ပေါက်မြို့နယ်သည် ရပ်ကွက်ကျေးရွာအုပ်စု ၇၁ အုပ်စုဖြင့် ဖွဲ့စည်းထားပြီး ကျေးရွာပေါင်း ၂၃၅ ရွာ ရှိပါ ကြောင်း၊ တရားဝင်ကျေးရွာအမည်ပေါက်ရန် ကြိုးစားနေသည့် ၂၂ ရွာရှိပါကြောင်း၊ အခြေခံပညာကျောင်း များ အနေဖြင့် စုစုပေါင်း ၂၃၇ ကျောင်းရှိပြီး စာရင်း၊ ဇယားများကို လေ့လာကြည့်သည့်အခါ ရာနှုန်းပြည့် ဝန်ထမ်းခန့်ထားနိုင်သည့် ကျေးရွာများရှိသလို ရာနှုန်းပြည့် လိုအပ်နေသည့် ကျောင်းများလည်း ရှိပါ ကြောင်း၊ ၃၃ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအတွင်း ခန့်ထားနိုင်သည့် ကျေးရွာမျာလည်းရှိပါကြောင်း၊ ကျေးရွာ ပြည်သူများမှ မိမိတို့ကလေးများ၏ ပညာရေးအတွက် ရန်ပုံငွေကောက်ခံပြီး ကျေးရွာနှင့် ကျေးရွာ အနီးနား ပတ်ဝန်းကျင်ရှိ အခြေခံပညာအထက်တန်းအောင်များ၊ ဘွဲ့ရလူငယ်များကို ငှားရမ်းပြီး ဖြေရှင်းနေရ သည့် ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပေါက်မြို့နယ်၏ အခြေခံပညာကျောင်းများ တွင် လစ်လပ်နေ သည့် ဆရာ/ဆရာမ ဝန်ထမ်းများနှင့် စီမံရေးရာဝန်ထမ်းများကို ခန့်ထားပေးရန် အစီအစဉ်ရှိ /မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ခန့်ထားပေး၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ဖြစ်သည်ကို သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းပေါင်း ၁၀ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပေါင်း ၁၁ ကျောင်း၊ အခြေခံပညာ အလယ် တန်းကျောင်းပေါင်း ၂၁ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)ပေါင်း ၅၁ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၄၆ ကျောင်း၊ အခြေခံပညာ မူလန်းကျောင်း ၆၆ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ၃၂ ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း ၂၃၇ ကျောင်း ရှိပါကြောင်း၊ ပေါက်မြို့နယ်တွင် အထက်အဆင့် ကျောင်းသားကျောင်းသူ ၄၅၀၄ ဦး၊ အထက်တန်းပြဆရာ ၁၅၄ ဦး ရှိသည့် အတွက် အထက်အဆင့် သင်ဆရာနှင့် ကျောင်းသားအချိုးမှာ ၁း၂၈ ဖြစ်ပါကြောင်း၊ အလယ်အဆင့်သင်ကျောင်းသူကျောင်းသား စုစုပေါင်း ၁၄၂၀၉ ဦးရှိပြီး အလယ်တန်းပြဆရာ ၅၅၉ ဦး ခန့်ထားပြီးဖြစ်သည့်အတွက် အလယ်အဆင့် သင်ဆရာနှင့် ကျောင်းသူကျောင်းသားအချိုးမှာ ၁း၂၅ ဖြစ်ပါကြောင်း၊ မူလတန်းအဆင့်သင် ကျောင်းသူ ကျောင်းသားပေါင်း ၁၉၆၃၁ ဦး ရှိပြီး မူလတန်းပြဆရာ ၁၀၂၁ ဦးဖြည့်ဆည်းပေးထားသည့်အတွက် မူအဆင့်သင် ဆရာနှင့်ကျောင်းသား အချိုးမှာ ၁း၁၉ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် ၃-၈-၂၀၁၇ ရက်နေ့တွင် ရာထူးတိုး/ပြောင်းများ ဆောင်ရွက်ပေးသည့်အချိန် မကွေးတိုင်းဒေသကြီး၊ ပေါက် မြို့နယ်အတွက် အထက်တန်းကျောင်းအုပ် ၉ ဦး၊ အလယ် တန်းကျောင်းအုပ် ၆ ဦး၊ အထက်တန်းပြ ဆရာ/ဆရာမ ၁၇ ဦး၊ အထက်တန်းပြ (ကာယနည်းပြ) ၂ ဦး၊ အလယ်တန်းပြဆရာ/ ဆရာမ ၆၆ ဦး၊ မူလတန်းကျောင်းအုပ် ၃၀ ဦး၊ မူလတန်းပြ ဆရာ/ဆရာမ ၁၈၅ ဦး စုစုပေါင်းမူလတန်းကျောင်းအုပ် ၄၅ ဦးနှင့် ဆရာ/ဆရာမစုစုပေါင်း ၂၇၀ ဦး ခန့်ထားပေးခဲ့ပါကြောင်း၊ ဝန်ထမ်းအသစ်များခန့်အပ်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရေး ခွင့်ပြုချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ နိုင်ငံတော်သမ္မတရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများသို့ တင်ပြခွင့်ပြုချက်/ အတည်ပြုချက်ရရှိမှသာ ခန့်ထားနိုင်ခြင်းဖြစ်ပါကြောင်း၊ တစ်ပြည်လုံးရှိကျောင်းအားလုံးကို တစ်ကျောင်းချင်း လိုအပ်ချက်အရ တွက်ချက်ရာတွင် အထက်တန်းပြ ၁၁၃၅၀ ဦး၊ အလယ်တန်းပြ ၂၂၃၃၁ ဦး၊ စုစုပေါင်း ၃၃၆၈၁ ဦးခန့်ထားရန် လိုအပ်ပါကြောင်း၊ သို့သော် ၎င်းဝန်ထမ်းများခန့်အပ်နိုင်ရန်အတွက် နှစ်အလိုက်လျာထားချက်စီမံချက်ရေးဆွဲပြီး တင်ပြဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ၁၁၂၂၇ ဦး၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ၁၁၂၂၇ ဦး၊ ၂၀၂၀-၂၁ ပညာသင်နှစ်တွင် ၁၁၂၂၇ ဦးခန့်ထားခွင့်ရရှိရန် လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊ လိုအပ်ချက်၏ သုံးပုံတစ်ပုံသာ နှစ်အလိုက် ခန့်ထားနိုင်မည်ဖြစ်သည့်အတွက် ခန့်ထားပြီးပါက ကျောင်းများ၏ လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
