၂၀၁၀ ခုနှစ်၊ ပြီးခဲ့သည့်အစိုးရ လက်ထက်တွင် Under Lock မီတာစနစ်မှ Digital မီတာစနစ်ကို ပြောင်းလဲရန် လုပ်ဆောင်ခဲ့ပါကြောင်း၊ ၎င်းအတွက် လိုအပ်သည့် မီတာများကိုဝယ်ယူရန် တင်ဒါခေါ်ခဲ့ပါကြောင်း၊ ပြည်သူများသည် ဒီဂျစ်တယ်မီတာများ ပြောင်းလဲတပ်ဆင်ရာတွင် Ever တံဆိပ်မီတာများကို ဝယ်ယူတပ်ဆင်ရမည်ဟု သိရှိလာပြီး လျှပ်စစ်ဌာန၏ ထောက်ခံမှုအပြည့်အဝ ရထားသည့် မီတာဖြစ်ကြောင်း သိရှိရပါသည်။ Ever တံဆိပ်မီတာများကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ကိုရီးယားနည်းပညာအသုံးပြုပြီး ထုတ်လုပ်ထားသည်ဟု ဆိုပါကြောင်း၊ (OMR) Offect Meter Rating စနစ်ဖြစ်ပြီး One Year Guarantee ပေးထားပါကြောင်း၊
မြန်မာနိုင်ငံတွင် Under Lock Meter ၂၄၅၀၀၀၀ ကျော်ရှိပါကြောင်း၊ ထို Under Lock မီတာများကို Digital မီတာပြောင်းလဲရန်အတွက် Ever တံဆိပ် Digital မီတာအလုံးရေ ၅၀၀၀၀၀၀ ကို ကုမ္ပဏီမှ ၂၀၁၇ ခုနှစ်အထိ ရောင်းချခွင့်ရထားပါကြောင်း၊ ပထမဆုံး Digital မီတာကို ၂၀၁၂ ခုနှစ်တွင် နေပြည်တော် (လယ်ဝေး) တွင် တပ်ဆင်ခဲ့ပါကြောင်း၊ ပြည်တွင်းတွင် Digital Meter တစ်လုံးလျှင် ၆၅၀၀၀ ဖြင့် ဇယားတွင် ဖော်ပြထားပြီး ရောင်းချပေးနေပါကြောင်း၊ မိမိတို့ မီတာပုံးခွံ၊ အာမခံကြေး၊ စဘော်ခ၊ ကြိုးသွယ်ခ၊ မီတာခ၊ ကြီးကြပ်ခ၊ မှတ်ပုံတင်ခပေါင်းလိုက်လျှင် ၉၀၀၀၀ ရှိပါကြောင်း၊ မီတာကြေးက သတ်မှတ်ကြေးအနေဖြင့် ၆၅၀၀၀ သတ်မှတ်ထားပါကြောင်း၊ မိမိတို့ NLD အစိုးရလက်ထက် တာဝန်ယူပြီး ၁၆-၁၀-၂၀၁၇ ခုနှစ်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက မီတာဝယ်ယူရေး တင်ဒါကိုခေါ်ယူခဲ့ပါကြောင်း၊ မည်သည့်ကုမ္ပဏီမှ မည်သည့်ဈေးဖြင့် တင်ဒါ အောင်မြင်သွားသည်ဆိုတာ မသိသေးပါကြောင်း၊ တင်ဒါရွေးချယ်ရာတွင် အရည်အသွေးမီပြီး ဈေးနှုန်းသက်သာ မှန်ကန်သည့်မီတာများကို ပြည်သူများသုံးစွဲနိုင်ရန် တာဝန်ရှိသူများမှ စေတနာထား လုပ်ဆောင်မည်ဟု မျှော်လင့်ပါကြောင်း၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် Prepaid Digital မီတာတစ်လုံးကို ၄၅၀၀၀ နှုန်းဖြင့်ဝယ်၍ရပါကြောင်း၊ မီတာကြေးကို ရုံးတွင်သွားသွင်းစရာမလိုဘဲ ဖုန်းငွေဖြည့်သကဲ့သို့ ၎င်းထဲတွင်ပါဝင်သည့် နံပါတ်များကို ဖုန်းငွေဖြည့်သကဲ့သို့ ကတ်ပြားမှနံပါတ်များ ရိုက်ထည့်ပြီးမှ ထည့်လိုက်လျှင် ရသွားပါကြောင်း၊ မီတာကြေးကောက်မည့် ဝန်ထမ်းများ တစ်ဦးတစ်ယောက်မှ မလိုပါကြောင်း၊ ၎င်းနည်းစနစ်နှင့် မီတာဘောက်စ်များသည် ၄၅၀၀၀ ဝန်းကျင်လောက်ခန့်ရှိပြီး မိမိတို့နိုင်ငံတွင် သုံးနေသည့် Ever မီတာလို Digital KWHR တစ်ခုတည်း ဖတ်နိုင်ပြီး နိုင်ငံတကာစံနှုန်းနှင့်လည်း ကိုက်ညီမှုအားနည်းသည့် မီတာများကို ဈေးနှုန်းကြီးမြင့်စွာ မြန်မာနိုင်ငံမှ ပြည်သူများ သုံးစွဲနေရသည်မှာ တာဝန်ရှိသူများ ပြန်လည်သုံးသပ်သင့်ပါကြောင်း၊
နိုင်ငံတကာတွင် လက်ခံအသုံးပြုနေသည့် အရည်အသွေး စစ်ဆေးရေးလက်မှတ် ရရှိထားသည့် အိမ်သုံးဒီဂျစ်တယ် မီတာများသည် ဈေးနှုန်းကြီးမြင့်မှုမရှိပါကြောင်း၊ အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာဝန်းကျင်ခန့်သာ ရှိမည်ဟုသိရပါကြောင်း၊ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်သည့် အဆင့်မီဒီဂျစ်တယ်မီတာများကို ဝယ်ယူရရှိနိုင်ရန် သက်ဆိုင်ရာဌာနမှ စီမံဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံအတွင်း ဖြန့်ဝေအသုံးပြုနေသော အိမ်သုံးလျှပ်စစ်ဒီဂျစ်တယ် မီတာများကို ဈေးနှုန်းစိစစ်လျှော့ချပြီး ရောင်းချပေးရန် ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် Under Lock မီတာများကို Digital မီတာများနှင့် ပြောင်းလဲတပ်ဆင်သည့် အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးတင်ပြသွားသည့် မီတာအမျိုးအစားဖြင့် တပ်ဆင်ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊ အဆိုပါမီတာများကို တပ်ဆင်သည့် အချိန်တွင် သတ်မှတ်ကောက်ခံသည့် နှုန်းထားများသည် ၆၅၀၀၀၊ မီတာပုံးခွံ တပ်ဆင်ရသည့် ကုန်ကျစရိတ် ၁၅၀၀၀၊ အခြားကုန်ကျစရိတ် ၁၀၀၀၀၊ အာမခံစဘော်ငွေ ၄၀၀၀၊ ကြိုးသွယ်ခ ၂၀၀၀၊ မီးဆက်ခ ၂၀၀၀၊ ကြီးကြပ်ခ ၁၀၀၀၊ မီတာလျှောက်လွှာ မှတ်ပုံတင်ကြေး ၁၀၀၀ စုစုပေါင်း ၉၀၀၀၀ ကျပ် ပေးသွင်းနေရခြင်း ဖြစ်ပါကြောင်း၊
ယခုအခါ ကျေးရွာ၊ မြို့ငယ်နှင့်မြို့ကြီးများတွင် လျှပ်စစ်အသုံးပြုသည့် ပမာဏအလိုက် လိုအပ်သည့် Digital အိမ်သုံးမီတာ သုံးမျိုးသုံးစားခွဲခြား၍ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ပွင့်လင်းမြင်သာမှုနှင့် မျှတသည့် ယှဉ်ပြိုင်မှုများ ဖြစ်စေရန်အတွက် တင်ဒါခေါ်ဆို ဆောင်ရွက်ခဲ့ခြင်းကိုလည်း လွှတ်တော် ကိုယ်စားလှယ်ကြီး၏ တင်ပြခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ဈေးပြိုင်စနစ်ဖြင့် ပေးသွင်းလာသည့် မီတာများအနက် နည်းပညာနှင့်အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းပိုမို သက်သာသည့် မီတာများဝယ်ယူရရှိရေးကို စီစဉ်ဆောင်ရွက်လျက် ရှိခြင်းဖြစ်သည့်အတွက်ကြောင့် ၂၀၁၈ ခုနှစ် ဧပြီလ ပစ္စည်းများရောက်ရှိမည် ဖြစ်သည့်အတွက်ကြောင့် လာမည့်ဘဏ္ဍာရေးနှစ်ကစပြီး မီတာအမျိုးအစား သုံးမျိုးအလိုက် အိမ်သုံးမီတာများ၏ ဈေးနှုန်းများကို စိစစ်လျှော့ချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တင်ဒါရွေးချယ်စိစစ်ပြီးသည့် အချိန်တွင် Junction River Trading ကုမ္ပဏီဖြစ်ပြီး ဒုတိယကုမ္ပဏီက Alpha Power Engineering Co.Ltd ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
