ရန်ကုန်-စစ်တွေလမ်းမကြီးနှင့် အောက်ဘက်လမ်းဖြစ်သည့် မင်းပြား-မြေပုံလမ်း လမ်းနှစ်လမ်းကို ကန့်လန့်ဖြတ်ဆက်သွယ်ထားသော အနီရောင်မျဉ်းက မြေပုံ-ကံသာ-ကပိုင်လမ်းဖြစ်ပါကြောင်း၊ ပြည်မကလာသည့် ခရီးသည်များနှင့် ကုန်ပစ္စည်းများသည် ရန်ကုန်-စစ်တွေကားနှင့် လိုက်လာပြီး မြေပုံဘက်ကို သွားမည်ဆိုလျှင် မင်းပြားတွင် တစ်ထောက်နားရပါကြောင်း၊ ထိုမှတစ်ဆင့် ကားများငှားပြီး ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် မြေပုံကိုပြန်ပြီး ဝင်ကြရပါကြောင်း၊ ၎င်းဖြတ်လမ်းကို အပြီးတည်ဆောက်သွားမည်ဆိုလျှင် မိုင် ၄၀ ခန့် ပိုမိုပြီးနီးသွားမည် ဖြစ်ပါကြောင်း၊ ခရီးသည်များနှင့် ကုန်ပစ္စည်းများသည်လည်းတိုက်ရိုက် မြေပုံမြို့ကိုဝင်ရောက်နိုင်မည် ဖြစ်ပါကြောင်း၊ ကပိုင်-ကံသာ ၉ မိုင် ၁ ဖာလုံရှိသည့် လမ်းမှာဆိုလျှင် အကုန်လုံးကျောက်ခင်းလမ်းဖြစ်သော်လည်း သွားလာ၍ မရသည်မှာ ပေ ၁၀၀၀ ခန့်ရှိသည့် ပြွန်ရှည်ချောင်းနှင့် ပေ ၂၀၀၀ ကျော်ကျယ်သည့် ကျောင်းငမော်မြစ်တို့ ခြားနားထားခြင်း ဖြစ်ပါကြောင်း၊ ၎င်းကို အပိုင်း(၁)၊ အပိုင်း (၂)၊ အပိုင်း(၃) လမ်းဖြတ်များ သုံးပိုင်းဖြစ်ပေါ်နေခြင်းကိုလည်း တွေ့ရှိရပါကြောင်း၊ ၎င်း အပိုင်း(၁)နှင့် အပိုင်း(၂)ကို ဆက်သွယ်မည့် တံတားတည်ဆောက်မည့်နေရာ ပေ ၁၀၀၀ နီးပါးခန့်ရှိသည့်နေရာကို ၎င်းချောင်း ပြွန်ရှည်ချောင်းဟုခေါ်ပါကြောင်း၊ ၎င်းချောင်းကို တံတားတည်ဆောက်မည်ဆိုပါက အပိုင်း(၁)နှင့် အပိုင်း(၂)က တစ်ဆက်တည်းဖြစ်သွားပြီး မင်းပြား-စစ်တွေ-ရန်ကုန် ကားလမ်းနှင့် တစ်ဖက်တစ်လမ်းကို ရောက်သွားမည် ဖြစ်ပါကြောင်း၊ ကျောင်းငမော်မြစ်က ကျယ်သည့်အတွက် အချိန်ယူတည်ဆောက် ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတံတားပြီးလျှင် တစ်ဖက်ကမ်းက ပြည်တွင်း/ပ ခရီးသွားပြည်သူများ ကုန်ပစ္စည်းများ၊ ခရီးသည်များတိုက်ရိုက် လာနိုင်သည့်အတွက် မြေပုံမြို့နယ် စီးပွားရေး၊ လူမှုရေးလည်း အဆင့်အတန်းတစ်ခုကို တိုးမြင့်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေပုံ-ကံသာ-ကပိုင်လမ်းပေါ်ရှိ မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်အတွင်း သီးခြားတည်ရှိနေသော ဖြတ်လမ်းနှစ်ခုအား ဆက်သွယ်ပေးသည့် ပြွန်ရှည်ချောင်း ချောင်းကူးတံတားကို လာမည့်ဘဏ္ဍာနှစ် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက် ပေးနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ မြေပုံ-ကသာ-ကပိုင်လမ်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင်၊ ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်ရှိ မိုင်တိုင် (၈/၂) နှင့် (၈/၄) ကြားရှိ ပြွန်ရှည်ချောင်းကို ဖြတ်သန်း၍ ပြွန်ရှည်ချောင်းတံတားအား နှစ်လမ်းသွား သံကူကွန်ကရစ်တံတား တည်ဆောက်မည်ဆိုပါက လျာထားခန်းဖွင့် ၇၀ ပေ ၂ ခန်း၊ ၁၂၀ ပေ ၅ ခန်း၊ ၇၀ ပေ ၂ ခန်း စုစုပေါင်း ၈၈၀ ပေ တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေခွဲဝေလျာထားမှုအပေါ် မူတည်ပြီး လမ်းသစ်ဖောက်လုပ်ခြင်း၊ တံတားသစ်တည်ဆောက်ခြင်းတို့ကို ဦးစားပေးအစီအစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါမြေပုံ-ကံသာ-ကပိုင်လမ်းပေါ်ရှိ ပြွန်ရှည်ချောင်းအား ၈၈၀ ပေအရှည် သံကူကွန်ကရစ် တံတားအသစ်တည်ဆောက်ရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ခြောက်လဘတ်ဂျက်တွင် ရန်ပုံငွေများ တင်ပြတောင်းခံထားရှိပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
