စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်သည် ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများအရ ဧရိယာအားဖြင့် ၁၄၄၄.၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မူးမြစ်ကမ်းဘေးတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မြို့ပေါ်ရပ်ကွက် ငါး ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၆၂ အုပ်စု တည်ရှိပါကြောင်း၊ လူဦးရေစုစုပေါင်း တစ်သိန်းကျော် ရှိပြီး အိမ်ထောင်စုပေါင်း ၂၆၃၇၃ အိမ်ထောင်စုရှိပါကြောင်း၊ ရေဦးမြို့နယ်သည် ရန်ကုန်၊ မန္တလေး နှင့် အခြားမြို့ကြီးများကို ကားလမ်းသာ အဓိကအသုံးပြု သွားလာကြပါကြောင်း၊ အဝေးပြေးကား အသင်းပေါင်း ၂၃ သင်းပြေးဆွဲလျက် ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကို အများဆုံးလုပ်ကိုင်ပြီး စိုက်ပျိုးရေးထွက်ကုန် ဆန်၊ စပါးနှင့် စိုက်ပျိုးရေးထွက်ကုန်များ ရောင်းဝယ်ခြင်း၊ တင်ပို့ခြင်းလုပ်ငန်း များကို လုပ်ကိုင်ကြပါကြောင်း၊ အနီးပတ်ဝန်းကျင်မြို့နယ်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုအားကောင်း သော မြို့တစ်မြို့ဖြစ်ပါကြောင်း၊
ကျန်းမာရေးအနေဖြင့် ကုတင် ၁၀၀ ဆံံ့ဆေးရုံတစ်ရုံတည်ရှိပြီး ပုဂ္ဂလိကဆေးရုံများလည်း ထားရှိ ခြင်းကြောင့် အနီးပတ်ဝန်းကျင်မြို့များမှ ကျန်းမာရေးကိုအားကိုးအားထားပြုကာ ဆေးကုသမှု ခံယူကြရပါကြောင်း၊ ၁၆ ကုတင်ဆံ့တိုင်းရင်းဆေးရုံကိုလည်း ဖွင့်လှစ်ရန်ဆောက်လုပ်ပြီး ဖြစ်ပါကြောင်း၊ ပညာရေးအနေအားဖြင့် မြို့ပေါ်တွင် အ.ထ.က နှစ်ကျောင်းတည်ရှိပြီး ကိုယ်ပိုင် အထက်တန်းအဆင့်သင်ကျောင်း ၁၇ ကျောင်းနှင့် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း ၄၆ ကျောင်း တည်ရှိပါကြောင်း၊ ရေဦးမြို့နယ်အတွင်း ကျောင်းသားကျောင်းသူဦးရေ ၂၅၀၀၀ ကျော် ပညာ သင်ကြားလျက်ရှိနေပြီး ရေဦးမြို့တွင် ပညာရေးဝန်ဆောင်မှုလုပ်ငန်းအရေအတွက် အလွန်များပြား ပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီးသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်ချက်ရာခိုင်နှုန်းအားဖြင့် နှစ်စဉ်လိုလို ပထမရရှိခဲ့ပြီး ရေဦးမြို့တွင်လာရောက်ပညာသင်ကြားနေသော အနယ်နယ် အရပ်ရပ် မှ ကျောင်းသားကျောင်းသူအရေအတွက်လည်း ပိုမိုများပြားလာပါကြောင်း၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ စိုက်ပျိုးရေးလုပ်ငန်းများနှင့်အတူ အခြားစီးပွားရေးလုပ်ငန်းများ တိုးတက်လာခြင်း ကြောင့် မြို့ပြဖွံ့ဖြိုးမှုပိုမိုအားကောင်းလာရပါကြောင်း၊ မြို့ပြဖွံ့ဖြိုးလာသည်နှင့်အမျှ ကျေးလက်မှ ပြည်သူများ မြို့ပေါ်တွင်အခြေချနေထိုင်လာခြင်း၊ လူနေအိမ်ခြေများ တိုးချဲ့ဆောက်လုပ်လာခြင်း၊ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လုပ်ကိုင်လာခြင်းတို့ကြောင့် မြေနေရာအလွတ်များကို ဖြစ်သလို တိုးချဲ့နေထိုင်လုပ်ကိုင် လာကြပါကြောင်း၊ မြို့ပေါ်လမ်းများနှင့် ယာဉ်သွားယာဉ်လာများမှာလည်း ပိုပိုကြပ်တည်းလာသည်ကို တွေ့ရှိရပါကြောင်း၊
ရေဦးမြို့ပေါ်ငါးရပ်ကွက်တွင် တိုးချဲ့ရန်မြေနေရာ သတ်သတ်မှတ်မှတ်မရှိသော်လည်း မြို့နှင့် ဆက်စပ်လျက်ရှိသော လယ်မြေများကိုပါ တိုးချဲ့ဆောက်လုပ်လာကြသည်ကို တွေ့ရှိရပါကြောင်း၊ မြေနေရာ ဦးမှုများလည်း တည်ရှိလာပါကြောင်း၊ လုပ်ငန်းများ လိုအပ်ချက်အရ တိုးချဲ့လုပ်ကိုင် လာကြသော်လည်း စနစ်တကျတည်ဆောက်နိုင်ခြင်းမရှိဘဲ မြို့ပတ်ဝန်းကျင်ရှိ လယ်မြေကွက် များကို ဖြစ်သလိုချဲ့ထွင်တည်ဆောက်လုပ်ကိုင်လာကြခြင်း ဖြစ်ပါကြောင်း၊ ပြုပြင်၍မရနိုင်သော အလွဲအမှားများမဖြစ်စေရန်၊ စနစ်တကျရေရှည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကောင်းမွန်သောမြို့ပြ လူနေမှုပုံစံများ ဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် မြို့ပြလူနေမှု စနစ် တကျရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူနေထိုင်မှုပုံစံများအဆင့်မြင့်မားစေရန်နှင့် အခြေခံ အဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေဦးမြို့ပြစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်တွင် ဖော်ဆောင်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြစီမံကိန်းများကို ရေးဆွဲ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမူဘောင်ဖြစ်သော ဒေသအနှံ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများကို အခြေခံ၍ လူဦးရေတစ်သိန်းအထက်ရှိ မြို့ကြီးများ၊ လူဦးရေငါးသောင်းအထက်ရှိမြို့ကြီးများ၊ လူမှုစီးပွားရေးအရ ဖွံ့ဖြိုးမှုအလားအလာ အများဆုံးရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမြို့တော်များ၊ စီးပွားရေးစြင်္ကံ တစ်လျှောက်ရှိ မြို့ကြီးများ၊ မြို့ငယ်များ၊ ဆက်သွယ်ရေးအရ အရေးပါသောလမ်းဆုံမြို့များ၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းရှိသည့် မြို့ပြဒေသများအား ဦးစား ပေးပြီး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း သဘောထားပုံစံ(Town Development Conceptual Plan) များကို ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း၊
ထိုသို့ မြို့ပြစီမံကိန်းများ၊ ကျေးရွာစီမံကိန်းများရေးဆွဲရာတွင် လူဦးရေ၊ တည်နေရာ အကျယ် အဝန်း၊ မြေမျက်နှာသွင်ပြင်နှင့် ပထဝီဝင်အနေအထား၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံများ၊ အလုပ်အကိုင်အခွင့်အလမ်း၊ လက်ရှိအိမ်ရာအဆောက်အအုံများ၏ အခြေ အနေ၊ သဘာဝအရင်းအမြစ်များနှင့် ထူးခြားသည့်ဝိသေသလက္ခဏာများ ဥပမာ-သမိုင်းဝင်မြို့၊ ခရီးသွားလုပ်ငန်းအထူးပြုမြို့၊ အုပ်ချုပ်မှုမြို့၊ နယ်စပ်ကုန်သွယ်ရေးမြို့စသည့်အချက်များကို အဓိက ထည့်သွင်းစဉ်းစား ဆောင်ရွက်ပါကြောင်း၊
ထို့အပြင် မြို့ပြစီမံကိန်းရေးဆွဲမည့်ဒေသ၏ လက်ရှိဖွံ့ဖြိုးမှုအခြေအနေနှင့် အရင်းအမြစ်များ၊ ဗဟိုနှင့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏မူဝါဒနှင့် အကောင်အထည်ဖော်မည့် အဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများ၏ လက်ခံနိုင်မှုအခြေအနေများအပေါ်မူတည်၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ကိုက်ညီမှုရှိစေရန် ရေးဆွဲရမည် ဖြစ်သည့်အတွက် စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းအဆင့်ဆင့်တွင် ဒေသခံပြည်သူလူထု၏ ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းသည် အလွန်အရေးကြီးပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့၊ တမူးမြို့၊ ကလေးမြို့၊ လဟယ်မြို့များအား မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း၊ ကလေးမြို့နယ်၊ တမူးမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ကလေးဝမြို့နယ်အတွင်းရှိ ကျေးရွာများပြန်လည်ထူထောင် နေရာချထားရေးစီမံကိန်း ရေးဆွဲခြင်း၊ ရွှေဘိုခရိုင် ကျောက်မြောင်းစီးပွားရေးဇုန်စီမံကိန်း ရေးဆွဲခြင်း၊ မုံရွာမြို့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းပြန်လည်ဆန်းစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း မူလလျာထားချက်မြို့များဖြစ်သည့် ဟုမ္မလင်း၊ ဒီပဲယင်း၊ ဘုတလင်မြို့များ၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ရေးဆွဲရန်ကျန်ရှိခဲ့သည့် ကသာမြို့နှင့် ကောလင်းမြို့တို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် စီမံလျာထား ပါကြောင်း၊
မိမိအနေဖြင့် မြို့ပြစီမံကိန်းရေးဆွဲခြင်းကိစ္စနှင့် ပတ်သက်ပြီး အနည်းငယ်အကျဉ်းချုပ် ရှင်းပြ လိုပါကြောင်း၊ မြို့ပြစီမံကိန်းရေးဆွဲရာတွင် သက်ဆိုင်ရာမြို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဦးစွာတွေ့ဆုံပြီး ၎င်းတို့၏ မြို့ပြဖွံ့ဖြိုးမှုအပေါ်ထားရှိ သည့် အတွေးအမြင်လိုလားချက်များနှင့် အကြံပြုချက်များကို အခြေခံပြီး မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း သဘောထားပုံစံ(မူကြမ်း) ကိုရေးဆွဲရခြင်း ဖြစ်ပါကြောင်း၊ ရေးဆွဲပြီးသော (မူကြမ်း) ကို တိုင်း ဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များထံတင်ပြပြီး လမ်းညွှန်မှုခံယူရပါကြောင်း၊ ဝန်ကြီးချုပ်များ၏ လမ်းညွှန်ချက်များနှင့်အညီ မြို့ပြစီမံကိန်းသဘောထားပုံစံကို အပြီးသတ်ရေးဆွဲပြီး တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်မှ အတည်ပြုချက် ရရှိပြီးသည့်အခါ မြို့နေပြည်သူများကို အသိပေးချပြရမည်ဖြစ်ပါကြောင်း၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်သည့်အခါ လွှတ်တော်ကအတည်ပြုထားသည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း သဘောထားပုံစံအတိုင်းသာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ဝိသမလောဘစီးပွားရေး သမားများမှ မြို့နှင့်နီးကပ်သော လယ်ယာမြေများကိုဝယ်ယူပြီး Land Speculation များပြုလုပ် သည်ကို ကာကွယ်နိုင်မည် ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များမှ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲရေးလုပ်ငန်းများတွင် အတူပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါဟု တိုက်တွန်းအပ်ပါကြောင်း၊
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ငါးနှစ်စီမံကိန်းတွင် ရေဦးမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို လျာထားပြီးဖြစ်ပါကြောင်း၊ ရေဦးမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းရေးဆွဲခြင်းလုပ်ငန်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
