အနေဖြင့်မဟုတ်ဘဲ Subsidiary တစ်ခုအနေဖြင့် လိုက်နာရမည့်အချက်များ ဖြစ်ပါကြောင်း၊ သို့သော် ယင်းနိုင်ငံခြားဘဏ်များသည် Fore Branch  သာဖြစ်သည့်အတွက် Subsidiary တစ်ခုကဲ့သို့ မြန်မာနိုင်ငံတွင် Register လုပ်ပြီး Incorporation လုပ်ရန်မလိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။