(င)-အုတ်တွင်းမြို့နယ်၊ စစ်တောင်း မြစ်ကမ်းပါးရှိ ကျေးရွာများအား ၁၁ ကေဗွီ ဓာတ်အားပေးလိုင်း သွယ်တန်းပြီး ကမ်းပါးတစ်လျှောက်ရှိ ဒေသခံ ပြည်သူများအတွက် လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၆.၁.၂၀၁၈)

အုတ်တွင်းမြို့နယ်သည် အနောက်ဘက်တွင် ပဲခူးရိုးမတောင်တန်းကြီး အရှေ့ဘက်တွင် စစ်တောင်း မြစ် တို့ရှိပါကြောင်း၊  စစ်တောင်းမြစ်ကမ်းပါးရှိ ကျေးရွာများသည် ကမ်းပါးပြိုသည့်ဒဏ်ကို ခံရသည့် အပြင် လူနေမှုဘဝ တိုးတက်ခြင်းမရှိဘဲ နိမ့်ကျနေဆဲဖြစ်ပါကြောင်း၊ ရွာပေါင်း ၂၃၀ ကျော်ရှိသည့် အနက် ၂၀ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အားရရှိပြီး အများစုသည် ကိုယ်ထူကိုယ်ထ မီးလင်းရေး အတွက် အိမ်ထောင်စုတစ်စုကို ၈ သိန်းမှ ၁၀ သိန်းခန့် အထိ ကုန်ကျသည့်အတွက် အများစုသည် ၎င်းငွေကို မတတ်နိုင်သည့်အတွက် စစ်တောင်းမြစ်ကမ်းနားတစ်လျှောက်ရှိ ကျေးရွာများတွင် မီးမရရှိ သေးပါကြောင်း၊ အုတ်တွင်းမြို့နယ်အတွင်း စစ်တောင်း မြစ်ကမ်းနံဘေးတွင် ကျေးရွာပေါင်း ၃၁ ရွာရှိပြီး နိုင်ငံတော်၏အကူအညီ အထောက်အပံ့ဖြင့်‌ မီးလင်းသည့် ကျေးရွာနှစ်ရွာနှင့် ကိုယ်ထူကိုယ်ထ စနစ် ဖြင့် မီးလင်းသည့်ကျေးရွာနှစ်ရွာရှိပြီး ကျန်ကျေးရွာများမှ ယခုနေ့အချိန်အထိ လျှပ်စစ်ဓာတ်အား လုံးဝ မရရှိသေးပါကြောင်း၊  NEP စီမံကိန်းအရ မူလဓာတ်အားပေးလိုင်း နှစ်မိုင်အတွင်းရှိကျေးရွာများကို ပထမဦးစားပေးအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးကိုဆောင်ရွက်သည့်နေရာတွင် စစ်တောင်းမြစ် ကမ်းပါးရှိ ကျေးရွာများထဲမှ ကျေးရွာ သုံးရွာသာ ပါရှိပါကြောင်း၊ ထို့အပြင် ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် အကောင်အထည်ဖော်ပေးမည့် NEP စီမံကိန်းတွင် ယခုအချိန်အထိ ပီပြင်စွာ အကောင်အထည်ဖော် နိုင်ခြင်းမရှိသေးသည့်အပြင် မူလ ဓာတ်အားပေးလိုင်းမှ နှစ်မိုင်အတွင်းကျေးရွာများမီးလင်းရေး အတွက် အနည်းဆုံး နှစ်နှစ်ခန့် ကြာမည်ဖြစ်ပါကြောင်း၊ ဒုတိယဦးစားပေးဖြစ်သည့် မူလဓာတ်အားပေးလိုင်းမှ ၅ မိုင်အတွင်းပါဝင်သည့် ကျေးရွာအချို့တွင် အလှူရှင်များ၏စေတနာ၊ ကူညီပေးမှုကြောင်‌့ ကိုယ်ထူ ကိုယ်ထ မီးလင်းရေးကို လုပ်ဆောင်ချင်သော်လည်း ထရန်စဖော်မာ တပ်ဆင်ခွင့်ကိုမရရှိသည့်အတွက် လျှပ်စစ်မီးရရှိရေးအတွက် အခက်အခဲဖြစ်နေကြပါကြောင်း၊ ထို့အတူ စစ်တောင်းမြစ်ကမ်းပါးရှိ ကျေးရွာ အများစုတွင် NEP စီမံကိန်း ၅ မိုင်အတွင်း ရှိနေသောကြောင်‌့ လျှပ်စစ်ဓာတ်အားရရှိရေးမှာ အလှမ်းကွာဝေးနေပါသည့်အတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် လျှပ်စစ်မီးသွယ်တန်းပေးမည်ဆိုပါက အဆင်ပြေနိုင်မည်ဖြစ်ပါသောကြောင့် အုတ်တွင်းမြို့နယ်၊ စစ်တောင်းမြစ်ကမ်းပါးရှိ ကျေးရွာများအား ၁၁ ကေဗွီ ဓာတ်အားပေးလိုင်း သွယ်တန်းပြီး ကမ်းပါးတစ်လျှောက်ရှိ ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း၍ သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။


ဖြေကြားသူ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အုတ်တွင်းမြို့နယ်၊ စစ်တောင်းမြစ်ကမ်းပါးနံဘေး ထန်းတပင်မြစ်ကူးတံတားအနီးရှိ ကျွဲပွဲနယ်နိမိတ်မှ မငြိမ်းစုကျေးရွာအထိ ကျေးရွာပေါင်း ၃၀ ရှိသည့်အနက် ၄ ရွာသည် ဓာတ်အားစနစ်မှ မီးရရှိထား သည့်ရွာဖြစ်ပါကြောင်း၊ အောင်းကြီးကျေးရွာ၊ လေးအိမ်စုကျေးရွာနှစ်ရွာသည် အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်း၏ ပထမအဆင့်တွင်ပါဝင်ပြီး ဇီးဖြူခင်(အထက်)၊ ဇီးဖြူခင်(အလယ်)၊ ဇီးဖြူခင်(အောက်)၊ ဒိုးပင်သောင်၊ သံဒိုင်ခင်၊ မအူပင်၊ ကျောင်းစု၊ ပဲကြီးခုံ၊ တင်းကုပ်တန်း၊ ဇီးဖြူသောင်(ထက်)၊ ဇီးဖြူသောင်၊ သရက်အုပ်၊ စပါးကျီ၊ ဗျက်ကလေး၊ မြို့စိုး၊ ရေကျော်၊ ရေအိုးစဉ်၊ သရက်တောနှင့် မငြိမ်းစုကျေးရွာ ၁၉ ရွာသည် NEP စီမံကိန်း၏ ဒုတိယအဆင့်လျာထားတွင် ပါဝင်ပါ ကြောင်း၊ အောင်သာကျေးရွာ၊ ကံသာကျေးရွာ၊ သောင်တန်းကျေးရွာ၊ သောင်ပုကျေးရွာ၊ ကြက်လည် ဆစ်ကျေးရွာ၊ ချောင်းကျိုးကျေးရွာ စသည့် ကျေးရွာ ၆ ရွာသည် ဓာတ်အား ချိတ်ဆက်ရ ယူနိုင်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၅ မိုင်ကျော် ကွာဝေးနေသည့်အတွက် NEP စီမံကိန်း၏ ပထမအဆင့်နှင့် ဒုတိယအဆင့်စီမံကိန်းတွင် လတ်တလော ပါဝင်သေးခြင်းမရှိခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် အဆိုပါ ကျေးရွာ ၆ ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက်  NEP စီမံကိန်း၏ ဒုတိယအဆင့်တွင်ပါဝင်သည့် ဇီးဖြူသောင်ကျေးရွာနှင့်‌ သရက်တောကျေးရွာများမှ ဓာတ်အားချိတ်ဆက် ရယူနိုင်ရန်အတွက် ဒုတိယ အဆင့် ကျေးရွာများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးသည့် နောက်ပိုင်း ဆက်လက် ဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ အချို့ကျေးရွာများသည် လမ်းပန်းဆက်သွယ်မှု အခက်အခဲအရ ကွန်ကရစ်ဓာတ်တိုင်များ၊ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ သယ်ယူပို့ဆောင်နိုင်ရန် အဆင်ပြေမှု မရှိသေးသည့်အတွက်ကြောင်‌့ လတ်တလောဆောင် ရွက်ပေးနိုင်သေးခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။