ရခိုင်ပြည်နယ်၏ မွေးမြူရေးလုပ်ငန်းသည် အဓိကစီးပွားရေး လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ ထွက်ရှိသည့် ထုတ်ကုန်များကိုလည်း အိမ်နီးချင်းနိုင်ငံများသို့ အလွယ်တကူတင်ပို့ ရောင်းချနိုင်သည့် ဈေးကွက်လည်း နီးကပ်စွာတည်ရှိနေပါကြောင်း၊ ရခိုင်ပြည်နယ်၏ မွေးမြူရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်ပေး နိုင်မည်ဆိုပါက ပြည်နယ်အတွက်သာမက နိုင်ငံတော်၏စီးပွားရေးကိုပင် အထောက်အကူ ပြုနိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ စံပြသားဖောက်လုပ်ငန်းစခန်းများ၊ စံပြမွေးမြူရေးစခန်းများ၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးပြီး မွေးမြူရေးလုပ်ကိုင်သူများကို သင်တန်းပေးခြင်း၊ ပညာပေးခြင်း၊ နည်းပညာအကူအညီများ၊ ရင်းနှီးမြှုပ်နှံမှုချေးငွေများ ကူညီထောက်ပံ့ပေးရန် လိုအပ်ပါကြောင်း၊ တိရစ္ဆာန်ရောဂါကင်းရှင်းရေးဇုန် မွေးမြူရေးလုပ်ငန်းများ ဖော်ထုတ်ပြီး မွေးမြူရေးလုပ်ငန်း တိုတက်စေရန် အတွက် နိုင်ငံတော်မှ စီမံကိန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဆိုလျှင် ရခိုင်ပြည်နယ်၏ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ဖြစ်ထွန်းလာပြီး ဒေသခံပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပါကြောင်း၊ ရခိုင်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ ခေတ်မီနည်းပညာများ၊ ဈေးကွက်ယှဉ်ပြိုင်မှုများစသည့် အခက်အခဲများကြောင့် အကျိုးအမြတ်နည်းပါးခြင်း၊ လုပ်ငန်းချဲ့ထွင်နိုင်မှုမရှိခြင်း၊ မွေးမြူရေးလုပ်ငန်းများ လျော့နည်းလာခြင်းတို့ကို တွေ့ကြုံခံစားနေရသဖြင့် အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ရှင်သန် ဖြစ်ထွန်းလာစေရေး၊ အဆင့်မြှင့်တင်နိုင်ရေးတို့အတွက် စီမံချက်စနစ်တကျ ချမှတ်ပြီး နိုင်ငံတော်၏ စီမံကိန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင် ပြည်နယ်၏ သား၊ ငါးကဏ္ဍအပါအဝင်ဖြစ်သည့် မွေးမြူရေးကဏ္ဍ တိုးတက်ရေးအတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရခွင့်ပြု ငွေကျပ် ၂၃၃.၈၂ သန်းဖြင့် ပေါက်တောမြို့နယ် ရေငန်ပုစွန် သားဖောက် စခန်းတည်ဆောက်ခြင်း၊ ကျောက်တော်မြို့နယ် ရေချိုငါးသားဖောက်စခန်း တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ သားပေါက်များကို ဖြည့်ထုတ် နိုင်ရေးအတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် အမ်းမြို့နယ်များတွင် တစ်ပိုင်တစ်နိုင် သားဖောက်ရုံများကို ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၀၀ နှင့် တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို လက်ရှိမွေးမြူထားသည့် တိရစ္ဆာန်များကို ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကျွဲ၊ နွားများကို ချောင်းကွဲရောဂါ၊ ဒေါင့်သန်းရောဂါ၊ ပေါင်ပုတ်လက်ပုတ်ရောဂါ၊ ခွာနာလျှာနာရောဂါ စသည့်ကာကွယ်ဆေးများ ပုံမှန်ထိုးပေးလျက်ရှိပြီး ဝက်၊ ကြက်၊ ဘဲနှင့် အခြားတိရစ္ဆာန်များကိုလည်း ကာကွယ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ရခိုင်ပြည်နယ်အတွင်း တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူပေးခြင်း မွေးမြူလိုသူ လုပ်ငန်းရှင်များ၊ တပ်ရင်းတပ်ဖွဲ့များကို ဒိုက်ဦး-ပျဉ်းမပင်ဝက်မွေးမြူရေးခြံများမှ ဝက်မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ နွားမျိုးများမြှင့်တင် သားစပ်ပေးနိုင်ရေးအတွက် နို့စားနွား၊ ခိုင်းနွားမျိုးများကို ဌာနမှထုတ်ပေးလျက်ရှိပြီး မေထုန်မဲ့သားစပ်နည်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိခြင်း၊ ဆိတ်မျိုးများကို သွေးနီးသားစပ်မှု မဖြစ်စေရန် အတွက် မကွေးတိုင်းဒေသကြီးမှ မျိုးဆိတ်သိုးများ ဝယ်ယူဖြန့်ဖြူပေးခြင်း၊ ကြက်၊ ဘဲသားပေါက်များကို မျိုးကောင်းမျိုးသန့်ရရှိရေး ဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများ နှင့် ဌာနတွင်း အမှုထမ်းများကို မွေးမြူရေးအကြောင်း ပညာပေးသင်တန်း၊ တိရစ္ဆာန်အာဟာရဗေဒသင်တန်း၊ တိရစ္ဆာန်ကူးစက်ရောဂါများ ဆိုင်ရာသင်တန်း၊ တိရစ္ဆာန်ကာကွယ်ဆေးထိုးသင်တန်းနှင့် မေထုန်မဲ့သားစပ်ခြင်း သင်တန်းများကို ပို့ချပေးလျက်ရှိပါကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် CP ကုမ္ပဏီတို့ပူးပေါင်းပြီး ရခိုင် ပည်နယ်အတွင်း CP စံပြကျေးရွာ (၃)ရွာရွေးချယ်ပြီး မွေးမြူရေးလှည့်ပတ်ရန်ပုံငွေ ထူထောင်ပေးခြင်းနှင့် ထိုင်းဒေသ မွေးမြူရေးလုပ်ငန်းများကို လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊
ရခိုင်ပြည်နယ်ဒေသ နွားမျိုးများအား အသားတိုးနွားအဖြစ် မွေးမြူနိုင်ရန် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန (ရုံးချုပ်)မှ မျိုးနွားသိုး ဖြန့်ဖြူပေးရန်ဆောင်ရွက်ထားရှိခြင်း၊ ဒေသခံမွေးမြူရေးသမားများကို အစာအာဟာရဗေဒ သင်တန်းများတွင်လည်းကောင်း၊ အသားတိုးနွားမွေးမြူစောင့်ရှောက်နည်း သင်တန်းများကို ခေါ်ယူပေးလျက်ရှိပြီး ပုစွန်မွေးမြူသူဦးရေ ၆၈၄၂ ဦး၊ ဧက ၁၁၀၈၉၅ ရှိ မွေးမြူရေးလုပ်ငန်းရှင်များကို အဓိကလိုအပ်ချက်ဖြစ်သည့် ရေငန်ပုစွန်သားပေါက်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက်ကို ငါးလုပ်ငန်း ဦးစီးဌာန၏ ရှိပြီးစခန်းများကို အဆင့်မြှင့်တင်နိုင်ရန်နှင့် ပေါက်တောမြို့နယ်၊ စိုးမဲကျီရေငန် ပုစွန်သားပေါက် စခန်းဟောင်းနေရာတွင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့မှ ငွေလုံးငွေရင်းဘတ်ဂျက် ခွင့်ပြုငွေ ၁၂၈.၄၆ သန်းနှင့် ရေငန်ပုစွန်သားပေါက် စခန်းသစ်ထပ်မံတည်ဆောက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများကို အလွယ်တကူ တင်ပို့ရောင်းချနိုင်သည့် ဈေးကွက်ရရှိရေးအတွက်ကို ရေချိုငါးမြစ်ချင်း၊ ငါးမျိုးများအပါအဝင် ရေချိုငါးသားပေါက်များ၊ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက်ကို ၂၀၁၃-၁၄ ခုနှစ် ဘူးသီးတောင်မြို့နယ်၊ ကကျဘက်ကျေးရွာတွင် ရေချိုငါးသားပေါက်စခန်းအတွက် ပြည်နယ်အစိုးရမှ ငွေလုံးငွေရင်းဘတ်ဂျက် ခွင့်ပြုငွေ ၂၄.၅ သန်းနှင့် တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ကျောက်တော်မြို့နယ်၊ သစ်တပုံဆည်အနီး ရေချိုငါးသားပေါက်စခန်းတစ်ခုတည်ဆောက်ရန် ပြည်နယ်အစိုးရမှ ငွေလုံးငွေရင်း ဘတ်ဂျက်ခွင့်ပြုငွေ ၁၀၅.၃၆ သန်းနှင့် အပြီးတည်ဆောက်ရန် စီစဉ်လျက်ရှိပါကြောင်း၊
ထို့အပြင် ရေချိုငါးသားပေါက်စခန်းများကို ငါးလုပ်ငန်းဦးစီးဌာနမှ တည်ဆောက်သည့် နည်းတူ ပုဂ္ဂလိကကဏ္ဍမှ လည်း သားပေါက်များ အားဖြည့်ထုတ်လုပ်လာနိုင်စေရေးအတွက်ကို ငါးသားဖောက်ရုံ တစ်ပိုင်တစ်နိုင် တည်ဆောက်ရန်အတွက် စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ အမ်းမြို့နယ်များကို ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ခွင့်ပြုငွေ ငါးသားပေါက်စခန်းတစ်ခုတွင် ကျပ်သိန်း ၅၀ ဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း အပြီး တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ၂၀၁၃-၁၄ ခုနှစ် ရေချို၊ ရေငန်၊ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်း သင်တန်းများကိုလည်း ပို့ချပေး၍ မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
