(ခ)-အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် သင်ကြားရေးဝန်ထမ်း ဆရာ၊ ဆရာမများအား စာမေးပွဲကာလတွင် ပင်စင်အတွက် ကြိုတင်ပြင်ဆင်ခွင့်မပြုဘဲ စာမေးပွဲကာလ ပြီးဆုံးမှ ခံစားခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ (၃၀.၁.၂၀၁၈)

အခြေခံပညာသင်ကြားရေးဝန်ထမ်း ဆရာ၊ဆရာမများနှင့်ကျောင်းအုပ်ကြီးများသည် နွေရာသီပိတ်ရက် ရှည်ခံစားခွင့်ရှိသူများဖြစ်၍ လုပ်သက်ခံစားခွင့်မရရှိခဲ့သကဲ့သို့ ပင်စင်မယူမီကြိုတင်ပြင်ဆင်ခွင့် ခံစားခွင့် မရှိခဲ့ကြသူများလည်း ဖြစ်ကြပါကြောင်း၊ ယခုအခါ ဆရာ၊ဆရာမများသည် နွေရာသီပိတ်ရက်တွင် လည်း အဖြေလွှာစိစစ်ခြင်းလုပ်ငန်းများ၊ သင်တန်းကိစ္စရပ်များ၊ ကျောင်းဖွင့်ရန်ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ပုံမှန်နီးပါးရှိကြသည့်အပြင် နိုင်ငံတော်၏အရေးကြီးကိစ္စရပ်များ စီမံကိန်း၊ စီမံချက် လုပ်ငန်းများကိုလည်း တာဝန်ထမ်းဆောင်နေရသူများ ဖြစ်ကြပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အခန်း(၈) အပိုဒ် ၈၁ အရ သက်ပြည့်ပင်စင်မယူမီ ကြိုတင်ပြင်ဆင်ခွင့် လေးလကို အခြားဝန်ထမ်းများ နည်းတူ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများအား ခံစားခွင့်ပြုကြောင်း ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၁၈/၂၀၁၇)အရ ဆုံးဖြတ်ပေးခဲ့ပြီး အခြေခံပညာဦးစီးဌာန၏ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ရက်စွဲပါစာအမှတ်၊ ဌာနခွဲ(၁-ဃ)/၁၈၉၈၃/စီမံ(ပင်စင်)-၁၇ ဖြင့် ခွင့်ပြုခဲ့ပြီးဖြစ်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အခြားဝန်ထမ်းများနည်းတူ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ ခံစားခွင့်ရရှိ၍ ဝမ်းသာရမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် ကြိုတင်ပြင်ဆင်ခွင့်ပြုသည့် ဆရာ၊ဆရာမများ နေရာတွင် ချက်ချင်းအစားခန့်ထားနိုင်ခြင်းမရှိပါက သင်ကြားရေးအခက်အခဲရှိမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဒီဇင်ဘာလ၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ကြိုတင်ပြင်ဆင် ခွင့်ပေးရသည့် ဆရာဆရာမများနေရာတွင် ချက်ချင်းအစားထိုးခန့်ထားနိုင်ခြင်းမရှိပါက ဘာသာပြ ဆရာအလုံအလောက်ခန့်ထားနိုင်ခြင်းမရှိသော အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၊ အခြေခံ ပညာအထက်တန်းကျောင်းများရှိ အစိုးရစစ်စာမေးပွဲများကို ဖြေဆိုကြရမည့် ကျောင်းသူ၊ကျောင်းသား များအတွက် များစွာအခက်အခဲကြုံတွေ့ကြရမည် ဖြစ်ပါကြောင်း၊ ဤကာလတွင် ချက်ချင်း လူစားခန့် ထားနိုင်ရန်မှာလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ပေးပို့နိုင်မည်မဟုတ်ပါကြောင်း၊ ဤသို့သော အခက်အခဲများကြောင့် ဒီဇင်ဘာလ၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ကြိုတင် ပြင်ဆင်ခွင့်ပေးရသည့် ဆရာ၊ဆရာမများအား ကျောင်းသား၊ကျောင်းသူများ၏ ပညာသင်ကြားရေး အရှိန်အဟုန်မပြတ်စေရေးနှင့် အခက်အခဲမဖြစ်စေရေး၊ ဆရာဆရာမများ၏စာမေးပွဲလုပ်ငန်းများကို ပြီးပြတ်ရန်ဆောင် ရွက်နိုင်စေရေးတို့အတွက် တောင်းခံလာသောကြိုတင်ပြင်ဆင်ခွင့်ကို ဌာနလိုအပ် ချက်အရ ငြင်းပယ်၍ ငြင်းပယ်ခံရသည့်ကာလကို ဝန်ထမ်းမနစ်နာစေရန် Default Leave ပေးနိုင်ပါက ဆရာနှင့် ကျောင်းသားနှစ်ဦးစလုံးအတွက် အဆင်ပြေမည်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ စာမေးပွဲကာလနှင့်နီးကပ်သော ဒီဇင်ဘာလ၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ကြိုတင်ပြင်ဆင်ခွင့်ပေးရမည့် အခြေခံပညာအထက်တန်းကျောင်းအုပ်များနှင့် ဆရာ၊ဆရာမများအား ကျောင်းသား၊ကျောင်းသူများအတွက် ပညာသင်ကြားရေးအဆင်ပြေစေရန် တောင်းခံလာသော ဆရာ၊ ဆရာမများ၏ကြိုတင်ပြင်ဆင်ခွင့်ကို ဌာနလိုအပ်ချက်အရ ငြင်းပယ်၍ ငြင်းပယ်ခံရသည့်ကာလကို ဝန်ထမ်းမနစ်နာစေရန် Default Leave ပေးနိုင်မည့်အစီအစဉ်တစ်ရပ် ဆောင်ရွက်ပေးနိုင်ရန်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဦးဝင်းမော်ထွန်း ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ သင်ကြားရေးဝန်ထမ်းဆရာဆရာမများနှင့် အခြေခံ ပညာကျောင်းအုပ်ကြီးများ၊ အခြားအမှုထမ်းများသည် နွေရာသီအားလပ်ရက်ရှည် ခံစားခဲ့ကြသည့် အတွက် ယခင်က အသက် ၆၀ ပြည့်သည့်နှစ်မှသာ သက်ပြည့်ပင်စင်ခံစားခွင့်ပြုခဲ့သော်လည်း ၂၀-၉-၂၀၁၇ ရက်နေ့တွင် ကျင်းပသော ပညာရေးဝန်ကြီး ဌာန၏စီမံခန့်ခွဲ မှုကော်မတီအစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၇)၏ သဘောတူညီချက်အရ အခြေခံပညာဦးစီးဌာနမှ ၂-၁၀-၂၀၁၇ ရက်စွဲပါဌာနခွဲ(၁-က)/ ၁၈၉၈၃/စီမံ(ပင်စင်)-၁၇ဖြင့် သက်ပြည့်ပင်စင် မယူမီ ကြိုတင်ပြင်ဆင်ခွင့်လေးလအား ပျမ်းမျှလစာပြည့် ဖြင့် ခံစားခွင့်ပြုပါကြောင်း၊

ထိုကဲ့သို့ သင်ကြားရေးဝန်ထမ်းဆရာဆရာမများ၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ အခြား အမှုထမ်းဝန်ထမ်းများအား သက်ပြည့်ပင်စင်မယူမီ ကြိုတင်ပြင်ဆင် ခွင့်ပြုရခြင်း၏ အကြောင်းအရင်း များမှာ အောက်ပါအချက်များကြောင့်ဖြစ်ပါကြောင်း၊ (က)နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း(၈)၊ ပုဒ်မ ၈၁ အရ ဝန်ထမ်းအားသက်ပြည့်ပင်စင်မယူမီ ကြိုတင်ပြင်ဆင်ခွင့် လေးလပေးရမည်ဟု ပြဋ္ဌာန်းထားခြင်း၊ (ခ) အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပင်စင်ဦးစီးဌာနတို့နှင့် ညှိနှိုင်းတင်ပြခဲ့ရာ အဆိုပါဌာနများမှလည်း နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရသာ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊

သို့ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် အခြေခံပညာကျောင်းအုပ်ကြီးများ၊ သင်ကြားရေးဝန်ထမ်း ဆရာ၊ဆရာမများသည် အခြားဝန်ထမ်းများနည်းတူ စာမေးပွဲကာလတွင် သက်ပြည့်ပင်စင်အတွက် ကြိုတင်ပြင်ဆင်ခွင့်ကာလ လေးလခွင့်ပြုခြင်းသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေနှင့်အညီ ဆောင်ရွက် ခြင်းသာ ဖြစ်ပါသဖြင့် ကိုယ်စားလှယ်တော်ကြီးတင်ပြသကဲ့သို့ စာမေးပွဲကာလပြီးဆုံးမှ ခံစားခွင့်ပြုရန် စီစဉ်ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။