(စ)-မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စုရှိ လျှပ်စစ်မီးမရရှိသေးသော နောင်လွန်း၊ နောင်လေ၊ မိုက်ပုတ်၊ ဆန်ကွယ်နောင်ချို ကျေးရွာ ၄ ရွာအား ၃၃ ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၆.၁.၂၀၁၈)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန် မြို့နယ်အတွင်း လင်းခေး-မိုင်းပန်လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများနှင့်မြို့များသို့ ၂၀၁၄ ခုနှစ် မှစပြီး လင်းခေးမြို့ဓာတ်အားလိုင်းမှ ၃၃ ကေဗွီဓာတ်အား လိုင်း ဖြင့်ဆွဲယူ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး သုံးစွဲလျက်ရှိပါကြောင်း၊ ယခု မိုင်းပန်-တာဆန်း-မိုင်းတုံ ၃၃ ကေဗွီဓာတ်အားလိုင်း သွယ်တန်းနေပြီဖြစ်၍ မိုင်းပန်-တာဆန်း-မိုင်းတုံ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ ကျေးရွာများပါ လျှပ်စစ်မီးသွယ်တန်းရရှိတော့မည်ဖြစ်ပါကြောင်း၊ အစိုးရသစ်ကာလ တွင် ကျေးလက်ဒေသများပါမကျန် လျှပ်စစ်မီးရရှိရေးအတွက် နှစ်အလိုက်စီမံချက်ချမှတ်ပြီး ဆောင် ရွက်နေသည့်အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသည့် မြို့နယ် များကို ဦးစားပေး ဆောင်ရွက်ပေးသင့်သည်ဟု တင်ပြလိုပါကြောင်း၊ မိုင်းပန်မြို့နယ်သည် အကျယ် အဝန်းဧရိယာ ၉၅၀ စတုရန်းမိုင်ကျယ်ဝန်းပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားစိုက်ပျိုး လုပ်ကိုင် ကြပါကြောင်း၊ အများအားဖြင့်ဒေသခံတိုင်းရင်းသားများ နေထိုင်ကြပြီး လူနေမှုအဆင့်အတန်း နိမ့်ကျ လျက် ရှိပါကြောင်း၊ ပြည်သူများ၏လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရေးအတွက် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိမှ အခြားစက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်လာနိုင်မည်ဖြစ်ပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက် လာ မည်ဖြစ်ကြောင်း၊ နောင်လွန်း၊ နောင်လေ၊ မိုက်ပုတ်၊ ဆန်ကွယ်နောင်ချိုကျေးရွာများသည် မိုင်းပန်မြို့မှ ၃၆ မိုင်ဝေးကွာပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများ ဖြစ်ပါကြောင်း၊ အိမ်ထောင်စု ၁၉၀၀ ကျော်နှင့် လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်သည့် ကျေးရွာများဖြစ်ပြီး တိုင်းရင်းသား အများစုနေထိုင်ကြပါကြောင်း၊ ပေ ၄၀၀၀ ကျော်မြင့်မားသည့် တောင်ကုန်း၊ တောင်တန်းများကြားတွင် တည်ရှိသည့်ကျေးရွာများဖြစ်ပြီး ဆန်စပါးသီးနှံများ စိုက်ပျိုးနိုင်သော်လည်း  ထွက်ရှိသီးနှံများကို ရောင်းချ နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ သယ်ယူစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် စားဝတ် နေရေးခက်ခဲပြီး ယခင်က ဘိန်းစိုက်ပျိုးခဲ့သည့်ဒေသများဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွား ဘဝအစစအရာရာနိမ့်ကျနေသောဒေသ ဖြစ်ပါကြောင်း၊ ယခုဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှ ကျောက်ချောလမ်းစတင်ဖောက်လုပ်ပေးနေပြီ ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးရရှိခဲ့ပါ က ဘိန်းအစားထိုးသီးနှံများအောင်မြင်အောင်စိုက်ပျိုးနိုင်ပြီး ကုန်ချောများလည်း ထုတ်လုပ်နိုင်၍ စက်မှုလက်မှုလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါကြောင်း၊ ၎င်းဒေသသည် လျှပ်စစ်မီးအမှန်တကယ် ဦးစားပေးလိုအပ်နေသည့်ဒေသဖြစ်ပါကြောင်း၊ မိုင်းပန်မြို့တွင် 33 KV, 5 MVA ထရန်စဖော်မာရှိပြီး ၎င်းမှ ၃၃ ကေဗွီအေဓာတ်အားလိုင်း နှင့် နားမွန်ကျေးရွာအုပ်စု နောင်လွန်း၊ နောင်လေအထိလည်းကောင်း၊ ၎င်းမှ မိုက်ပုတ်ကျေးရွာ၊ ဆန်ကွယ်နောင်ချိုသို့ 11 KVA, 5 MVA ထရန်စဖော်မာဖြင့်လည်းကောင်း ဓာတ်အားဖြန့်ဖြူးပေးပါက ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စုရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများဖြစ်သည့် နောင်လွန်း၊ နောင်လေ၊ မိုက်ပုတ်၊ ဆန်ကွယ်နောင်ချိုကျေးရွာ လေးရွာအား လျှပ်စစ်ဓာတ်အားလိုင်းမှ ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် သွယ်ယူဖြန့်ဖြူးပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ နှင့် အစီစဉ်မရှိပါက မည်သည့် အတွက်ကြောင့် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

ဖြေကြားသူ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စုရှိ  ကျေးရွာလေးရွာ လျှပ်စစ်ဓာတ်အားရရှိနိုင်ရန် အတွက် မိုင်းပန် မှ နောင်လေသို့ 33 KV ဓာတ်အားလိုင်း ၃၃ မိုင်တည်ဆောက်ခြင်းနှင့် နောင်လေကျေးရွာမှာ 33/11 KV, 5 MVA ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက်ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးသည့်အခါ ဓာတ်အားခွဲရုံမှတစ်ဆင့် နောင်လွန်းကျေးရွာသို့ 11 KV ဓာတ်အားလိုင်း ကိုးမိုင်၊ ၅၀ ကေဗွီအေထရန်စဖော်မာတစ်လုံး၊ နောင်လေကျေးရွာသို့ 11 KV တစ်မိုင်၊ ၁၀၀ ကေဗွီ အေထရန်စဖော်မာတစ်လုံး၊ မိုက်ပုတ်ကျေးရွာသို့ 11 KV ဓာတ်အားလိုင်း ၁၂ မိုင်၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှစ်လုံး၊ ဆန်ကွယ်နောင်ချိုကျေးရွာသို့ 11 KV နှစ်မိုင်၊ ၂၀၀ ကေဗွီအေထရန် စဖော်မာတစ်လုံး တည်ဆောက်သွားပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိုင်းပန်မှ နောင်လေသို့ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၃၃ မိုင်တည်ဆောက်ခြင်းနှင့် နောင်လေကျေးရွာအတွက် 33 KV, 5 MVA ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းအတွက်ကို ဝန်ကြီးဌာနမှ ဆောင်ရွက်မည့် ငါးနှစ်စီမံကိန်း ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နောင်လေဓာတ်အားခွဲရုံတည်ဆောက်ပြီးပါက ကျေးရွာလေးရွာသို့ ဆက်လက်ဓာတ်အား ဖြန့်ဖြူးဖို့လိုအပ်သည့် 11 KV ဓာတ်အားလိုင်းများနှင့် ၁၁/ဝ.၄ ထရန်စဖော်မာတပ်ဆင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေနှင့်ဆောင်ရွက်နိုင်ရေးကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အသီးသီးမှ မိမိတို့၏မဲဆန္ဒနယ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကလျှပ်စစ်ဓာတ်အားလိုအပ်ချက် ရရှိရန်တင်ပြသည့်ကိစ္စရပ်များကို မိမိတို့ ဝန်ကြီး ဌာနအနေဖြင့် ကြိုးစားဆောင်ရွက်ပေးလိုပါကြောင်း၊ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများသည် တစ်နိုင်ငံလုံးအနှံ့ များပြား သည့် အတွက် မိမိတို့အနေဖြင့် နှစ်စဉ်ဘဏ္ဍာငွေတင်ပြတောင်းခံသည့် အချိန်တွင် ဘဏ္ဍာငွေ တင်ပြရသည့် ပမာဏများလာခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် အသီးသီးက တင်ပြထားသည့်လိုအပ်ချက်များကို မိမိတို့ဝန်ကြီးဌာနမှ  ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှတင်ပြထားသည့် ဘတ်ဂျက်များကိုလည်း ခွင့်ပြုပေးရန် ပြန်လည်ဖြေကြားခဲ့ပါသည်။