ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့မှ တောင်ကြီးမြို့သို့သွားသည့် မော်တော်ကားလမ်း အပိုင်းဖြစ်သည့် လွိုင်လင်မြို့နှင့်မိုင်းပွန် ဒေသအပိုင်းတွင်ရှိသည့် ခေါက်နွဲ့တောင်အတက် အဆင်းလမ်းသည် အကွေ့အကောက် အန္တရာယ်ကွေ့များခြင်း၊ မိုးဥတုရာသီကာလများတွင် မိုးရွာသွန်းမှုများပြီး သဘာဝဘေးအန္တရာယ်များကြောင့် မော်တော်ကားလမ်း အောက်ခံမြေများ ပြိုကျခြင်း၊ ကတ္တရာလမ်းသားများ အက်ကြောင်းရာများ ဖြစ်ပေါ်ပြီး ကတ္တရာလမ်းသားများပဲ့ကျ၊ ပြိုကျခြင်း၊ ခေါက်နွဲ့တောင်အမြင့်ပိုင်းမှ မြေသားများ၊ ကျောက်စိုင်ကျောက်တုံးကြီးများ ကတ္တရာလမ်းပေါ် ပြိုကျပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရဘဲလမ်းကြောင်း ပိတ်ဆို့မှုများဖြင့် ခရီးလမ်းအခြေအနေ ကြန့်ကြာခြင်းများ ဖြစ်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာလမ်းဦးစီး ဌာနမှလည်း လမ်းပိတ်ဆို့မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေါက်နွဲ့တောင်အတက်အဆင်း ကတ္တရာလမ်းပိုင်းအား လမ်းအူကြောင်းအသစ်ရှာဖွေခြင်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်စတင်ပြီး အချိန်ကာလတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကွင်းဆင်းလေ့လာမှုများ ပြုခဲ့ပါကြောင်း၊ လွိုင်လင်မြို့မှ တောင်ကြီးမြို့သို့ ဆက်သွယ်သွားသည့် မော်တော်ယာဉ် လမ်းအပိုင်းအား B.O.T စနစ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအချိန်အခါ မော်တော်ယာဉ်ကြီး/ငယ်များ သွားလာအသုံးပြုမှု မြင့်မားများပြားလျက်ရှိပြီး မော်တော်ယာဉ်ကြီးများ ဖြစ်သည့် ၂၂ ဘီးယာဉ်များ အထူးအသုံးပြုမှု များပြားသည့်အတွက်ကြောင့် ယာဉ်ကြောပိတ်ဆို့မှု၊ မတော်တဆဖြစ်မှုများလည်း ရှိကြောင်းပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့မှ တောင်ကြီးမြို့သို့သွားသည့် ပြည်ထောင်စုကားလမ်းပိုင်း B.O.T စနစ်ဖြင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ခေါက်နွဲ့တောင်အတက်အဆင်း ကားလမ်းပိုင်း ပြုပြင်တည်ဆောက်မှု လမ်းအူကြောင်းအသစ်ရှာဖွေ တည်ဆောက်ခြင်းအစီအစဉ်များရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းပေါ်ရှိ တောင်ကြီး-လွိုင်လင်အပိုင်း ၆၀ မိုင်ကို နေမင်းရောင် ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမှဟိုပုန်းအထိ တောင်ကြီးမြို့တွင်းနှင့် ဟိုပုန်းမြို့အတွင်း AC ခင်းခြင်း၊ ဟိုပုန်းမှ ထန်ဆန်းအထိ ၂၄ ပေအကျယ်ကတ္တရာ လမ်းချဲ့ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် ဇွန်လတွင်ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် Road Signs, Caution Signs, Warning Signs တပ်ဆင်ရန် ကုမ္ပဏီအားညွှန်ကြားထား ပြီးဖြစ်၍ အဆိုပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်ကြီးမြို့မှ လွိုင်လင်မြို့သို့သွားသည့် လမ်းအပိုင်းရှိ ခေါက်နွဲ့တောင်အတက် အဆင်းလမ်းပိုင်းသည် ၁၉ ကီလိုမီတာရှိသည်ကို နေမင်းရောင်ကုမ္ပဏီမှ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ၅.၅ မီတာအကျယ် ကတ္တရာလမ်းချဲ့ခြင်း ၁၉ ကီလိုမီတာ၊ ၁၀.၃၆ မီတာအကျယ် မြေသားတာပေါင်ချဲ့ခြင်း ၁.၈၁ ကီလိုမီတာ၊ ကွန်ကရစ်အကာအကွယ်တိုင် ၆၈၀ တိုင် စိုက်ထူခြင်း၊ Aluminum Guard Rail ၁၂၁၉ မီတာတပ်ဆင်ခြင်း၊ လမ်းအန္တရာယ်သတိပေး လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ခြင်း၊ မြေကာနံရံ တည်ဆောက်ခြင်း စသည့်လုပ်ငန်းများအား နှစ်အလိုက်ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ မိုးတွင်းကာလ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားလျှင် အမြန်ဆုံးဖယ်ရှားနိုင်ရန်အတွက် စက်/ယာဉ် ယန္တရားများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် စီမံထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါခေါက်နွဲ့ တောင်ကြောအတက်အဆင်း လမ်းအပိုင်းရှိ ကျောက်တောင်လမ်းကျဉ်း နေရာများချဲ့ခြင်း ၇.၃၁ မီတာ အကျယ်နှင့် ကတ္တရာလမ်းချဲ့ခြင်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
အထက်ပါလမ်းအပိုင်းရှိ ဝ တစ်လုံးတောင် ဥမင်လှိုဏ်ခေါင်းနှင့် ပတ်သက်၍ တောင်ကြီးနှင့် လွိုင်လင်မြို့ကြားတွင် ခေါက်နွဲ့တောင်အမှတ် (၁)၊ ခေါက်နွဲ့တောင် အမှတ်(၂)၊ ဝ တစ်လုံးတောင်စသည့် တောင်သုံးလုံးကို ကျော်ဖြတ်၍ လွိုင်လင်သို့ဆင်းမည့် မော်တော်ကားလမ်းသည် အကွေ့အကောက်များခြင်း၊ ခေါက်နွဲ့တောင်ထိပ်သို့ တက်ရာတွင် မြင့်မားမတ်စောက်ခြင်း၊ တောင်သုံးလုံးကို ပတ်ကွေ့တက်ရခြင်းတို့ကြောင့် အချိန်ကြာမြင့်ခြင်းနှင့် ယာဉ်အန္တရာယ်များကိုလည်း မကြာခဏကြုံတွေ့ရပါကြောင်း၊ အဆိုပါတောင်သုံးလုံးကို ကျော်ဖြတ်သည့် မော်တော်ကားလမ်းအစား တောင်သုံးလုံးကိုဖြတ်ပြီး ဥမင်လှိုဏ်ခေါင်းတစ်ခု ဖောက်လုပ်ရန် လမ်းအူကြောင်းအသစ် တည်ဆောက်ခြင်းနှင့်ပတ်သက်သည့် ပဏာမလုပ်ငန်း ဖြစ်နိုင်စွမ်း (Preliminary Feasibility Study) အနေဖြင့် လမ်းအူကြောင်းသုံးနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လျာထားတိုင်းတာခဲ့ပါကြောင်း၊ လမ်းအူကြောင်း (၁) တွင် စုစုပေါင်း ၆.၇၁ ကီလိုမီတာဖြစ်သဖြင့် ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၁၂ သန်းဖြစ်ပြီး ယာဉ်မောင်းကြာချိန် လေးမိနစ်၊ လမ်းအူကြောင်းအမှတ် (၂)က စုစုပေါင်း ၈.၃၂ ကီလိုမီဖြစ်သဖြင့် ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၂၁ သန်းကုန်ကျ၍ ယာဉ်မောင်းကြာချိန် ရှစ်မိနစ်၊ လမ်း အူကြောင်း(၃) က စုစုပေါင်း ၈.၄၁ ကီလိုမီဖြစ်သဖြင့် ခန့်မှန်းကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၉၇ သန်းဖြစ်ပြီး ယာဉ်မောင်းကြာချိန် ရှစ်မိနစ်ခန့်ဖြစ်ပါကြောင်း၊ လမ်းအူကြောင်းများအနက် ကုန်ကျစရိတ်အနည်းဆုံးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်သည့် လမ်းအူကြောင်း (၃) ကို ရွေးချယ်ထားပြီး တောင်ကိုရီးယားနိုင်ငံအကူအညီ၊ ADB၊ ဂျပန်နိုင်ငံအကူအညီများဖြင့် ဆောင်ရွက်နိုင်ရန်အတွက် တင်ပြတောင်းခံထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာချေးငွေ အထောက်အပံ့များ ရရှိမည်ဆိုပါက ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးသွားလာနိုင်မည့် ဥမင်လှိုဏ်ခေါင်းအတွက် အချိန်အတိုဆုံးပြီးစီးအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
