(ခ)-မွေးမြူရေးအစာများ သင့်တင့်သောဈေးနှုန်းဖြင့် ရရှိနိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု၊ ရေတိုရေရှည် လိုအပ်မှု၊ ဈေးနှုန်းတည်ငြိမ်မှု၊ ပြည်ပတင်ပို့ ရောင်းချမှုနှင့် ပြည်တွင်းတင်သွင်းမှု အခြေအနေများနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခ

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၁၁.၉.၂၀၁၄)

ဦးစိုးနိုင် (ဖျာပုံ)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုးတက်လာသော လူဦးရေအတွက် ဖူလုံပြည့်ဝစွာစားသုံးနိုင်မည့် အမျိုးသားစားနပ်ရိက္ခာဖူလုံရေး အစီအစဉ်များတွင် သားငါးထုတ်လုပ်ရေးလုပ်ငန်းသည် အဓိကကဏ္ဍမှ ပါဝင်လျက် ရှိပါကြောင်း၊ နိုင်ငံသားများအတွက် သားငါးရိက္ခာဖူလုံစေသည်သာမက ပိုလျှံသည်များကို နိုင်ငံတကာဈေးကွက်များ သို့ တင်ပို့ရောင်းချစေခြင်းဖြင့် နိုင်ငံခြားဝင်ငွေများလည်း တိုးမြင့်ရှာဖွေပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ သားငါးထုတ်လုပ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အခြေစိုက် ဆောင် ရွက်ကြခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရမှ ချမှတ်ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချ ရေးအစီအစဉ်များကိုလည်း အထောက်အကူပြု လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်အများစုနှင့် လုပ်သားများသည် ကျေးလက်ဒေသများတွင် နေထိုင်သူများ ဖြစ်ခြင်းကြောင့် ကျေးလက်အခြေခံအမျိုးသား အကျိုးစီးပွားဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ရေးစသည့် အခန်းကဏ္ဍများတွင် စိုက်ပျိုးရေးကဏ္ဍပြီးလျှင် ဒုတိယအရေးကြီးဆုံး ကဏ္ဍတစ်ခုလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပင်လယ်နှင့်ကုန်းတွင်း၊ အင်းအိုင်၊ ငါးသယံဇာတများ တည်ရှိမှုသည် ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန် ထိန်းသိမ်းစောက်ရှောက်ရသော အခြေအနေများတွင် ရှိသည့်အတွက် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပြည်ပတင်ပို့မှု တိုးမြင့်ရေးအတွက် သားငါးမွေးမြူရေး လုပ်ငန်းများကို တိုးမြင့်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဒေသတွင်းနိုင်ငံများထက် သာလွန်ကောင်းမွန်သည့် မိမိတို့နိုင်ငံတော်က ပိုင်ဆိုင်ထားသော မျှတသည့်ရာသီဥတု၊ သန့်ရှင်းသည့်သဘာဝပတ်ဝန်းကျင်နှင့် ကြွယ်ဝသည့်ရေမြေ၊ နိုင်ငံသား၏ သယံဇာတများကို အခြေခံပြီး အမျိုးသားစားနပ်ရိက္ခာဖူလုံရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးမြင့်ဖြစ်ထွန်းရေးအတွက် သားငါးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွား ရန်နှင့် ထုတ်လုပ်မှုမြင့်မားလာစေရန် အစီအမံကောင်းများကိုလည်း စနစ်တကျ ဆောင်ရွက်ထားရှိရန် လိုအပ်လျက်ရှိပါကြောင်း၊ သားငါးမွေးမြူရေးလုပ်ငန်းတွင် စိုက်ပျိုးရေးထွက်ကုန်များကို    အစာအဖြစ် အခြေခံအသုံးပြုပြီး ထုတ်လုပ်မွေးမြူကြခြင်းဖြစ်သည့်အတွက် အစာကုန်ကြမ်း၊ ကုန်ချောများ ထွက်ရှိမှု၊ ဈေးနှုန်းအတက်အကျနှင့် ပြည်ပတင်ပို့မှု၊ ပြည်တွင်းတင်ပို့မှုအခြေအနေများသည် သားငါးဈေးနှုန်းများအပေါ် တိုက်ရိုက်အကျိုး သက်ရောက်မှုရှိပြီး လက်ရှိအခြေအနေတွင် ပြည်သူများအတွက် သားငါးဈေးနှုန်းများ မြင့်မားမှုမရှိစေရန်၊ လုပ်ငန်းရှင်များ၏ အကျိုးစီးပွားအတွက်လည်း အာမခံနိုင်မှု အခြေအနေပျက်ယွင်းခြင်းမျိုး မရှိစေရန်နှင့် ထုတ်လုပ်မှုလျော့ချခြင်းမျိုးမရှိစေရန် လိုအပ်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ သားငါးမွေးမြူ/ထုတ်လုပ်ရေးလုပ်ငန်းအတွက် အဓိကအရေးပါသော အစာကဏ္ဍ ဖူလုံပြီး သင့်တင့်သောဈေးနှုန်းဖြင့် မွေးမြူရေး အစာရရှိစေနိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု၊ ရေတိုရေရှည်လိုအပ်မှု၊ ဈေးနှုန်းတည်ငြိမ်မှု၊ ပြည်ပ တင်ပို့ရောင်းချမှု၊ ပြည်တွင်းတင်သွင်းမှုအခြေအနေများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

ဒုတိယဝန်ကြီး ဦးခင်မောင်အေးလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ဆန်စပါးအပါအဝင် ဈေးကွက် တွက်ခြေကိုက်သည့် ပိန်းဥ၊ ကန်စွန်းဥ၊ ကညွှတ်သီးနှံများကို ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုရန် အတွက် စိုက်ပျိုးရေးထွက်ကုန်များ၏ ဘေးထွက်ပစ္စည်းဖြစ်သော ဆန်ကွဲ၊ ဖွဲနုများအပြင် ၂၀၁၃-၁၄ ခုနှစ်တွင် အစေ့ထုတ်ပြောင်းဧက ၁.၀၈ သန်းကျော်၊ နှံစားပြောင်းဧက ၅.၅ သိန်းကျော်၊ အခြားနှံစားသီးနှံဧက ၃ သောင်းကျော်နှင့် ကျွဲနွားစာဧက ၁.၂ သန်းကျော် စိုက်ပျိုးခဲ့ပါကြောင်း၊  စားနပ်ရိက္ခာ ဖူလုံ ပိုလျှံစေရန်အတွက် သီးနှံများအထွက်တိုးစေရန်တို့ကို အဓိကတာဝန်ကြီး (၃) ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင် ရွက်ပေးလျက်ရှိပါကြောင်း။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် သားငါးမွေးမြူရေး လုပ်ငန်းအတွက် ပြည်တွင်းမှရရှိနိုင်ရန် တိရိစ္ဆာန်အစာကုန်ကြမ်းများနှင့် ပြည်ပမှတင်သွင်းသည့် တိရိစ္ဆာန်အစာ ကုန်ကြမ်းဖြစ်သည့် ပဲပုတ်ဖတ်၊ ပဲပုတ်မှုန့်စသည်တို့ကို နည်းပညာများဖြင့် ပြုပြင်ထုတ်လုပ်ပြီး မွေးမြူရေးအစာ ကဏ္ဍ ဖူလုံစေရေး ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မွေးမြူရေးအစာထုတ်လုပ်သည့် ပုဂ္ဂလိကမွေးမြူရေး အစာကုမ္ပဏီများနှင့် စက်ရုံ ၁၇ ရုံရှိပြီးှ နိုင်ငံတော်အစာစက်ရုံ (၅) ရုံမှမွေးမြူရေးအစာများကို ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ နိုင်ငံပိုင်အစာစက်ရုံများကိုလည်း ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီများသည် ပြည်တွင်းပြည်ပမှ ရရှိသော တိရိစ္ဆာန်အစာ ကုန်ကြမ်းများကို အာဟာရလိုအပ်ချက်ပေါ်မူတည်ပြီး အသားဓာတ်ပါဝင်မှုကို အခြေခံ၍ ထုတ်လုပ်လျက်ရှိပါကြောင်း။

မွေးမြူရေးအစာကုန်ကြမ်းများ ထုတ်လုပ်သည့်နေရာတွင် လုပ်အားခနှင့် အထွေထွေစရိတ် အပါအဝင် ထုတ်လုပ်မှုစရိတ်များ ရှိပါကြောင်း၊ ဒေသပေါက်ဈေးအပေါ်တွင် အခြေခံပြီး တစ်ပိဿာဈေးနှုန်းကို သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မွေးမြူရေးကဏ္ဍ မြင့်တင်ဆောင်ရွက်လာနိုင်ရန် တိုးတက်လာသော တိရိစ္ဆာန်ကောင်ရေနှင့်အညီ  တိရိစ္ဆာန်အစာများဖွံ့ဖြိုးတိုးတက်လာစေရန် ရေတို/ရေရှည် တိရိစ္ဆာန်အစာ လုံလောက်မှုရှိစေရန် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA)၊ မယ်ဖာလုံဖောင်ဒေးရှင်း၊ နယူးဇီလန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့နှင့် ပူးပေါင်းပြီး အာဟာရဓာတ်ပါဝင်သော မြက်မျိုးများရရှိရန် စားကျက်မြက်မျိုးစေ့များ မှာယူတင်သွင်းခြင်း၊ ဒေသနှင့်ကိုက်ညီသော အရှေ့တောင်အာရှဒေသအတွင်း ကောင်းမွန်စွာပေါက်ရောက်သည့် မြက်မျိုး ၁၇ မျိုး၊ သစ်ဥသစ်ဖု ၁၃ မျိုး၊ နွယ်ပြင်မျိုး ၄ မျိုးနှင့် ပဲမျိုးနွယ်တို့ကို ဒေသခံတောင်သူများနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဒေသနှင့်သင့်လျော်ပြီး ထုတ်လုပ်မှုမြင့်မားသည့် မျိုးစေ့များ ပေးအပ်ပြီး စားကျက်မြေများ တိုးချဲ့စိုက်ပျိုးစေလျက်ရှိပါကြောင်း။

အရည်အသွေးပြည့်မီသော အစာများရရှိရေးအတွက် အာဟာရဓာတ်ပါဝင်မှုကို ရန်ကုန်၊ မန္တလေးရှိ အစာအရည်အသွေး စစ်ဆေးရေးဆိုင်ရာ ဓာတ်ခွဲခန်းများတွင် ခွဲခြမ်းစစ်ဆေးခြင်း၊ တိရိစ္ဆာန် အစာကျွေးမွေးမှု ပညာပေးသင်တန်းများ Urea Treated Straw  ယူရီးယားဖြည့်စွက်ထားသော ကောက်ရိုး၊ မြက်ချဉ်ဖတ်၊ ယူရီးယားသကာတုံး ပြုလုပ်နည်းသင်တန်းများ၊ တိရိစ္ဆာန်အစာကျွေးမွေးမှု သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အရည်အသွေးကောင်းမွန်သော မြက်များ၊ ပဲမျိုးနွယ်များ စိုက်ပျိုးကျွေးမွေးခြင်းဖြင့် အစာနုကျွေးမွေးမှုလျော့နည်းပြီး ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းနိုင်မည်ဖြစ်ပါကြောင်း၊ ငါး/ပုစွန်မွေးမြူကန်များတွင် သင့်တင့်သောဈေးနှုန်းဖြင့် အစာရရှိစေရန်  ကုမ္ပဏီများမှ ပြည်တွင်း၌ အစာစက်ရုံတည်ဆောက်ပြီး၊ သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း၊ အချို့သော ငါး/ပုစွန်မွေးမြူရေးစခန်းများသည် ၎င်းတို့ကိုယ်ပိုင်ဖော်စပ်အစာ Farm Made Pellet ဖြင့် အစာထုတ်လုပ်ပြီး ကျွေးမွေး မွေးမြူကြပါကြောင်း။

ပြည်ပသို့ ငါး/ပုစွန်တင်ပို့ရောင်းချမှုသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၃၄၅၂၆၇ မက်ထရစ်တန်၊ အမေရိကန်ဒေါ်လာသန်းပေါင်း ၅၃၆.၂၇၄ သန်းရရှိပြီး၊ ၂၀၁၄-၁၅ ခုနှစ်၊ ဇွန်လအထိ တင်ပို့မှု ၇၄၅၀၅ မက်ထရစ်တန်နှင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၆.၇၇၉ သန်းရရှိပြီး ဖြစ်ပါကြောင်း၊ ပြည်တွင်းသို့ တင်ပို့မှုသည် ငါး/ပုစွန်အစာစက်ရုံပိုင် ကုမ္ပဏီများမှ လိုအပ်သည့် ဆေးဝါးများသော အစာကုန်ကြမ်းများ မှာယူတင်သွင်းခဲ့ရာ ၂၀၁၃-၁၄ ခုနှစ်တွင် ငါး/ပုစွန်အစာနှင့် ကုန်ကြမ်း စာရင်း ၉၄၉၆ မက်ထရစ်တန်ဖြစ်ပါကြောင်း၊ နှစ် ၃၀ စီမံကိန်းတွင်လည်း ငါးမွေးကန်များအတွက်  အစာလိုအပ်ချက်ကို ရေတို/ရေရှည်တွက်ချက်ထားပြီး ဖြစ်ပါကြောင်း၊ ရေချိုငါးမွေးကန်များ အစာလိုအပ်ချက်မှာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ငါးမှုန့်၊ ဖွဲနု၊ ပဲပိစပ်နှင့် ပြောင်းမှုန့် စုစုပေါင်းပိဿာချိန်  ၈၅၅.၃ သန်းနှင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ငါးမှုန့်၊ ဖွဲနု၊ ပဲပိစပ်နှင့် ပြောင်းမှုန့် စုစုပေါင်းပိဿာချိန်  ၈၈၆.၄ သန်း လိုအပ်မည်ဖြစ်သည်ကို တွက်ချက်လျာထားပြီး ဖြစ်ပါကြောင်း။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတကာစံနှုန်းများနှင့်အညီ ကုန်သွယ်မှုဆိုင်ရာ များအား ဖြေလျော့မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်ကဏ္ဍ တိုးတက်လာစေရန် ဖြေလျော့မှုသည် ဆောင်ရွက်ပေးလျက်ရှိသော်လည်း တိရိစ္ဆာန် အစားအစာ ကုန်ကြမ်းများဖြစ်သည့် ဆီကြိတ်ဖတ်အားလုံးနှင့် ပုစွန်၊ ဖွဲတို့ကို တင်ပို့ရန် ခွင့်မပြုသော ပစ္စည်းများအဖြစ် ဆက်လက်ထည့်သွင်း သတ်မှတ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ သစ်သီးဝလံ၊ စက်မှုကုန်ကြမ်းသီးနှံများနှင့် စားဖိုဆောင်သုံးသီးနှံများကို ဈေးကွက်များ၏ လိုအပ်ချက်အရလည်းကောင်း၊ တောင်သူလယ်သမားများ ထိုက်သင့်သော အကျိုးအမြတ်များ ရရှိစေရေး အတွက်လည်းကောင်း၊ ပြည်ပသို့ လွတ်လပ်စွာ တင်ပို့ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ဆန်ပြည်ပတင်ပို့မှုနှင့် ပတ်သက်၍ ယခင်နယ်စပ်စခန်းများမှ တစ်ဖက်နိုင်ငံများကို ဆန်တင်ပို့ရန် ဆိုင်းငံ့ထားရာမှ ဈေးကွက် လိုအပ်ချက်များ ရှိနေသည့်အတွက် နိုင်ငံတကာပေါက်ဈေးနှင့်အညီ နယ်စပ်စခန်းများမှ အိမ်နီးချင်းနိုင်ငံများကို ၂၀၁၂ ခုနှစ်ကစတင်ပြီး လွတ်လပ်စွာ တင်ပို့ခွင့်ပြုခဲ့ပါကြောင်း။

ပြည်ပနိုင်ငံများကို ပင်လယ်ရေကြောင်း အပါအဝင် နယ်စပ်ဒေသများမှ ဆန်တင်ပို့မှု ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ထို့အတူ ဆန်ကွဲကိုလည်း ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ စတင် တင်ပို့ခွင့်ပြုခဲ့သော်လည်း ပြည်တွင်းတိရိစ္ဆာန် အစားအစာ လိုအပ်ချက်ကို မထိခိုက်‌စေရန်အတွက် ဖွဲနုအပါအဝင် အခြားဆန်ထွက်ပစ္စည်းများကို တင်ပို့ခွင့်ပြုထားခြင်း မရှိပါကြောင်း၊ ရေထွက်ပစ္စည်းတင်ပို့မှုနှင့် ပတ်သက်၍ ယခင်ကုန်ကြမ်းအတိုင်း တင်ပို့နေရာမှ ယခုအခါ ပြည်တွင်း၌ အဆင့်မြှင့်ထုတ်ကုန်များ Value Added အဖြစ်ပြုပြင်ထုတ်လုပ်ပြီး စတင် တင်ပို့လျက် ရှိနေပြီဖြစ်ပါကြောင်း၊ ထိုသို့ ရေထွက်ပစ္စည်းများ အခြောက်ခံခြင်း၊ အမှုန့်ကြိတ်ပြုပြင် ထုတ်လုပ်ခြင်းကြောင့် ဘေးထွက်ပစ္စည်းများရရှိလာသဖြင့် တိရိစ္ဆာန်အစာအတွက် အထိုက်အလျောက် ဖြည့်ဆည်းနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်ပပို့ကုန်ပမာဏပိုမိုတိုးတက်ရရှိစေရန်နှင့် မြန်မာနိုင်ငံထွက်ပစ္စည်းများ ကမ္ဘာ့ဈေးကွက်တွင် Market Share များရရှိနိုင်စေရေးနှင့် ပြည်တွင်းတိရိစ္ဆာန်အစာများ ပေါများစွာ ရရှိလာနိုင်စေရေးတို့အတွက် အဆင့်မြင့်ရေထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ အမြောက်အများ ပေါ်ထွန်းလာစေရေးနှင့် ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသဖြင့် ရေထွက်ပစ္စည်းများအား ပြည်ပမှတင်သွင်းပြီး မိမိနိုင်ငံအတွက် အဆင့်မြှင့်ထုတ်ကုန် Value Added အဖြစ်ပြုပြင် ထုတ်လုပ်ပြီး EU နိုင်ငံများကို ပြန်လည်တင်ပို့နိုင်သည့်ရေထွက် CMP များ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရေထွက် CMP စက်ရုံများနှင့် ပြည်တွင်းပုဂ္ဂလိက ရေထွက်ပစ္စည်းစက်ရုံများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်ပါက ပြည်တွင်းတိရိစ္ဆာန်အစား အစာလိုအပ်ချက်အပေါ် ဖြည့် ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း။

တိရိစ္ဆာန်အစာကွင်းဆက် Food Chain နှင့် ပတ်သက်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှပုဂ္ဂိုလ်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပွဲများကျင်းပပြီး ထွက်ရှိလာသည့် ရလဒ်များအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။