(ဂ)-နမ္မတူမြို့နယ်ရှိ နမ္မတူရပ်ကွက်ကို သတ္တုတွင်းနယ်မြေဟု အငြင်းပွားမှုများ ရှိနေပါသဖြင့် မြေပုံနှင့် တိကျသောပြန်တမ်း အမိန့်ကြေညာစာအပါအဝင် ပိုင်ဆိုင်မှုအထောက်အထားများရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၅.၁.၂၀၁၈)

၁၀-၇-၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၉၀၇ ခုနှစ်၊ မြို့ပြအက်ဥပဒေ ပုဒ်မ ၄ အရ ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာတွင် နမ္မတူမြို့ကို နမ္မတူရပ်ကွက်၊ ပန်ဟိုက် ရပ်ကွက်ဆိုပြီး သတ်မှတ်ထားပါကြောင်း၊ ၁၅-၁၀-၁၉၈၄ ခုနှစ်  ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဌာန၏ အမိန့်ကြေညာစာတွင် ၎င်းရပ်ကွက်၂ခုလုံးသည် နမ္မတူမြို့ စည်ပင်သာယာရေး နယ်နိမိတ်  အတွင်း ပါဝင်သည့် ရပ်ကွက်များဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊ နမ္မတူရပ်ကွက်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းနှင့်တွင်းထွက်သတ္တုတူးဖော်ရေးလုပ်ငန်း မှ သတ္တုတွင်းပိုင်မြေအဖြစ် သတ်မှတ် ပြောဆိုသည့်အတွက် မြေပြင်အငြင်းပွားမှုများရှိနေပါကြောင်း၊ အဆိုပါအငြင်းပွားမှုရှိနေသည့်ရပ်ကွက်တွင် မြေလွတ်၊ မြေလပ်များရှိနေခြင်း၊ ဌာနမှပိုင်ဆိုင်သည့် ဝန်ထမ်းအိမ်ရာများတွင်  တခြားဌာနမှဝန်ထမ်းများ ငှားရမ်းနေထိုင်ခြင်း၊ လူမနေသည့် အတွက် ချုံနွယ် ပိတ်ပေါင်းများနှင့် ယိုယွင်းစပြုနေသည့် အရာထမ်းအိမ်ရာများလည်း မြောက်မြားစွာရှိနေပါကြောင်း၊  အဆိုပါရပ်ကွက်တွင် ကာလကြာရှည်စွာ နေထိုင်ကြသည့် သတ္တုတွင်းဝန်ထမ်းဟောင်းများနှင့် ဌာန ဆိုင်ရာမှ အငြိမ်းစားဝန်ထမ်းများကို ကျူးကျော်အဖြစ် သတ်မှတ်လျက်ရှိနေခြင်း၊ နမ္မတူမြို့နယ်အတွင်း ရုံးအပိုင်မရှိသေးသောဌာနများအတွက် နိုင်ငံတော်မှ ဘတ်ဂျက်များချမှတ်ပေးပြီးသော်လည်း သတ္တု တွင်းဌာနမှ ၎င်းတို့ပိုင်မြေဖြစ်သည်ဟုဆိုပြီး ကန့်ကွက်နေသည့်အတွက်ကြောင့် ရုံးများဆောက်လုပ်ရန် အတွက် အခက်အခဲများရှိနေခြင်း၊ ယခုလို အငြင်းပွားမှုများရှိနေသည့်အတွက်ကြောင့် နမ္မတူ သတ္တုတွင်း ကို မြေပြင်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး မေးမြန်းသည့်အခါ သတ္တုတွင်းဌာနမှ ရေးဆွဲထား သော မြေပုံများသာရှိပြီး နိုင်ငံတော်မှ ချမှတ်ပေးသော လားရာများ၊ နယ်နိမိတ်သတ်မှတ်ချက်များ တိကျစွာပါဝင်သည့် ပြန်တမ်းများမရှိတော့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် နမ္မတူမြို့နယ် လယ်ယာ မြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနများတွင် သတ္တုတွင်း ပိုင်ဆိုင်သည့်မြေနှင့်ပတ်သက်၍ မည်သည့် ထောက်ထားမှာမရှိသလို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများတွင်လည်း မည်သည့်မှတ်တမ်း မှတ်ရာများမှ မရှိတော့သည်ကိုလည်း တွေ့ရပါကြောင်း၊  ဌာန၏လုပ်ငန်းစဉ်တွင် သတ္တုတွင်းလုပ်ကွက် များ တည်ရှိရာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည်ဟု ပါရှိထားပါကြောင်း၊ သို့သော်ဌာနနှင့် ဝင်းမြင့်မိုရ်စက်မှုကုမ္ပဏီ လီမိတက်တို့၏ သဘောတူစာချုပ်ချုပ်ဆိုထားသည့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် လုပ်ကိုင်သည့် လုပ်ငန်းများသည် နမ္မတူမြို့၏ မြို့ပြနှင့်တူနေသည့်အခုအခြေအနေကို ကြည့်ခြင်း အားဖြင့် လုပ်ငန်း၏တိုးတက်မှုကို ခန့်မှန်းနိုင်မည်ဖြစ်ပါကြောင်း၊  ဌာန၏မူဝါဒမှာ ဓာတ်သတ္တု၊ သယံဇာတများ ထုတ်လုပ်မှုကြောင့် ရေမြေသဘာဝနှင့် ပတ်ဝန်းကျင်ထိခိုက် ယိုယွင်းပျက်စီးမှု အနည်းဆုံးဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ပျက်စီးသွားသည်များကို ပြန်လည်ထူထောင်ရေး ဦးစားပေးဆောင်ရွက်ရန် နှင့် သတ္တုတွင်းလုပ်ငန်းများ လုပ်ကွက်ပိတ်သိမ်းပါက အများပြည်သူ ပြန်လည်အသုံးပြုနေထိုင်သည့် ပတ်ဝန်းကျင်အဖြစ် ပြန်လည်ထူထောင်ရေးတို့ပါရှိထားပါကြောင်း၊ နမ္မတူမြို့တွင် ဌာန၏ မူဝါဒ လုပ်ငန်းစဉ်များနှင့် ကွဲလွဲစွာဆောင်ရွက်နေသည့်အတွက်ကြောင့် ၎င်းမြေများကို ဌာနမှ စွန့်လွှတ်ရန် လိုအပ်နေပါကြောင်း ထို့ကြောင့် ၎င်းဌာနမှနေပြီး မြေအကျယ် အဝန်း၊ ဧရိယာဧက၊ အတိအကျပါရှိသော တရားဝင်အသိအမှတ်ပြုထုတ်ပြန်ထားသည့် မြေပုံနှင့် တိကျသောပြန်တမ်း၊ အမိန့်ကြော်ငြာစာအပါအဝင် ပိုင်ဆိုင်မှုအထောက်အထားများရှိ/မရှိ နှင့် အထောက်အထားရှိပါက မည်သည့်အတွက်ကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြန်တမ်းပေးရန်ရှိ/မရှိ နှင့် အထောက်အထားမရှိပါကလည်း မြို့အင်္ဂါရပ်နှင့်အညီ ဝန်ထမ်းအိမ်ရာ များနှင့် မြို့မြေကွက်များအဖြစ် ဖော်ထုတ်ချမှတ်ပေး နိုင်ခြင်းရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါ သည်။


ဖြေကြားသူ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း
အဖြေ

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်တွင်ရှိသည့် နမ္မတူမြို့တွင် သတ္တုတွင်းရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက် ဆိုပြီး နှစ်ခုရှိပါကြောင်း၊ နမ္မတူ-ဘော်တွင်းသတ္တုတွင်းကို ၁၉၀၉ ခုနှစ်တွင် စတင်ပြီး ဘားမားကော်ပို ရေးရှင်းလီမိတက်ကို အင်္ဂလိပ်ပိုင်သည့်ကုမ္ပဏီအနေဖြင့် ငွေ၊ ခဲ၊ သွပ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ဘော်တွင်းသတ္တုတွင်းဟုခေါ်ပြီး ရရှိသည့်သတ္တုရိုင်းများကို နမ္မတူမြို့တွင်ရှိသည့် သတ္တုသန့်စင်ကျိုချက်စက်ရုံသို့ တင်ပို့၊ ကျိုချက်ခိုင်းလျက်ရှိပါကြောင်း၊  နမ္မတူ မြို့တွင်ရှိသည့် သတ္တုတွင်းရပ်ကွက်တွင် သတ္တုကျိုချက်စက်ရုံနှင့် စီမံခန့်ခွဲမှုရုံးများ အတွက် အိမ်ရာတည်ဆောက်ခြင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် အခြားလိုအပ်သည့်  အဆောက်အအုံများ တည်ဆောက်ခဲ့ပြီး သတ္တုသန့်စင်ကျိုချက်၊ သန့်ချွတ်ထုတ်လုပ်ခြင်းလုပ်ငန်းကို အဓိကဆောင်ရွက် ခဲ့သည့်ရပ်ကွက်တစ်ခုဖြစ်ပါကြောင်း၊ နမ္မတူ-ဘော်တွင်းသည် ၁၉၀၉ ခုနှစ်က နိုင်ငံပိုင်ဖြစ်သော် လည်း ဧရိယာသတ်မှတ်ချက်ကိုတော့ ၁၉၂၁ တွင် သတ္တုတွင်းဧရိယာ နယ်နိမိတ်မျဉ်းကြောင်းကိုဆွဲခဲ့ပါ ကြောင်း၊ အဲဒီတုန်းက ဆွဲခဲ့သည့်နေရာတွင် မြေပုံကိုအဖြောင့်ဆွဲခဲ့ပါကြောင်း၊  တစ်နည်းအားဖြင့် ၎င်း နယ်နိမိတ် ကို မျဉ်းဖြောင့်ရေးဆွဲတာကြောင့် ပုံမှန်ကြည့်မည်ဆိုပါက  သတ္တုတွင်းပိုင်ချော်ပုံ အမှတ် (၁) နှင့် အခြားသတ္တုတွင်းပိုင်မြေ၏ အဆောက်အအုံအချို့သည် ဧရိယာအပြင်ကို ရောက်ရှိနေသည်ကို တွေ့ရပါကြောင်း၊ နမ္မတူ-ဘော်တွင်းသတ္တုတွင်းဧရိယာ၏ စီမံကိန်းဧရိယာမှ နမ္မတူသတ္တုတွင်းရပ်ကွက် ဧရိယာမှ ၁၂၈၀.၈ ဧက၊ ဘော်တွင်းသတ္တုတွင်း၏ ဧရိယာမှ ၆၄၀၀ ဧက၊ ဆက်စပ်လုပ်ငန်းဧရိယာ ၁၈၀၉.၈ ဧက၊ စုစုပေါင်း ၉၄၉၀.၆ ဧက ဖြစ်ပါကြောင်း၊ ၂၀၀၉ ခုနှစ် နိုင်ငံပိုင်ကဏ္ဍမှ ပုဂ္ဂလိကကဏ္ဍကို ကုန်သွယ်မှု မူဝါဒကောင်စီ၏ (၃၂/၂၀၀၉) အစည်းအဝေးဆုံးဖြတ်ချက်အရ ၊ ၂၈-၁၁-၂၀၀၉ ရက်နေ့တွင် ကျင်းပသည့်အစိုးရအဖွဲ့၏ (၄၀/၂၀၀၉)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်နှင့် အညီ နမ္မတူ-ဘော်တွင်းသတ္တုတွင်းကို ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်သိ့ို လွှဲပြောင်းခဲ့ပြီး ၃၁-၁၂-၂၀၀၉ ရက်နေ့တွင် ခဲ၊ သွပ်သတ္တုသန့်စင်ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းစနစ်နှင့် ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်း ကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ပါကြောင်း၊  ၁၉၂၁ ခုနှစ်တွင် ရေးဆွဲခဲ့သည့် သတ္တုတွင်းဧရိယာ၏ အပြင်တွင်ရှိနေသည့် ခဲချော်ပုံ(၁)မှနေပြီး သွပ်အောက်ဆိုဒ်ထုတ်ရန်အတွက် မြန်မာအထွဋ်အထိပ်သတ္တုလုပ်ငန်း ကုမ္ပဏီလီမိတက်(Myanmar Apex Mining Co.,Ltd.)ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၄-၇-၂၀၀၁ ရက်နေ့တွင် ခွင့်ပြုမိန့်အမှတ်(၅၀၆/၂၀၀၁)ဖြင့် နမ္မတူ-ဘော်တွင်းသတ္တုတွင်းပိုင် မြေငှားရမ်း ခြင်းသဘောတူစာချုပ်ကို ၆-၇-၂၀၀၁ ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပါကြောင်း။

သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်ရှိ နမ္မတူသတ္တုတွင်းရပ်ကွက်သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ပိုင်နက်မြေဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာက တည်ဆောက်ခဲ့သည့် အဆောက်အအုံများ၊ စက်ရုံများ၊ စွန့်ပစ်ခဲချေးပုံများကို ယခုတိုင် အထင်အရှား တွေ့ရပြီး ယခင် သတ္တုတွင်းဝန်ကြီးဌာန၏ မြေအကျယ်အဝန်းဧရိယာအတိအကျပါသည့် မြေပုံ အထောက်အထားများ ရှိသော်လည်း ပြန်တမ်း၊ အမိန့်ကြော်ငြာစာများကို မတွေ့ရပါကြောင်း၊  နမ္မတူမြို့နယ်ရှိ ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်ကို ငှားရမ်းခဲ့သည့် ၁၂၈၀.၈ ဧကနှင့် မြန်မာအထွဋ်အထိပ်သတ္တုလုပ်ငန်းကုမ္ပဏီလီမိတက်ကို ငှားရမ်းထားသည့် ၅ ဧကအပါအဝင် ချော်ပုံ အမှတ်(၁)၊ ဝန်ထမ်းအိမ်ရာခြောက်လုံး၏ ဧရိယာ ၆၇ ဧကခန့်မှလွဲပြီး ကျန်မြေနေရာများတွင် လိုအပ် သည့် ဌာနဆိုင်ရာရုံး၊ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများကို သက်ဆိုင်ရာက ဖော်ထုတ်မည် ဆိုပါက မိမိတို့ဝန်ကြီးဌာနမှ ကန့်ကွက်ရန်မရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

ဒေါ်နန်းခမ်းအေး(နမ္မတူမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။ 

ပုံစံ(၁၀၅)သည် ဂရန် လျှောက်ထားရန်အတွက်ဖြစ်ပြီး ပိုင်ဆိုင်မှုမဟုတ်ပါကြောင်း၊ ပုံစံ(၁၀၅)ကို လျှောက်ရမည်ဆိုသည်မှ ယခု ၁၀ နှစ်အတွက်သာဖြစ်ပါကြောင်း၊ ဂရန်လျှောက်ရန်အတွက် နမ္မတူတွင် ၁၉၉၈ ခုနှစ်က ဌာနမှ လာပြီး ပုံစံ(၁၀၅)အတွက် လာလျှောက်သည်ဆိုသည်မှ ပိုင်ဆိုင်မှုမရှိကြောင်းကို ဌာနမှ သက်သေပြနေခြင်းဖြစ်ပါကြောင်း၊  မိမိသိလိုသည်မှာ မြန်မာ့အထွဋ်အထိပ်သတ္တု တွင်းလုပ်ငန်း သည် သတ်မှတ်မြေဧရိယာ၏အပြင်ဘက်ကို ရောက်ရှိနေသည့်အတွက်ကြောင့် ၎င်းသတ္တုတွင်း နှင့် ပတ်သက်သည့် သက်ဆိုင်သည့်ကိစ္စအဝဝကို မြို့နယ်စီမံခန့်ခွဲရေးကို မည်သည့်အချိန်တွင် လွှဲပြောင်း ပေးမည်ကို သိလိုပါကြောင်းနှင့် သတ္တုတွင်းဌာနသည် နမ္မတူမြို့၏ မူဝါဒလမ်းညွှန်ချက်များကို လွှဲမှားစွာကျင့်သုံးနေသည့်အတွက်ကြောင့် မြို့အင်္ဂါရပ်နှင့်အညီ ပြန်လည်စွန့်လွှတ်ပေးရန် ရှိ/မရှိကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား မေးမြန်းသွားပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း

MICကုမ္ပဏီဖြင့် စာချုပ်ထားတာဖြစ်ပါကြောင်း၊ ပထမဆွဲစဉ်ကတည်းက မူလအမှားအယွင်းမှ မျဉ်းဖြောင့် ဆွဲခြင်းဖြစ်ပါကြောင်း၊ မျဉ်းဖြောင့်ဆွဲခဲ့သည့်အမှားက(၁)ဖြစ်ပါကြောင်း၊  (၂) MIC နှင့် စာချုပ်ချုပ်ထားသည့်အတွက် MIC ကို တင်ပြပြီး မည်ကဲ့သို့ဖြေရှင်းမည်ဆိုသည်ကို မေးမြန်းပေးမည် ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအား ဖြေကြားခဲ့ပါသည်။