၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၁၃ ခုနှစ်မှစ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာမြေမှတ်ပုံတင်ခွင့်ရရှိမှသာ တရားဝင်ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် များကိုဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေအခန်း (၃) ရှိ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများတွင် ပုဒ်မ(၉)၌ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် အောက်ပါအခွင့်အရေးများကို ရရှိစေရမည်။ ပုဒ်မခွဲ(ခ) လယ်ယာမြေအားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ဟု ဖော်ပြထားရှိပါကြောင်း၊ တောင်သူလယ်သမား များအနေဖြင့် လယ်ယာမြေများကို မှတ်ပုံတင်ပြီးမှသာ ၎င်းအခွင့်အရေးများကို ရရှိမည်ဖြစ်ပြီး တချို့ တောင်သူများသည် မှတ်ပုံတင်မည့်လယ်ယာမြေများအား ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ပြင်ပ တွင် ရောင်းဝယ်လျက် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ လယ်ယာမြေများကို ဥပဒေအရ ဆောင်ရွက်ခြင်းမရှိသည့် အတွက် နောင်တွင် မြေယာပြဿနာများ များပြားစွာဖြစ်ပေါ်လာနိုင်သကဲ့သို့ နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာများ ဆုံးရှုံးနစ်နာမှုများ ဖြစ်လာနိုင်ပါကြောင်း၊ တချို့တောင်သူများအနေဖြင့် မိမိတို့စားဝတ်နေ ရေးကြောင့် လည်းကောင်း၊ အချိန်အခါအရ တာဝန်ပေးစေခိုင်းမှုကြောင့်လည်းကောင်း၊ ဦးပိုင်မပေါက်သော မြေအမျိုးမျိုးတွင် မ/ပြေစာထွက်၍ နှစ်ကာလကြာရှည်စွာ စိုက်ပျိုးလုပ်ကိုင်နေကြသည်မှာ ဧက ပေါင်း မြောက်မြားစွာ ရှိကြသည်ကိုလည်း တွေ့ရှိနေရပါကြောင်း၊ ၎င်းမ/ပြေစာ ထွက်ရှိသည့်မြေများကိုလည်း တောင်သူများ လုပ်ကိုင်ခွင့်မြဲနိုင်ရန် ဦးပိုင်ပေါက်မြေများဖြစ်ရန် လိုအပ်ပါကြောင်း၊ ဦးပိုင်ပေါက်မြေ များဖြစ်မှသာ လယ်ယာမြေမှတ်ပုံတင်ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်၏စိုက်ပျိုးစရိတ် ချေးငွေများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ယနေ့အချိန်အထိ မှတ်ပုံတင်ပြီးသော လယ်ယာမြေဧကနှင့် တောင်သူဦးရေ၊ မှတ်ပုံတင် ရန်ကျန်သည့်ဧကနှင့် တောင်သူဦးရေကို သိရှိလိုပါကြောင်း၊ (၂) မှတ်ပုံတင်ပြီး လယ်ယာမြေများအား တရားဝင်ရောင်းချခွင့်နှင့် ပေါင်နှံခွင့်တို့အား မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိနှင့် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိလိုပါကြောင်း၊ (၃) နှစ်ကာလကျော်က တောင်သူများစိုက်ပျိုးခဲ့သည်ကို မ/ပြေစာထွက်မြေများအား ဦးပိုင်ပေါက်မြေများဖြင့် ဆောင်ရွက်ပေးနိုင်မှုအစီအစဉ်ရှိ/မရှိနှင့် မှတ်ပုံတင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်းကို ၁-၁-၂၀၁၃ နေ့မှ စတင်ပြီး ဆောင်ရွက်ပေးခဲ့ရာတွင် ၁၇-၁၁-၂၀၁၄ ရက်နေ့အထိ ပုံစံ ၇ ထုတ်ပေးခြင်းလုပ်ငန်းကို တောင်သူပေါင်း ၅.၃၆ သန်း ရာခိုင်နှုန်းအားဖြင့် ၉၆.၇၆ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီး တောင်သူ ဝ.၁၉ သန်းခန့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးရန် ကျန်ရှိပါကြောင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (င) အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုသော ဘဏ်တွင် သာ ပေါင်နှံရမည်ဖြစ်ပါကြောင်း၊ ပေါင်နှံခြင်းကို လက်ခံဆောင်ရွက်ပေးမည့်ဘဏ်များ သတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး လျက်ရှိသည်ကို သိရှိရပါကြောင်း၊ တောင်သူလယ်သမားများ လက်ရှိအသုံးပြုနေသော လယ်ယာမြေများအား ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းများ ပြုလုပ်ရာတွင် နိုင်ငံတော်၏အခွန် ဘဏ္ဍာရရှိရေးအတွက် စာချုပ်မှတ်ပုံတင်ခြင်း၊ တံဆိပ်ခေါင်းခွန်ကပ်နှိပ်ခြင်းတို့နှင့်စပ်လျဉ်းပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ ဇယား (၂) အရ တိုင်းဒေသကြီး/ပြည်နယ်များမှ လယ်ယာမြေများအတွက် အခွန်နှုန်းထား သတ်မှတ်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ ရောင်းချ၊ ပေါင်နှံ၊ လဲလှယ်၊ ငှားရမ်း၊ ပေးကမ်းခြင်းတို့အတွက် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများအားလုံး ပြီးစီးချိန်တွင် ညွှန်ကြားဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း။
မ/ပြေစာထွက် စိုက်ပျိုးနေသော လယ်ယာမြေများသည် စားကျက်မြေ၊ လမ်းကျူးကျော်မြေ စသည့် ကျူးလွန်စိုက်ပျိုးမြေများဖြစ်ပါက လယ်ယာမြေဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (က) အရ လယ်ယာမြေဟူသည့် စကားရပ်နှင့် အကျုံးဝင်ခြင်း မရှိသောကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်လျှောက်ထား၍ မရပါကြောင်း၊ အဆိုပါမြေကို စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန်အလို့ငှာ မြေကို စီမံခန့်ခွဲလျက်ရှိသော သက်ဆိုင်ရာဝန်ကြီးဌာနများက ဌာနမှ မြေအဖြစ်မှ စွန့်လွှတ်ပေးပြီးမှသာ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပုံစံ ၇ ရရှိရေး စိစစ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တောင်သူများ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သည့်မြေများနှင့်စပ်လျဉ်းပြီး လုပ်ကွက်ဧရိယာ၊ နယ်နိမိတ်နှင့် စိုက်ပျိုးလုပ်ကိုင်မှု အခြေအနေ၊ တည်ငြိမ်ခိုင်မာမှုမရှိသော မြေဧရိယာများကို သီးနှံစိုက်ပျိုးထုတ်လုပ်မှုစာရင်းများ ပြုစုနိုင်ရန်နှင့် မြေခွန်စည်းကြပ် ရန်အလို့ငှာ မမြဲဦးပိုင်အဖြစ်သတ်မှတ်၍ စာရင်းပြုစုပြီး စိုက်ပျိုးလုပ်ကိုင်သည့်နှစ်များ၌ မြေခွန်စည်းကြပ်ပါကြောင်း၊ စိုက်ပျိုးလုပ်ကိုင်မှု တည်ငြိမ်လာသည့်အခါတွင် ကွင်းဖွဲ့တိုင်းတာခြင်း၊ ဦးပိုင် လုပ်ကွက်အလိုက် တိုင်းတာပုံထုတ်ပေးခြင်း၊ အမြဲဦးပိုင်အဖြစ် သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပေဒ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ကို ထုတ်ပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
