(က)-နိုင်ငံတော်မှ ဝန်ထမ်းများခန့်ထားရန် လျှောက်လွှာခေါ်ယူရာတွင် ရှားပါးဒေသများ၌ နေထိုင်သူများ အတွက် အသက်လျှော့ပေါ့ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၅.၁.၂၀၁၈)

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရရုံးများမှ ဝန်ထမ်းခန့်ထားရန် လျှောက်လွှာခေါ်ယူသည့် အခါ ဘွဲ့ရဖြစ်ပါက အများဆုံး အသက် ၂၇ နှစ် ဆယ်တန်းအောင်မြင်ပါက အများဆုံးအသက် ၂၅ နှစ်ရှိရ မည်ဟု လျှောက်လွှာခေါ်နေသည်ကို အများအားဖြင့် တွေ့ရှိရပါကြောင်း၊ ၎င်းအသက် ကန့်သတ်ခြင်း သည် အချို့လူငယ်များ၏ဘဝများ လွန်စွာနစ်နာခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ ဆင်းရဲနွမ်းပါးမှု အမြင့်မားဆုံးသော ပြည်နယ်ဖြစ်ပါကြောင်း၊ တစ်ရွာ နှင့် တစ်ရွာကို ခြေလျင်ခရီးဖြင့် တောင်ပေါ်တက်လိုက်၊ ဆင်းလိုက်သွားလာနေကြရပါကြောင်း၊ ရပ်ရွာတိုင်းတွင် မူလတန်းအဆင့် ကျောင်းများရှိသော်လည်း အလယ်တန်းအဆင့် ကျောင်းများကို အချို့ရွာကြီးများတွင်သာ ဖွင့်လှစ်ပေးထားပါကြောင်း၊  ကလေးများဟာ မူလတန်းပညာကို ပြီးဆုံးပြီး မိမိ၏ရွာမှ အခြားရွာများသို့ အလယ်တန်းအဆင့်ပညာကို သင်ကြားသည့်အခါ အခက်အခဲများစွာ ကြုံတွေ့ ကြရပါကြောင်း၊ အချို့လူငယ်များသည် မူလတန်း အဆင့်ပြီးဆုံးပြီး တစ်နှစ်၊ နှစ်နှစ်ခန့် ကြာမှ အလယ်တန်းအဆင့်ကို ပြန်လည်သင်ကြားသူ များလည်းရှိပါကြောင်း၊  ချင်းပြည်နယ်တွင် စီးပွားရေး ကြပ်တည်းမှု၊ လူမှုရေးအခက်အခဲ၊ ဘာသာစကားမတတ်ကျွမ်းမှုများကြောင့် ၁၀ တန်းနှစ်ချင်းပေါက် အောင်မြင်သူ နည်းပါးပါကြောင်း၊ တချို့မှ သုံးနှစ်၊ လေးနှစ်ဖြေပြီးမှ အောင်ပြီး၊ တက္ကသိုလ်တက်ရာ တွင်လည်း စီးပွားရေးကြပ်တည်းမှုကြောင့် လေးနှစ်တွင် ဘွဲ့ယူရမယ့်အစား ငါးနှစ်၊ ခြောက်နှစ်ကြာမှ ဘွဲ့ယူသူများလည်း ရှိကြပါကြောင်း။

နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် အသက် ၆၀ ပြည့်ပါက ပင်စင်ယူရပါကြောင်း၊ နောက်ကျပြီးဝင်ပါကလည်း အသက် ၆၀ ပြည့်လျှင် ပင်စင်ယူရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းလုပ်သက်များတာနှင့် နည်းတာပဲ ကွာခြားပါကြောင်း၊  ဥပမာ - အသက် ၃၀ တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် အလုပ်ဝင်ပါက အသက် ၆၀ ပြည့်သည့်အခါ ပင်စင်ယူမည်ဆိုလျှင် လုပ်သက် ၃၀ နှစ် နိုင်ငံ့ဝန်ထမ်းတာဝန် ထမ်းဆောင်ရမည် ဖြစ်ပါကြောင်း၊ ဒါကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးခန့်ထားရာတွင် အသက် ၃၀ နှစ်အထိ ကန့်သတ်မည်ဖြစ် ပါက သင့်တော်ပါမည်ဟု ယူဆမိပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းများ အလုပ်လျှောက်လွှာ ခေါ်ယူရာတွင် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ရှားပါးဒေသများတွင် နေထိုင်သော ဘွဲ့ရလူငယ်များ အတွက် အသက် ၂၇ နှစ် သတ်မှတ်ခြင်းအစား ၃၀ နှစ်အထိ လျှော့ပေါ့သတ်မှတ်ပေးပါရန် အစီအစဉ် ရှိ /မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၈ တွင် ဝန်ထမ်းအဖွဲ့အစည်းများသည် လစ်လပ်သော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးနေရာများ တွင် ပြင်ပပုဂ္ဂိုလ်အား ခန့်အပ်လို ပါက ရွေးချယ်ပေးရမည့် အရေအတွက်နှင့် သတ်မှတ်ချက်များဖော်ပြ၍ ရွေးချယ်ပေးရန်အဖွဲ့သို့ အဆို ပြုရမည်ဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားရှိထားပါကြောင်း၊ အဆိုပါ နည်းဥပဒေပြဋ္ဌာန်းချက်ပါ သတ်မှတ် ချက်များတွင် ခန့်အပ်မည့်ရာထူးအတွက် ဆီလျော်သင့်တော်မည့် ပညာအရည်အချင်းနှင့် အသက် သတ်မှတ်ချက်တို့ အကျုံးဝင်ပါရှိပါကြောင်း၊ သို့ပါ၍ လစ်လပ်ရာထူး အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းများက ကြော်ငြာခေါ်ယူစစ်ဆေးရွေးချယ်ပေးနိုင်ရန် ပြည်ထောင်စုရာထူးဝန် အဖွဲ့သို့ စတင်အဆိုပြုစဉ်ကပင် ခန့်အပ်မည့်ရာထူးအတွက် လုပ်ငန်းသဘော သဘာဝများအပေါ်မှု တည်၍ ပညာအရည်အချင်းနှင့် အသက်သတ်မှတ်ချက်အပါအဝင် အခြားသော သတ်မှတ်ချက်များကို ထည့်သွင်းဖော်ပြ၍ အဆိုပြုလာခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများရွေးချယ်ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၇၊ နည်းဥပဒေ ၈ နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ (က)တို့အရ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူးနေရာ လစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်အား ခန့်အပ်လို ကြောင်း အဆိုပြုလာပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေများ၊ နည်းဥပဒေ ၉ မှ နည်းဥပဒေ ၁၈ အထိ  ပြဋ္ဌာန်းချက်များနှင့်အညီ ကြော်ငြာခေါ်ယူပေးခြင်း၊ ရေးဖြေစာမေးပွဲကျင်းပစစ်ဆေးခြင်း၊ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများ အဆင့်ဆင့်ဆောင်ရွက်ပြီးနောက် အဆိုပြု သည့် အရေအတွက်အတိုင်း ရွေးချယ်ပေးခြင်းလုပ်ငန်း တာဝန်ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အမှုထမ်းအဆင့်ရာထူးများခန့်ထားခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၊ တိုင်းဒေသ ကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များက ၎င်းတို့၏ စီမံခန့်ခွဲမှုနည်းလမ်းများအရ ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တရားမျှတ မှန်ကန်မှုရှိစေရန် လိုက်နာကျင်းသုံးရမည့် လုပ်ထုံး လုပ်နည်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ(ခ) နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅ မှ နည်းဥပဒေ ၂၂ တို့တွင် တိတိကျကျ ပြဋ္ဌာန်းထားရှိပြီး အဆိုပါပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက လိုက်နာကျင့်သုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းတစ်ဦးကို ဖွဲ့စည်းပုံပါရာထူးတစ်ခု၌ အတည်ပြုခန့်ထားရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄ နည်းဥပဒေခွဲ(ဃ)အရ ဝန်ထမ်းသည် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်ရမည်ဟု ဝန်ထမ်းအဖြစ် စတင်ခန့်ထားနိုင်သည့်အသက်ကို သတ်မှတ်ပြဋ္ဌာန်းထား သော်လည်း အခြားအသက်ကန့်သတ်ချက်များကို သတ်မှတ်ပြဋ္ဌာန်းခြင်းမရှိပါ၊

နိုင်ငံ့ဝန်ထမ်းများအား ခေါ်ယူခန့်ထားရာတွင် အသက်ကန့်သတ်ချက်ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ က သတ်မှတ်ပေးခြင်းမရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့်ရာထူးနေရာများကို ပြင်ပပုဂ္ဂိုလ်များအား ခန့်အပ်လို၍ သတ်မှတ်ချက်များနှင့်အညီ အဆိုပြုလာသည့်အပေါ် ကြော်ငြာခေါ်ယူ၍ စစ်ဆေးရွေး ချယ်ပေးခြင်းကိုသာ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းတို့၏ လုပ်ငန်းလိုအပ်ချက်နှင့် လုပ်ငန်းသဘောသဘာဝများမှာ တူညီမှုမရှိခြင်းတို့ကြောင့်  စတင်ခန့်ရာထူး အတွက် အသက်ကန့်သတ်မှုကို တစ်ပြေးညီသတ်မှတ်မည်ဆိုပါက မျိုးဆက်သစ်အရာထမ်းငယ်များ မွေးမြူပျိုးထောင်သည့်စနစ်ကို မဖော်ဆောင်နိုင်သည့်အနေအထား များလည်းဖြစ်ပေါ်လာနိုင်သည့် အတွက် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအားလုံးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သတ်မှတ်ခြင်းထက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအလိုက်  လက်ရှိအခြေအနေကို သုံးသပ်ပြီး သတ်မှတ်ခြင်းသည် အသင့်လျော်ဆုံးဖြစ်ပါသဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ထမ်းများ ခန့်ထားရန် လျှောက်လွှာခေါ်ယူရာတွင် ရှားပါးဒေသများတွင် နေထိုင်သူများအတွက် အသက်လျှော့ပေါ့ သတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။