မိမိတို့ လေ့လာသိရှိထားသည်များအရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ဦးစီးဌာနနှစ်ခုနှင့် လုပ်ငန်းတာဝန် (၈) ရပ်ကိုတွေ့ရှိပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် ဆိုပါကလက်တွေ့ဘဝတွင် လူမှုဒုက္ခ အဝဝကို ဖြည့်ဆည်းပေးခြင်း ဖြစ်ပါကြောင်း၊ အခြေခံပြည်သူများ အနေဖြင့် ယခုကဲ့သို့ ရရှိသော ၎င်းတို့၏ အခွင့်အရေးများကို သိရှိသူရှားပါကြောင်း၊ သိရှိတဲ့သူတွေ ရှားပါးနေပါတယ်။ အမျိုးသမီးများ၏ အမျိုးမျိုးသော အနိုင်ကျင့်သဘောခံစားရ၍ အကြံဉာဏ်တောင်းဆိုချက် နှင့် အမျိုးသမီးတွေကို စောင့်ရှောက်ပေးနိုင်သော နေရာများကိုလည်း တမ်းတနေကြသည်ကို တွေ့ရှိရပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကိုကြားသိရသော ဝေးလံခေါင်ဖျားဒေသများတွင်လည်း မခံစားရသေးသော လူမှုကိစ္စအကူအညီများရရှိသင့်ပါကြောင်းနှင့် ရရှိ မည်ဆိုပါက ထိရောက်အကျိုးများပါ လိမ့်မည် ဖြစ်ပါကြောင်း၊ အမျိုးသမီးရေးရာနှင့် မိခင်၊ ကလေးလူမှုရေးအဖွဲ့ အစည်းများကိုလည်း အမျိုးသမီးထုတစ်ရပ်လုံး၏ ယုံကြည်အားထားရသော အဖွဲ့အစည်းတစ်ခုအဖြစ်ကို အားကိုးလိုကြပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် လိုအပ်သလို စီစဉ်ဆောင်ရွက် ပေးနိုင်ပါရန်နှင့် အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူနှင့် မူးယစ်ဆေးဝါးဖြတ်ပြီးသူများကို စောင့်ရှောက်မည့်လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနက အောက်ခြေထိမည်သို့ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကလေးနှင့်လူငယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ အမျိုးသမီးစောင့်ရှောက် ရေးလုပ်ငန်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများထောက်ပံ့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ မူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးလုပ်ငန်း၊ လူမှုဂရုဏာစောင့်ရှောက်ရေးလုပ်ငန်းစသည့် လုပ်ငန်းကြီးရှစ်ရပ်ကို ယခင်ဖွဲ့စည်းပုံအရ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ခရိုင်အချို့တွင်သာ ရုံးများဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု နိုင်ငံတော်အစိုးရ လက်ထက်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ဖွဲ့စည်းပုံကို တိုးချဲ့ဖွဲ့စည်းပြီး လူမှုဝန်ထမ်း လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး ခရိုင်အဆင့်ရုံးများနှင့် မြို့နယ်ရုံးများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊
အမျိုးသမီးများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး သဘောတရားအရ ရပ်ရွာအခြေပြု ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သောအမျိုးသမီးများကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာကော်မတီများ အဆင့်ဆင့်မှ အထူးအလေး အနက်ထားပြီး ကာကွယ်စောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ ဝေးလံ ခေါင်းဖျားသောတောင်ပေါ်ဒေသများ၊ ဆင်းရဲနွမ်းပါးချို့တဲ့သူများနှင့် လူကုန်ကူး ခံရမည့် အခြေအနေနှင့် အန္တရာယ်ကျရောက်နိုင်သော အခြေအနေတွင်ရှိသည့် အမျိုး သမီးများအား ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျိုင်းတုံမြို့၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းတွင် မူလတန်းမှစ၍ အထက်တန်းအထိ အတန်းပညာများ သင်ကြားပေးလျက်ရှိပြီး နွေရာသီကျောင်းပိတ်ချိန်တွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ ယဉ်ကျေးလိမ္မာပညာရပ်များနှင့် ဘဝတွက်တာကျွမ်းကျင်ရာပညာများ ကိုသင်ကြားပေးနေပါကြောင်း၊ ထို့အပြင် တာချီလိတ်မြို့တွင် အမျိုးသမီး သက်မွေးအတတ်ပညာသင် ကျောင်းတစ်ကျောင်း ထပ်မံဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်မှာရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ခုနစ်ကျောင်းကို တစ်နှစ်လျှင် ၈ ကြိမ် သင်ကြားပေးလျက်ရှိပါကြောင်း၊ ဝေးလံဒေသနှင့် သွားလာရန် ခက်ခဲသော ဒေသများရှိ အမျိုးသမီးများအား ရပ်ရွာအခြေပြုသင်တန်းများ လိုက်လံပို့ချ ပေးလျက်ရှိပါ လျက်ရှိရာ တစ်နှစ်လျှင် အကြိမ် ၅၀၊ ၅၀၀၀ ဦးကျော်ကို သင်ကြား ပေးလျက်ရှိပါကြောင်း၊ သင်တန်းဆင်းပြီးသော အမျိုးသမီးများအနေဖြင့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါကြောင်း၊
သက်ကြီးရွယ်အိုများကို စောင့်ရှောက်မှုပေးရာမှာ ရိပ်သာအခြေပြုစောင့်ရှောက်ရေးလုပ်ငန်း အဖြစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားတဲ့ ဘိုးဘွားရိပ်သာများကို အသိ အမှတ်ပြု၍ ယခုလက်ရှိ ဘိုးဘွား ရိပ်သာစုစုပေါင်း ၇၂ ခုတွင် ဘိုးဘွားပေါင်း ၂၄၃၀ ဦးကို စောင့်ရှောက်ပေး လျက်ရှိပါကြောင်း၊
နိုင်ငံတကာသက်ကြီးရွယ်အို စောင့်ရှောက်ရေးပုံစံတစ်ခုဖြစ်သော သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာ ( Day Care Centre for the Aged) ကို ၂၀-၁၁-၂၀၁၃ ရက်နေ့မှာ ရန်ကုန်မြို့တွင် ဖွင့်လှစ် စောင့်ရှောက် လျက်ရှိပြီး ကျန်ရှိ တိုင်းဒေသကြီး/ပြည်နယ်များမှာ ဖွင့်လှစ်ဆောင်ရွက်လိုပါက နည်းပညာနှင့် အထောက်အပံ့အကူအညီများ ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ထို့ပြင် သက်ကြီးသူချင်း ကူညီ စောင့်ရှောက်ရေးအဖွဲ့ ( Older People Self-Help Groups) ကို မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေအရ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများ ကို မိသားစုစောင့်ရှောက်မှုပုံစံဖြင့် စောင့်ရှောက်ပေးလျက်ရှိပြီး ရပ်ရွာအခြေပြုသက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်တိုင်ရာရောက်သက်ကြီး ရွယ်အိုစောင့်ရှောက်ရေး၏ ရည်ရွယ်ချက်သည် အမှီအခိုကင်းစွာနေထိုင်လျက်ရှိသော သက်ကြီးရွယ်အိုများကို လူမှုရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများအပြင် သက်ကြးရွယ်အိုများ၏ လိုအပ်ချက်များဖြစ်သော နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုတွေကို ကူညီဆောင်ရွက်ပေးခြင်းနှင့် အထီးကျန်ဆန်နေသော ဘိုးဘွားများ၏လူမှုရေး၊ ကျန်းမာရေးတို့အတွက် လေ့ကျင့် သင်ကြား ပေးထားသော စေတနာ့ဝန်ထမ်းတစ်ဦးစီမှ ဘိုးဘွားတစ်ဦးချင်းစီကို အိမ်တိုင်ရာရောက် စောင့်ရှောက်မှုပေးခြင်း ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံကိန်းကို ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုပြီးဖြစ်ပါသဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ငန်းစီမံကိန်းသည် ဝေးလံခေါင်ဖျားဒေသများနှင့် တစ်နိုင်ငံလုံးတွင်ရှိသော သက်ကြီးရွယ်အိုများကို လွှမ်းခြုံမှုရှိစေမည်ဖြစ်ခြင်း ကြောင့် ထိရောက်မှုရှိစေပါကြောင်း၊
မသန်စွမ်းသူများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းကို လိုအပ်ချက်နှင့်အညီ နှစ်စဉ် ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မသန်စွမ်းသူ အဖွဲ့အစည်းများနှင့် အခြား စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားလည်း ဖိတ်ကြားပြီး မသန်စွမ်းမှုနှင့် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆင့်ပွားသင်တန်းနှင့် နည်းပြသင်တန်းများ ပို့ချပေး လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဥပဒေပေါ်ပေါက်လာပါက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ မသန်စွမ်းသူများကို ပိုမိုကြည့်ရှုစောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း၊
မိမိတို့ဌာနသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့ကို တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြန်လည် ထူထောင်ရေးစခန်းများ ဖွင့်လှစ်ပြီး ပြန်လည်ထူထောင်မှု ခံယူပြီးသူများအား ရပ်ရွာအခြေပြုစေတနာ့ဝန်ထမ်း ကြီးကြပ်ရေး မှူးများမှတစ်ဆင့် နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
လူမှုဝန်ထမ်းဦးစီးဌာနသည် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတော်အစိုးရ မဟုတ်သော အဖွဲ့အစည်း ၂၂ ဖွဲ့နှင့် နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ပြီး လူမှုဝန်ထမ်းလုပ်ငန်းများအား အတူတကွ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကစတင်ပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရာတွင် ယခင်နှစ်များထက် နိုင်ငံတော်အစိုးရအနေနဲ့ ၃.၁၃ ဆ တိုးမြှင့်ပြီး ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအခြေအနေတွင် လူမှုဝန်ထမ်းဦးစီး ဌာနသည် လူမှုကာကွယ် စောင့်ရှောက်ရေး အမျိုးသားအဆင့်မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်ရေးဆွဲ လျက်ရှိရာ လူတိုင်းအကျုံးဝင်မည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီး ရွယ်အိုများအနေဖြင့် လက်လှမ်းမီစွာရယူ သုံးစွဲနိုင်မည့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီပွားဘဝ ရပ်တည်မှုဆိုင်ရာ အထောက်အပံ့များပါဝင်မည် ဖြစ်ကြောင်း ဖြေကြားပါသည်။
