(ဂ)-ရှမ်းပြည်နယ်ရှိဟိုနမ့်၊ ထီတခေါ့၊ ဖာစန်း၊ ဟိုနမ့်၊ ခူးဝိန်း၊ နောင်ဗိုလ်၊ အနောက်ပူယာစန်း၊ ပုန်းအောင်၊ ထီပျဉ်၊ ပန်းတန် မြေသားလမ်းတို့အား ကျောက်ချော ခင်းပေးမည့် အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၁၁.၉.၂၀၁၄)

ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်) ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မောက်မယ်မြို့နယ်၌ မောက်မယ်-ဟိုနမ့် ၁၈ မိုင်လမ်းပိုင်း ကတ္တရာခင်းခြင်းလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများ လုံးဝမမျှော်လင့်ထားသော လမ်းပိုင်းဖြစ်၍ ဤလမ်းပိုင်းကြီးပြီးစီးသွားပါက  ရှမ်းပြည်နယ်တောင်ပိုင်းထိ ဆက်သွယ်သွားလာရေး ကုန်စည် စိစစ်ဆေးရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်များမှ တောင်ကြီးမြို့သို့ ဆက်သွယ်သွားလာရာတွင် ခရီးမိုင် (၅၀)ဝန်းကျင် လျော့နည်းသက်သာသွားမည်ဖြစ်ပြီး ဟိုနမ့်ဒေသကိုဖြတ်၍ စိုင်းခေါင်မှတစ်ဆင့် အနယ်နယ်အရပ်ရပ်သို့ ဆက်သွယ် သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ဟိုနမ့်ဒေသတွင် ကျေးရွာအုပ်စုနှစ်ခုရှိပြီး ယခင်က မြေသားလမ်းပိုင်းများ ဖောက်လုပ်ထားသော်လည်း မိုးရာသီတွင် ဆက်သွယ်သွားလာရေးကိစ္စများ ခက်ခဲပါကြောင်း၊ ပွင့်လင်းရာသီကာလ များတွင်သာ ဆက်သွယ်သွား လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆောင်ရွက်ပြီးစီးမည့် မောက်မယ်-ဟိုနမ့် ကတ္တရာလမ်းမကြီးကိုဗဟိုပြုလျက် ကျေးရွာချင်း ဆက်ကျောက်ချောလမ်းပိုင်းများကို ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဟိုနမ့်-ထီတခေါ့-ဖာစန်း မြေသားလမ်းအား ကျောက်ချောခင်းပေးနိုင်မည့် အစီအစဉ်များ၊ ဟိုနမ့်-ခူးဝိန်း-နောင်ပို မြေသားလမ်းအား ကျောက်ချောခင်းပေးနိုင်မည့် အစီအစဉ်များနှင့် အနောက်ပူယာစန်း-ပုန်းအောင်-ထီပျဉ်-ပန်းတန် လမ်းပိုင်းတို့အား ကျောက်ချောခင်းပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

ဒုတိယဝန်ကြီး ဦးခင်မောင်အေး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းမှာရှိ ဟိုနမ့်-ထိတခေါ့-ဖာစန်းလမ်း သုံးမိုင်၊ ဟိုနမ့်-ခူဝိန်-နောက်ပိုလမ်း သုံးမိုင်နှင့် အနောက်ပူယာစန်း- ပုန်းအောင်-ထီပြင်-ပန်းတန်လမ်း ၉ မိုင်တို့၏ လက်ရှိအခြေအနေမှာ မြေသားလမ်းဖြစ်ပြီး ကျေးရွာပေါင်း (၉) ရွာ၊ အိမ်ခြေ ၉၀၉ အိမ်ရှိပြီး လူဦးရေ ၅၇၀၂ ဦးကိုအကျိုးပြုပါကြောင်း၊ ဟိုနမ့်-ထိတခေါ့-ဖာစန်းလမ်း သုံးမိုင် ကျောက်ချောလမ်းခင်းပါက ငွေကျပ် ၁၇၃ သန်း၊ ဟိုနမ့်-ခူဝိန်-နောင်ပိုလမ်း သုံးမိုင် ကျောက်ချောလမ်းခင်းပါက ငွေကျပ် ၁၇၃ သန်းနှင့် ၁၀ ပေတံတား တစ်စင်းအတွက် ငွေကျပ် ငါးသန်း၊ အနောက်ပူးယာစန်း-ပုန်းအောင်-ထီပြင်-ပန်းတန်လမ်း ၉ မိုင် ကျောက်ချောလမ်းခင်းပါက ငွေကျပ် ၅၁၉ သန်းနှင့် ၁၀ ပေ တံတားတည်ဆောက်ခြင်းအတွက် ငွေကျပ် ငါးသန်း စုစုပေါင်းငွေကျပ် ၈၇၅ သန်းကုန်ကျမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မွေးမြူရေး၊ ရေလုပ် ငန်းနှင်‌့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးရန်ပုံငွေ ကျပ် ၁၀၄၃၀.၉၅၄ သန်းဖြင့် ကတ္တရာလမ်း ၂၄ မိုင်၊ ကျောက်ချောလမ်း ၁၁၃ မိုင်၊ မြေသားလမ်း ၁၅၇ မိုင် ၄ဖာလုံ၊ သစ်သားတံတား ၁၆၄၅ ပေနှင့် ရေပြွန် ၁၅၂၇ ပေ တို့ကိုဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်း သုံးလမ်းနှင့် တံတားများသည် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် ခွင်‌့ပြုထားခြင်းမရှိသေးပါကြောင်းနှင့် ဟိုနမ့်-ထိတခေါ့-ဖာဆန်းလမ်း သုံးမိုင်နှင့် ဟိုနမ့်-ခူဝိန်-နောင်ပိုလမ်း သုံးမိုင်တို့ကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်အတိုင်း ရန်ပုံငွေတင်ပြတောင်းခံ ပေးမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားပါသည်။