(ဃ)-မင်းတုန်း- ဘူးဆောင်း-ပုသိမ်- မုံရွာလမ်းအား ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းအကျယ်ချဲ့ ပေးခြင်းတို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၉.၁.၂၀၁၈)

ပုသိမ်-မုံရွာလမ်းမကြီးသည် ဘူးတောင်းကျေးရွာလမ်းခွဲမှ မင်းတုန်းမြို့အတွင်းသို့ ဝင်ရောက်သော လမ်းမှ အရှည် ၃ မိုင် ၄ ဖာလုံရှိပြီး လမ်းအကျယ် ၁၂ ပေကျယ်ဝန်းပါကြောင်း၊ ၎င်းလမ်းကို ၂၀၁၂-၁၃ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး ကတ္တရာခင်းခြင်း လုပ်ငန်းကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးမှစီမံဆောင်ရွက်ခဲ့သည့် ကျေးလက်လမ်းဖြစ်ပြီး ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးပြီး ဖြစ်သည့် အတွက် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည့်အထဲတွင် ပါဝင်နေပြီ Class(A)၊ ဦးစားပေး(၁)ဖြင့် ထည့်သွင်းထားပါကြောင်း၊ ၎င်းလမ်း‌ပေါ်သို့ နှစ်စဉ်မိုးရေလျှံခြင်းကြောင့် လမ်းပေါက် ပြဲ ပျက်စီးခြင်း၊ လမ်းပုခုံးသားများမရှိခြင်း၊ လမ်းတွင်လှိုင်းများ ဖြစ်ပေါ်နေခြင်းကြောင့် ဆိုင်ကယ်များ၊ ကားများတိမ်းရှောင်ရန် ခက်ခဲနေပါကြောင်း၊ စတင်ဆောင်ရွက်သည့်နှစ်မှယနေ့အချိန်ထိ ငါးနှစ်ကျော် ကြာခဲ့သော်လည်း ပြုပြင်ထိန်းသိမ်းခြင်း မရှိသည့်အတွက် အခြေအနေဆိုးရွာနေပါကြောင်း၊ ထို့ကြောင့် ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းအကျယ်ချဲ့ခြင်းဖြစ်သော လမ်းအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးရန် လိုအပ်နေသည့်အတွက် မင်းတုန်း-ဘူးတောင်း- ပုသိမ်-မုံရွာလမ်းအား ထပ်ပိုးလွှာခင်းခြင်း နှင့် လမ်း အကျယ်ချဲ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ သိလိုပါကြောင်း မေးမြန်း ပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အတွင်းရှိ မင်းတုန်း-ဘူးတောင်း-ပုသိမ်-မုံရွာ ဆက်သွယ်သောလမ်းသည် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် တွင် ယခင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် ကတ္တရာလမ်း ၃ မိုင် ၄ ဖာလုံ ခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၂-၆-၂၀၁၇ ရက်နေ့မှ ၁၅-၆-၂၀၁၇ ရက်နေ့အထိ ရွာသွန်းသောမိုးဒဏ်ကြောင့် ကတ္တရာလမ်းပေါ် ရေလွှမ်း၍ လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်အထိ လမ်းပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ အဆိုပါ မင်းတုန်း-ဘူးတောင်း-ပုသိမ်-မုံရွာဆက်သွယ်သောလမ်းသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class(A) တွင် ပါဝင်သည့်လမ်းဖြစ်ပြီး ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် လမ်းအကျယ် ချဲ့ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ထည့်သွင်းလျာထား ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး နှစ်အလိုက် အဆင့်မြှင့်တင် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။