(ဃ)-ဆားလင်းကြီးမြို့နယ်ရှိ သမ္မတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ်၊ သနပ်မျှောင်ရွာ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)အား အခြေခံ ပညာအလယ်တန်းကျောင်းအဖြစ်သို့ လည်းကောင်း အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ (၃၀.၁.၂၀၁၈)

ဆားလင်းကြီးမြို့နယ်ရှိ သမ္မတောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံ ပညာအထက်တန်းကျောင်းအဖြစ်သို့လည်းကောင်း၊ သနပ်မျှောင်ကျေးရွာအခြေခံ ပညာအလယ်တန်း ကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ်သို့လည်းကောင်း အသီးအသီးအဆင့် တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းမေးမြန်းပါသည်။

သမ္မတော ကျေးရွာ အထက်တန်းကျောင်းကို ၂၀၀၇ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ၄၁၇ ဦးရှိသည့်အနက် အထက်တန်းကျောင်းသား ၁၄၅ ဦးမှ သမ္မတော ကျေးရွာအပါအဝင် ရွာသစ်ကုန်း၊ သနပ်မျှောင်၊ အောင်ချမ်းသာ၊ ရွှေသမင်၊ ပန်းထူးနှင့်ကျွဲခိုတောကျေးရွာများမှ အထက်တန်း ကျောင်းသား များ ဖြစ်ကြပါကြောင်း၊ သမ္မတောကျေးရွာတွင် အိမ်ခြေ ၃၈၀ ၊ လူဦးရေ ၁၉၉၁ ဦးရှိပြီး အနီးဆုံး အဆင့်မြင့် ကျောင်း နှင့် ခြောက်မိုင်ကွာဝေးပါကြောင်း၊ သနပ်မျှောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ကို ၁၇-၇-၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး  ကျောင်းသားဦးရေ ၂၄၅ ဦး ပညာသင်ကြားလျက်ရှိပါ ကြောင်း၊ သနပ်မျှောင်ကျေးရွာတွင် အိမ်ခြေ ၃၇၀၊ လူဦးရေ ၂၅၀၀  သနပ်မျှောင်ကျေးရွာမှ အထက်တန်း ကျောင်းသား ၂၀ ဦးသည် အထက်တန်းကျောင်း(ခွဲ)ရှိသော သမ္မတောကျောင်းသို့ သွားရပါကြောင်း၊ ထို့ကြောင့် ဆားလင်းကြီးမြို့နယ်ရှိ သမ္မတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံ ပညာအထက်တန်း ကျောင်းအဖြစ်သို့လည်းကောင်း၊ သနပ်မျှောင်ကျေးရွာ အခြေခံပညာ အလယ် တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ်သို့လည်းကောင်း အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆားလင်းကြီးမြို့နယ်အတွက် ယခုပညာသင်နှစ်တွင် မူလတန်းကျောင်း(ခွဲ)တစ်ကျောင်း၊ မူလတန်းလွန် ကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်းတစ်ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) တစ်ကျောင်း စုစုပေါင်းအခြေခံပညာကျောင်းပေါင်း လေးကျောင်း အဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ အခြေခံပညာကျောင်း များ ကို အဆင့်တိုးမြှင့်ပေးရာတွင် သတ်မှတ်ကျောင်းသားဦးရေပြည့်မီခြင်းရှိ/မရှိ၊ မူလကျောင်းနှင့် ခရီးအကွာအဝေး စသည်ဖြင့် သတ်မှတ်ချက်များ ထားရှိပါကြောင်း၊ ဆားလင်းကြီးမြို့နယ်၊ သနပ်မျှောင် ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် အလယ်တန်းအဆင့်သင် ကျောင်းသား/ကျောင်းသူ ၁၂၆ ဦး ရှိပါကြောင်း၊ ပင်မကျောင်းဖြစ်သည့် သမ္မတောအခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ခြောက်မိုင်ခန့်ကွာဝေးသည်ကို တွေ့ရှိရသည့်အတွက် ယခုလာမည့် ပညာသင်နှစ်တွင် ကျောင်းအဆင့် တိုးမြှင့်ရန် ထည့်သွင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ သမ္မတောကျေးရွာအခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)ကို စိစစ်သည့် အခါတွင် အထက်တန်းအဆင့်သင် ကျောင်းသား/ကျောင်းသူ အားလုံးစုစုပေါင်း ၆၂ ဦးရှိသည့် အတွက် ဦးစားပေးအဆင့်တွင်ပါဝင်ခြင်းမရှိပါကြောင်း ဖြင့်ပြန်လည်ဖြေကြားခဲ့ပါသည်။