(င)-ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ (၃၀.၁.၂၀၁၈)

ဒိုက်ဦးမြို့နယ်သည် ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၈၂ ရွာဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ပညာရေး၏ဆောင်ပုဒ်ဖြစ်သော ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နေသည့်အချိန်တွင် ဒိုက်ဦးမြို့နယ်၏ ပညာရေးကဏ္ဍသည် ၂၀၁၇-၁၈ ပညာသင်နှစ်စာရင်းအရ အခြေခံပညာအထက်တန်းကျောင်း ၁၂ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) လေးကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ခြောက်ကျောင်း၊ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) ၅၀ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၈၁ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၀ ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(ခွဲ) ခုနစ်ကျောင်း ရှိပါကြောင်း၊ စုစုပေါင်း တစ်မြို့နယ်လုံးကျောင်းပေါင်း ၁၇၀ ကျောင်းရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် လုံးဝအမှီသဟဲပြုနေပါကြောင်း၊ အ.ထ.က (ခွဲ)ကျိုက်စကောစာသင်ကျောင်းသည် ဒိုက်ဦးမြို့၏တောင်ဘက် ၁၄ မိုင်ခန့်ကွာဝေးပြီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင် ၇၂ မိုင်တွင် ရှိပါကြောင်း၊ ကျိုက်စကော(အရှေ့)ကျေးရွာတွင် အိမ်ခြေ ၁၀၇၇ အိမ်ရှိပြီး လူဦးရေ ၄၈၉၇ ဦးရှိပါကြောင်း၊ ကျိုက်စကော(အနောက်)ကျေးရွာတွင် အိမ်ခြေ ၆၇၀ ရှိပြီး လူဦးရေ ၃၂၈၇ ဦးရှိပါကြောင်း၊ ပညာရေးကို အဓိကအားပေးသော ကျေးရွာများလည်း ဖြစ်သည့်အပြင် အနီးပတ်ဝန်း ကျင်ကျေးရွာခြောက်ရွာမှ ကျောင်းသူကျောင်းသား များလည်း လာရောက်ပညာသင်ကြားနေကြသောနေရာလည်း ဖြစ်ပါကြောင်း၊ အ.ထ.က(ခွဲ) ကျိုက်စကောစာသင်ကျောင်းကို ၂၀၁၇-၁၈ ပညာသင်နှစ်တွင် မူလတန်းအဆင့်သင်ကျောင်းသား၊ ကျောင်းသူပေါင်း ၇၄၁ ဦး၊ အလယ်တန်းအဆင့်သင်ကျောင်းသား၊ကျောင်းသူ ၄၀၂ ဦး၊ အထက်တန်း အဆင့် သင်ကျောင်းသား၊ကျောင်းသူပေါင်း ၂၁၁ ဦး၊ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၃၅၄ ဦး ပညာရည်နို့ချိုတိုက်ကျွေးနေသော ပညာ့ဗိမာန်ကြီးလည်း ဖြစ်ပါကြောင်း၊

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီပြီးဖြစ်သော စာသင်ကျောင်းလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ၊ အသိ ပညာရှင်များ၊ အတတ်ပညာရှင်များဖြင့် လေ့ကျင့်မွေးထုတ်ပေးနေသော အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ကျိုက်စကောစာသင်ကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း အဖြစ် အဆင့် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ယခင်မေးခွန်းများတွင် တင်ပြပြီးသည့်အတိုင်း နိုင်ငံတော်၏ဘဏ္ဍာငွေခွင့်ပြုချက်နှင့်အညီ မိမိတို့ တတ်စွမ်းသရွေ့ ကျောင်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု ပညာသင်နှစ်တွင် ဒိုက်ဦးမြို့နယ်တွင် အဆင့်မြင့်ခဲ့သည့် ကျောင်းများကို တင်ပြရပါက အခြေခံ ပညာမူလတန်းကျောင်း(ခွဲ) ခုနစ်ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်းတစ်ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ခြောက်ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နှစ်ကျောင်း၊ အခြေခံ ပညာအလယ်တန်းကျောင်း ခြောက်ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း သုံးကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၂၅ ကျောင်းကို အဆင့်တိုးမြှင့်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လက်ရှိ အထက်တန်းအဆင့်သင် ကျောင်းသား၊ကျောင်းသူ ၂၁၁ ဦးရှိလာပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ပင်မကျောင်းဖြစ်သော ကျိုက်စကော အခြေခံပညာအထက်တန်းကျောင်းနှင့် ၄ မိုင်မျှသာ ကွာဝေးသော်လည်း ဖြေလျှော့ပြီးဆောင်ရွက်ပေးရန် စီစဉ်ထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို နောင်လာမည့် ပညာသင်နှစ် တွင် ကျောင်းအဆင့်တိုးမြှင့်ခြင်း ဆောင်ရွက်ပေးပါမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။